တော်လှန်ရေးနှင့်ဂန်းကိုင်မှ အရမ်းနိုင်ချင်ကြသူများ

၂၀၂၄ ဇန်နဝါရီ ၂၆

ကြိုဆိုပါကြောင်း နွေမိုးဆောင်း
    ထုတ်ပြန်ချက်သည် ရက်သတ္တပတ်ကျော်ပြီဟု ဆိုရမည်ဖြစ်သော်လည်း ပြောချင်သော အကြောင်းအရာကိစ္စ အနည်းငယ်ရှိသောကြောင့် ထိုထုတ်ပြန်ချက်ကို အခြေခံ၍ ပြန်ပြောပါရစေဟု ဆိုပါရစေ။ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်တွင် "ညစ်ညမ်းသော တေးသီးချင်း ဗီဒီယိုများရိုက်ကူးထုတ်လွှင့်မှုများနှင့် ပတ်သက်၍ သတိပေးတားမြစ်ခြင်း"ဆိုသည့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာသည်။ "အခုမှ တွန်ရသလားနှဲရဲ့"ဟု ဆိုရမလိုဖြစ်သည်။ ထိုထုတ်ပြန်ချက်ကို ဥတုသုံးပါးမရွေး နွေမိုးဆောင်းထောက်ခံပါသည်ဟု ဆိုချင်ပါသည်။ ယဉ်ကျေးသည့် မြန်မာ့လူအဖွဲ့အစည်းဟု  ဂုဏ်ယူဝံ့ကြွားခဲ့ကြသူများသည် လူအများ စိတ်ဝင်စားလာစေရန် ယဉ်ကျေးမှုကို ဆန့်ကျင်သည့်လုပ်ရပ်မျာကို  ပေါပေါပဲပဲ လုပ်လာကြသည်မှာ အထိန်းအကွပ်မဲ့နေကြ လေသည်။
    သို့မို့ကြောင့် ထိုထုတ်ပြန်ချက်ကို ထောက်ခံသည်ဟု ဆိုရခြင်းဖြစ်ပါသည်။ ထိုသို့ပြောခြင်းကြောင့် ကျွန်တော့်ကို ကွန်ဆာဗေးတစ်ဟု မြင်ကောင်းမြင်နိုင် ကြပါ၏။ သို့သော်လည်း ကိုယ့်ယဉ်ကျေးမှုကို ကိုယ့်လူမှုအဖွဲ့အစည်းက မထိန်းသိမ်းလျှင် မည်သူကထိန်းသိမ်းမည်နည်း။ ပြောရလျှင် မကောင်းဆိုသည့်ကိစ္စများက အများအပြားရှိနေသည် မဟုတ်လော။ ယခု ဂျေးအောင်းနေသည့် နန်းမွေ့စံတို့၊ သင်ဇာဝင့်ကျော်တို့ အကြောင်းဆိုလျှင် လိင်မှုကိစ္စကို ထမင်းစားရေသောက်သကဲ့သို့ ပြုမူနေထိုင်နေကြသည် မဟုတ်လော။ လက်ရှိလည်း ရှိသေးသည် ယောကျ်ားတစ်ယောက်ပြီး တစ်ယောက်ထည် လဲတွဲနိုင်ခြင်းကို ဂုဏ်ယူနေသည့် အမျိုးသမီးကို မီဒီချာများက အရေးတယူလုပ်၍ အင်တာဗျူးနေ သည်မှာ ယို သူမရှက် မြင်သူရှက်ဆိုသကဲ့သို့ ဖြစ်နေလေသည်။
    ထို ကိစ္စများထက် ပို၍ဆိုးရွားသည့်အကြောင်း ပြောလိုသေးသည်။ ဆရာတော်၊ သံဃာတော်များကို ဂုဏ်ပြုပူဇော်ပွဲများတွင် နိုက်ကလပ်၌ ကသည့်အကများဖြင့် ဂုဏ်ပြုပူဇော်နေသည့်မြင်ကွင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်များကိုလည်း အမြင်မတော်ဆင်တော်နှင့် ခလောက်ဆိုသကဲ့သို့ တွေ့မြင်နေရသည်။ထို အရာများကိုလည်း ကြပ်မတ်ကြပါဦးဟုသာ ဆိုချင်၏။ အမျိုးသား စည်းကမ်းအစ စာသင် ကျောင်းကဟု ဆိုကြရဲ့ မဟုတ်လား။ ထိုအမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်စာသားကို မေ့လျော့နေကြ၍လား မသိပေ။ ပညာရေးစုံညီပွဲတော်၊ ဆရာကန်တော့ပွဲစသည့်  ကျောင်းများနှင့် ပတ်သက်သည့် ပွဲများတွင်လည်း အမျိုးသမီးများ မပေါ်တပေါ်အဝတ်အစားများ ဝတ်ဆင်ပြီး ရှေ့တွင်ရှိသည့် ဆရာဆရာမများကို ဂရုမပြု ဖင်လှုပ်တင်လှုပ်ပြကာ နာမည်ကြီးအောင် လုပ်နေသည့်ကိစ္စများကိုလည်း သည်အတိုင်းမထားသင့်ဟု မြန်မာ့ယဉ်ကျေးမှုရှုထောင့်မှ ပြောချင်ပါသည်။


ပြည်သူများ၏ ငိုသံ
    မြို့သိမ်း၊ ရွာသိမ်းပြုလုပ်သည်ဟုဆိုကာ ဂုဏ်ဆာနေသူများ သိကြမည်ထင်ပါသည်။ Movie လေး တစ်ခုကြည့်ရင်းက စိတ်မကောင်းစရာများကို တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ ဘယ်မြို့၊ ဘယ်ရွာဟုလည်း မှတ်မထားချင်သောကြောင့် တိတိကျကျ မှတ်မထားလိုက်မိပေ။ ထို Movie ၏ အောက်က မှတ်ချက်များအရ မိုးမိတ်မြို့ဟု ဆိုသူများလည်း ရှိကြပါသည်။ ထားပါ ပြောချင်သည်က မြို့ထဲမှနေ၍ တိုက်ပွဲဖော်ဆောင်ပြီး မြို့သိမ်းမည်၊ ရွာသိမ်းမည်ဟု ပြောနေကြပြီး ထိုမြို့ထဲတွင် တိုက်ပွဲဖြစ်သောအခါ တိုက်ပွဲက ပန်းများဖြင့် ပစ်ပေါက်ခြင်းမဟုတ် သောကြောင့် မြို့ရွာများပျက်စီးကြရသည် မဟုတ်လော။ ပျက်စီးကြရလျှင် ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်အရပ်ဒေသသည် စစ်တလင်းဖြစ်ပြီးချိန် တွေ့ရသည့် မြင်ကွင်းက  အင်ဒိုနီးရှား ဆူနာမီအပြီး တွေ့ရသလို၊ ဆီးရီးယားစစ်ပွဲ အပြီးတွေ့ရသကဲ့သို့ ဖြစ်ပွားသွားပြီး တကယ်တမ်းတော့ ပြည်သူပိုင် အိုးအိမ်စည်းစိမ်များသာ ပျက်စီးကြရသည် မဟုတ်လော။ ထိုကဲ့သို့ ပျက်စီးနေမှုများကို Movie ရိုက်ရင်း ငိုရှိုက်နေသည့် အမျိုးသမီးတစ်ယောက်၏ အသံကို နားထဲကမထွက်နိုင် ဖြစ်နေလေသည်။ ပြည်သူများ၏ ငိုသံများ အမြန်ငြိမ်ဆိတ်နိုင်ပါစေဟုသာ တတ်နိုင်သည့် ဘက်က ဆုတောင်းမိပါသည်။


ပဲခူးတိုင်းက အသံ
