တော်လှန်ရေး မျက်လှည့်ဝိုင်း

၂၀၂၅ ဖေဖော်ဝါရီ ၁၄

    သခွတ်ပင်က မီးတကျည်ကျည် လုပ်နေကြတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဟိုကြားခဲညှပ်သလို နေမထိထိုင်မသာ ဖြစ်နေကြသည်။ အကြောင်းမူကား တော်လှန်ရေး ရန်ပုံငွေတွေ ခိုးတယ်၊ ဝှက်တယ်ဆိုပြီး တီးတိုးဝေဖန်ရာမှ အသံက ကျယ်လောင်လာတာဖြစ်သည်။ တချို့ကလည်း တော်လှန်ရေး ခေါင်းဆောင်ကြီးတွေကို သူခိုးတွေလို့ ဝေဖန်ကြသလို၊ တချို့ကလည်း မခိုးဘူးဆိုရင် စာရင်းတွေ စစ်မယ်ဆိုတာ ဖြစ်လာကြသည်။ တော်လှန်ရေးဆိုတာကြီးကလည်း ၂၀၂၁ ခုနှစ် လောက်ကတည်းက အလှူခံပြီး စလာလိုက်တာ လေးနှစ်ကျော်သည်အထိ ဂေါပက အလှူခံဖလားကြီးက တဝင်းဝင်း ရွာဘုရားကြီးတည်ဖို့ မြို့က အုတ်တောင် မရောက်သေးဆိုသလို ဖြစ်နေတာကြောင့် တော်လှန်ရေး ဘက်တော်သားတွေဆီက အသံတွေ ထွက်လာကြသည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေကလည်း နွေဦးကာလ ဖုန်ထကတည်းက ထဘီတွေရောင်း၊ ရင်ဖုံးတွေ ရောင်း၊ ထီးတွေ ထုတ်ရောင်း၊ ပန်းချီကားတွေရောင်း၊ နောက်ပြီး ဘွန်းဆိုတဲ့ စာရွက်တွေ ထုတ်ရောင်း၊ မြန်မာပြည်က မြေကွက်တွေကို ကွန်ဒိုဆောက်ပေးမယ်ဆိုပြီး ထုတ်ရောင်း၊ ရောင်းလို့ရတာ ရောင်း၊ ရောင်းလို့မရရင် ပရောဂျက်ဆွဲပြီး အလှူခံကာ ခံလိုက် တော်လှန်လိုက်၊ တော်လှန်လိုက် ခံလိုက်နဲ့ လုပ်လာလိုက်တာ လေးနှစ်သာကျော်လာ တော်လှန်ရေးက စကားမပြောတတ်တဲ့ ကလေးလို အားဘားဘား ဖြစ်နေတာကြောင့် ဝေဖန်သံတွေက ဆူညံလာတာ ဖြစ်သည်။
    ခုတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေထဲက ဘဏ္ဍာရေးဝန်ကြီးဆိုသူက မနေသာတော့ဘဲ တော်လှန်ရေးရန်ပုံငွေစာရင်း ထရှင်းလေတော့သည်။ ဘဏ္ဍာရေးဝန်ကြီး စာရင်းရှင်းပုံကတော့ အလွန်အင်မတန် ရှင်းလင်းလှပေသည်။ တော်လှန်ရေးရန်ပုံငွေတွေထဲက ရာခိုင်နှုန်း ၉၀ ကို စစ်ရေးနဲ့ ကာကွယ်ရေးမှာ သုံးလိုက်ကြောင်းနဲ့ကျန်တဲ့ ၁၀ ရာခိုင်နှုန်းက တိတိကျကျမပြောဘဲ တော်လှန်ရေးကြီးပြီးလို့ အစိုးရဖြစ်သွားရင် စာရင်းရှင်းပေးမယ်ဟု ပြောဆိုလိုက်သည်။ ကဲ ဒီ့ထက်ကောင်းတဲ့ စာရင်း ရှင်းနည်းတော့ ကမ္ဘာမှာ မပေါ်ပေါက်သေးတာတော့ သေချာသည်။ အုတ်အော်သောင်းနင်း အလှူထည့်ဝင်ကြသော အလှူ့ဒါယကာ ဒါယိကာမ သူတော်ကောင်း အပေါင်းတို့လည်း ခုလောက်ဆို စာရင်းရှင်းသွားကြ လောက်ပြီထင်သည်။ စစ်ရေးအသုံးစရိတ် ဆိုတာကလည်း နယ်စပ်ရေးရာ ပတ်ပြေးဝန်ကြီးတွေစီးတဲ့ ကားတွေ၊ ဝယ်ဝတ်တဲ့ ပြောက်ကျားဝတ်စုံ စရိတ်ပင် သိန်းထောင်ချီတန်သည်။ ကာကွယ်ရေး အသုံးစရိတ်ဆိုတာကလည်း နယ်စပ်နဲ့ အမေရိကားမှာ ခေါင်းဆောင်ကြီးတွေ လုံလုံခြုံခြုံ အကာအကွယ်နဲ့နေလို့ရအောင် အိမ်ဝယ်နေတာလည်း ကာကွယ်ရေးအသုံးစရိတ် ဖြစ်နိုင်သည်။ ဒါကြောင့် ဘဏ္ဍာရေးဝန်ကြီးပြောတာက စာရင်းစစ်ချင် သပဆိုရင် တော်လှန်ရေးပြီးတဲ့အထိ ဆက်လှူကြလို့ ပြောတာနဲ့ အတူတူပင်ဖြစ်သည်။
    ဒီတော့ တော်လှန်ရေးကြီးက ဘာနဲ့တူသလဲ။ ထူးမြတ်တို့ ငယ်ငယ်က စိတ်ဝင်တစားကြည့်ဖူးတဲ့ မျက်လှည့်ဝိုင်းနဲ့တူသည်။ ထူးမြတ်တို့က ငယ်ဘဝကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ကြီးပြင်းလာတာဆိုတော့ ပွဲလမ်းသဘင်တော့ မက်သည်။ နယ်မှာနေတာဆိုတော့ ပွဲရှိမှ လူစည်တာဆိုတော့ ဘယ်နေရာမှာ ပွဲရှိတယ်ဆိုတာနဲ့ အကုန်လာကြသည်။ ရွာနီးချုပ်စပ်က လူတွေလည်း ပွဲရှိရာသို့ လာရောက်စုရုံး ပျော်ပါးကြသည့် အလေ့အထရှိသည်။ ထူးမြတ်တို့ ကလေးဘဝကတော့ တောင်ပေါ်ဒေသကို မျက်လှည့်ဆရာတွေ တက်လာလေ့ရှိသည်။ တချို့ကလည်း ပွဲဈေး တန်းမှာ ရုံသွင်းပြစားကြသည်။ လူကို နှစ်ပိုင်းဖြတ်ပြတာတို့၊ ဆေးရေစိမ်ထားတဲ့ ခေါင်းနှစ်လုံးနဲ့ နွားတို့၊ ပန်းကန်ပြားပေါ်မှာ ခေါင်းလေး တင်ထားတဲ့ ပန်းကန်ပြားမယ်တို့ဆိုတာ ထူးမြတ်တို့ကလေးဘဝက ခဏခဏ ကြည့်ကြရတာဖြစ်သည်။ နည်းနည်းလေး အသက်အရွယ်ရလာတော့ နွားပေါက်လေးကို ခေါင်းနှစ်လုံးဖြစ်အောင် ပြုပြင်ပြီး မပုပ်မသိုးအောင် ဆေးရေစိမ်ထားတာတွေ၊ မိတ်ကပ်အဖွေးသားနဲ့ အမျိုးသမီးက ဒူးတုတ်ထိုင်ပြီး ပန်းကန်ပြားပေါ်မှာ ခေါင်းလေးတင်ထားတာကို ပိုက်ဆံပေးကြည့်ရတာ ပြန်တွေးကြည့်ရင် နှမြောဖို့ ကောင်းလှသည်။ ထိုကာလက ကိုယ်တွေလို ကလေးသာမက ရွာနီးချုပ်စပ်က ပွဲလာကြတဲ့ ရိုးသားတဲ့ တိုင်းရင်းသားတွေလည်း ထူးမြတ်တို့လို တအံ့တသြဂျင်းထည့် ခံခဲ့ရသည်။ ကြုံလို့ ပြောပြရဦးမည်။ ထူးမြတ်တို့ နယ်မြို့လေးမှာ တန်ဆောင်တိုင်ပွဲတော်ရှိတော့ ကလောမြို့ အစွန်ရွာလေးက ပလောင်ကြီး တစ်ယောက် အောင်ပန်းမြို့ကို ရောက်လာသည်။ အပြန်ခရီး တောင်ကြီးကနေ မိတ္ထီလာအထိ ပြေးဆွဲတဲ့ သျှမ်းမြေလတ် လိုင်းကားလေး တက်စီးပြီး ပြန်လေသည်။ သူဆင်းရမယ့် နေရာရောက်တော့ ပလောင်ကြီးက "ဟေ့ ကားဆရာ ပလောင်ကျခဲ့မယ်"ဟု ပြောလေရာ ကားစပယ်ရာက "စိတ်ချ ပလောင်ကြီး မကျစေရာဘူး သေချာကိုင်ထား"ဟုဆိုကာ ဒူးနဲ့ညှပ်ခေါ်သွားလိုက်တာ ယင်းမာပင်ကြမှာ ဆင်းရသည်။ ပလောင်လူမျိုးတွေပြောတဲ့ "ပလောင်ကျခဲ့မယ်"ဆိုတာ "ပလောင်ဆင်းတော့မယ်"ဆိုတာ နားမလည်တဲ့ ကားစပယ်ယာကြောင့် ပလောင်ကြီး အခက်တွေ့ရလေတော့သည်။ တော်လှန်ရေး ကြီးပြီးရင် အိမ်ပြန်တော့မယ်ပြောပြီး အမေရိကား ရောက်သွားတဲ့ လွှတ်တော်အမတ်တွေတောင် သတိရမိသေးသည်။
    နောက် ထူးမြတ်တို့ငယ်ငယ်က မြေဝိုင်းမျက် လှည့်ခေတ်စားသည်။ စတစ်ကော်လံ အဖြူဝတ်ထားတဲ့ မျက်လှည့်ဆရာကြီးနဲ့အကူ လူတစ်ယောက်က နေရာတစ်နေရာ ရွေးလိုက်ပြီးရင် မျက်လှည့်ဝိုင်းစပြီ ဖြစ်သည်။ တပည့်ဖြစ်သူ အကူလူက လေးထောင့်သစ်သားတုံးလေးနဲ့ တွဲစပ်ထားသော လင်ကွင်းလေးကို တုတ်လေးနဲ့  တစ်ခြမ်းခြမ်းတီးလိုက်ရင် ကလေးရော၊ လူကြီးပါမကျန် စုရုံးလာကြတော့သည်။ ဒီလိုဆိုရင် မျက်လှည့်ဝိုင်းကပြမယ့် သူနဲ့ ပရိသတ်စုံညီသွားပြီဖြစ်သည်။ ဒီလိုစုံရင်တော့ ပညာခန်းကစပြီဖြစ်သည်။ ခြောက်လက်မ အကျယ်လောက်ရှိတဲ့ မျက်လှည့်ဆရာတွေ သုံးတဲ့ စည်ပိုင်းလို အရာလေးကို ချပြီးရင် အဖုံးအုပ်ထားလေသည်။ အဖုံးမအုပ်ခင် ခြေမန်းကွင်းလို အရာလေးကို ထည့်ထားပြီး ခြေမန်းကွင်းကနေ မြွေကြီးဖြစ်သွားမယ်ဆိုပြီး မျက်လှည့်ဆရာပြော လိုက်တာက ထူးမြတ်တို့လို ကလေးအရွယ်တွေအတွက် သည်း ခြေကြိုက် စကားပင် ဖြစ်သည်။ တောင်ပေါ်ဒေသမှာက မြွေဆိုတာ အင်မတန်ရှားသည်။ တစ်နှစ်ပတ်လုံးနေမှ တစ်ကောင်တလေ မြင်ရဖို့ မလွယ်ချေ။ ဒါကြောင့် ကလေးတွေကတော့ မြွေကြီးလို့ အသံကြားရုံဖြင့် စောစောက စည်ပိုင်းသေးသေးလေးကို အဖုံး အုပ်ထားတဲ့ အရာဆီကနေ အကြည့် မခွာတော့ချေ။
    ဒီလို အခြေအနေရောက်ရင် မျက်လှည့်ဆရာကြီး ပညာခန်းက စပြီဖြစ်သည်။ အားလုံး မျှော်လင့်စောင့် စားနေတဲ့ မြွေကြီး မရောက်လာသေခင် ဆရာသမားက  အပြောကောင်းကောင်းနဲ့ ဆေးတွေ ထုတ်ရောင်းလေတော့သည်။ ဟိမဝန္တာတောနက်ကြီးထဲက ဆေးမြစ်တွေနဲ့ ဖော်စပ်ထားတဲ့ ဆေးဖြစ်ပြီး ဆရာကြီးက မေတ္တာဖြင့် အလကားပေးသလို လက်ဝါးဖြန့်တဲ့ လူတွေဆီကို လိုက်ပေးစေသည်။ ပြီးမှ တော အထပ်ထပ် တောင်အသွယ် သွယ်သွားရတာကြောင့် စရိတ်စကတွေအတွက် သဒ္ဓါသလောက် လှူကြတန်းကြဖို့ ဖလားတစ်လုံးဖြင့် တပည့်ဖြစ်သူက အလှူလိုက်ခံလေတော့သည်။ အားလုံးကလည်း မြွေကြီး ကြည့်ချင်တာဆိုတော့ ဝိုင်းလှူကြတန်းကြဖလား ပြည့်သွားလေသည်။ ဘာဆေးမှန်း မသိသော ပုလင်းလေးတွေ လက်ထဲ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း မျက်လှည့်ဆရာကြီးအပြောမှာ မျောနေကြသည်။ ဒါတင်မကသေး မျက်လှည့်ဆရာကြီး ဆေးစွမ်းကို လက်တွေ့ပြသေးသည်။ ကြွက်နို့၊ ငါးမျက်စိလို အသားပိုတွေကို အက်စစ် အပျော့စားလေးတွေလောင်း ဆွဲနုတ်ပြီး ဂွမ်းသိပ်ပေးကာ ဆေးဖိုး တောင်းသေးသည်။ ဒါကလည်း အသက်အရွယ်ရလာမှ သိတာဖြစ်သည်။
    မျက်လှည့်ဝိုင်းက တစ်နာရီလောက်ကြာသည်အထိ မျက်လှည့်ပြကွက်က တစ်ကွက်မှမကြည့်ရသေးဘဲ ခရားရေလွှတ် တတွတ်တွတ် ပြောနေသော မျက်လှည့် ဆရာကြီးရဲ့ အံ့မခန်းဆေးစွမ်းတွေနဲ့ ကြွက်နို့၊ ငါးမျက်စိ၊ အသားမာတွေ ဆွဲနုတ်တာခံရ၊ ဆေးဖိုးတွေပေးရ၊ ဘာမှန်းမသိသော ဆေးပု လင်းတွေ၊ ဆေးမြစ်တွေဝယ်ရတာနဲ့ပင် ဖလားကြီးက ငွေစကြေးစလေးတွေ ပြည့်သွားသည်။ ဒီတော့မှ မျက်လှည့်ဆရာကြီးက ပစ္စည်းပစ္စယတွေ တပည့်ဖြစ်သူကို သိမ်းခိုင်းပြီး မျက်လှည့်ဝိုင်းသိမ်းဖို့ပြင် လေသည်။ ဒီတော့မှ အားလုံးအကြည့်က စောစောက အဖုံးဖုံးထားသော စည်ပိုင်းသဖွယ်ဆီ အကြည့် ရောက်ကြ ပြန်သည်။ လင်ကွင်းသံ တခြမ်းခြမ်းတီးပြီး စောစောက ခြေမန်းကွင်း ထည့်ထားသော စည်ပိုင်းငယ်လေးကို အသာမပြလေရာ ခွေနေသော မြေပေါက်စလေးကို အခန့်သင့် တွေ့ရလေတော့သည်။ ဘယ်တုန်းက ဘယ်လိုထည့် လိုက်သည် မသိသော်လည်း ထူးမြတ်တို့ ငယ်ဘဝက အသဲစွဲ မျက်လှည့်ပြကွက်ဖြစ်သည်။ မြွေက သေးတာကြီးတာတွေ အပထား မြွေဆိုတာ မျက်ဝါး ထင်ထင် မြင်လိုက်ရတော့ ဆေးမြစ်တွေ၊ ဆေးပုလင်းတွေအတွက် အလှူငွေ ထည့်ထားတာတွေ မေ့ကုန်ကြတော့သည်။ ဒီတော့မှ မျက်လှည့်ဆရာကြီးက မြွေကို ဖာတောင်းလေး ထဲထည့်လိုက်ပြီဆိုရင် မျက်လှည့်ဝိုင်း သိမ်းပြီဖြစ်သည်။ ခုလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေ မျက်လှည့် ဆရာကြီးတွေလို ဆေးရောင်းနေကြတာ ဖြစ်သည်။ ဒီတော့ တော်လှန်ရေးမြွေကြီး ကြည့်ချင်ရင်တော့ အမေရိကား တောနက်ထဲသွားပြီး ဖော်စပ်ထားတဲ့ ဆေးဖိုးဝါးခတွေအတွက် လှူကြတန်းကြစေလိုသည်။ ပြီးရင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ လှန်ပြကြမည့် မြွေလေး ကြည့်ရမှာ ဖြစ်သည်။
    ကလေးကွက် ဆိုပေမယ့် ထူးမြတ်တို့ ငယ်ဘဝက မျက်လှည့်ဝိုင်းလေးတောင် သတိရမိသေးသည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 124

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42849

© 2022 - 2025 News. All Rights Reserved.