    ဒီရက်ပိုင်း ပဲခူးတိုင်းဒေသကြီးဘက်မှ အသံများထွက်နေသည်ဟုဆိုရမည်ဖြစ်သည်။ အကြောင်းအရာက ရပ်ရွာများတွင် ပြည်သူလုံခြုံရေးဟုဆိုကာ စစ်မှုထမ်းရမည်ဆိုသည့် ကြေညာစာနှင့်အတူ ကောလာဟလမျိုးစုံ ပေါ်ထွက်လာခြင်းဖြစ်သည်။ ထိုအကြောင်းအရာကို ပဲခူးတိုင်းဒေသကြီး ဇာတိဖွား သူငယ်ချင်းဖြစ်သူက သူ၏မွေးရပ်ဇာတိက လူများနှင့် ဖုန်းဆက်သွယ်နေချိန် ကြားရသောကြောင့် ပြန်လည်ဝေမျှလိုရင်း ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မရှင်းမရှင်းလုပ်ရပ်ဟု ပြည်သူလူထုကပြောဆိုနေကြပြီး သို့လောသို့လောများ ဖြစ်နေကြလေသည်။
    အကြောင်းအရာက ပြည်သူ့လုံခြုံရေးဆိုသည်ကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုခြင်းမရှိဘဲ ရွာကြီးလျှင် လူ ၅၀ မှ ၁၀၀ ၊ ရွာသေးငယ်လျှင် လူ ၃၀ ခန့် စစ်မှုထမ်းရမည်ဟုဆိုသဖြင့် ရွာသူရွာသားများက ကြောက်ရွံ့ နေကြခြင်းဖြစ်သည်။ စစ်မှုထမ်းရန်အတွက်လည်း နေအိမ်များကို မဲနှိုက်ခိုင်းသဖြင့် စစ်မှုထမ်းရန် မဲပေါက်သူများက ငိုကြီးချက်မဖြင့် ဖုန်းဆက်နေကြလေသည်။ ဆိုလိုချင်သည်က ကိုယ့်ရပ်ရွာကာကွယ်ရေးအတွက်ဟု မပြောဘဲ ယခုဘဲ စစ်မြေပြင်ကို သွားရတော့မည်ထင်နေကြပြီး ကြောက်ရွံ့ငိုယိုနေကြခြင်း ဖြစ်နေလေသည်။ ကောလာဟလထဲတွင် စစ်မှုထမ်းရန်ရှောင်လွှဲလျှင် နေအိမ်ကိုမီးရှို့မည်၊ ပိုင်ဆိုင်မှုများကို သိမ်းယူမည်ဟု သတင်းမျိုးစုံ ထွက်နေခြင်းကြောင့် ပိုမိုကြောက်ရွံ့ နေကြခြင်းဖြစ်သည်။ စစ်မှုမထမ်းရသည့် နေအိမ်ဆိုလျှင် တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းနှုန်းလည်း လစဉ် ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေလေသည်။ ထိုအကြောင်းအရာများကို ကြားမိအပြီး သူငယ်ချင်းဖြစ်သူနှင့် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပြောဆိုခဲ့သည်များကို သတိရမိပါသည်။
    လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကျွန်တော်တို့ အညာဒေသတွင် စာသင်ကျောင်းများ မဖွင့်လှစ်နိုင်သည်ကို သိကြရဲ့ မဟုတ်လား။ ယခုလည်း ဒေသတော်တော်များများတွင် စာသင်ကျောင်းများ မဖွင့်လှစ်နိုင်ပါ။ ထိုစဉ်က သူငယ်ချင်းဖြစ်သူနှင့်ပြောဖြစ်သည်က သူ၏သားသမီးနှင့် ကျွန်တော်၏ သားသမီးများကို ကျောင်းထားရန်အတွက် ကျောင်းပရဝဏ်ကို ကျောင်းသားမိဘများက အလှည့်ကျ စောင့်လျှင် အဆင်ပြေနိုင်သည်ဟု ပြောဖြစ်၏။ ထိုသို့အလှည့်ကျ စောင့်လျှင်လည်း ကျွန်တော်တို့တွင် ဓားရှည်လောက်သာ ရှိနိုင်သော်လည်း မိမိ၏သားသမီးပညာရေးအတွက် ဓားထမ်းပြီးစောင့်ရလျှင်လည်း စောင့်ကြရမည်ဟု ဆိုခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်က သူများကို တိုက်ခိုက်လိုစိတ်ဖြင့် ပြောခြင်း မဟုတ်ဘဲ ကိုယ့်ဒေသက သားငယ်၊ သမီးငယ်များအတွက် ကိုယ်တိုင် ကာကွယ်ရမည်ဆိုသည့် သဘောဖြင့် ပြောခဲ့ခြင်းဖြစ်သည်။ စစ်မှာတမူ ကဗျာထဲကကဲ့သို့ပင် မဟုတ်လော။ "သူငယ်ချင်းကောင်း ယောင်းမတို့ရေ၊ သူများမောင်မှာ စစ်သံကြားလျှင် နာဖျားဥပါယ်ခိုကြသည်၊ နှမလေး မယ်တို့မောင်မှာ စစ်သံကြားလျှင် ရွှေဓားပိုက်ကာ အိုးစားဖက်ကို လိုက်လို့ရှာသည်"ဆိုသည့် စာသားလေးကို သတိရသွားခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့သူငယ်ချင်း နှစ်ယောက်သည်က ကလေးများပညာရေး အေးအေးချမ်းချမ်းသင်ယူနိုင်စေရန် ရှိသည့်ဓားကိုထမ်းကာ စောင့်ရှောက်မည်ဟု တိုင်ပင်ခဲ့ဖူးပါ။ ပဲခူးတိုင်းဒေသကြီးက ကြေညာချက်တွင် ဘာတွေများလွဲချော်ခဲ့၍ ကိုယ့်ရပ် ကိုယ့်ရွာကိုကာကွယ်ရန် နောက်တွန့်နေကြသလဲဟု စဉ်းစားမိပါသည်။


ဂန်းကိုင်ပြီး အရမ်းနိုင်ချင်နေသောအခါ
    ကဗျာရူး၊ စာရူးအချင်းချင်းမို့ ရင်ဖွင့်လာသော စကားဖြစ်ပါသည်။ သူငယ်ချင်းဖြစ်သူက တောထဲသို့ လက်နက်ကိုင်သွားသည့် သူနှင့် စကားပြောဖြစ်ခဲ့သည်များကို ရင်ဖွင့်လာခြင်းဖြစ်ပါသည်။ တောထဲသို့ရောက်သွားသည့်သူငယ်ချင်းဖြစ်သူနှင့် အဆင်အသွယ်မရသည်မှာ နှစ်နှစ်ခန့်ရှိပြီဟုလည်း ဆိုလေသည်။ အဆက်အသွယ်ရသည့်အခါ သူ၏တောတွင်းက အတွေ့အကြုံများကို ရင်ဖွင့်ဖောက်သယ်ချခြင်းကြောင့် ပြန်လည်ကြားသိရသည်များကို ပြောလိုရင်းဖြစ်ပါသည်။
    "ငါတို့က အာဏာရှင်ဖြစ်သွားပြီလားလို့ တစ်ခါတစ်ခါတွေးမိတယ်၊ ဥပမာတို့က ကျန်းမာရေးနဲ့ ပတ်သက်လို့ ကိုယ်သွားရမယ့်လမ်းကို လမ်းတောင်းတယ်၊ လမ်းတောင်းတော့ ကိုယ့်အချင်းချင်းက လမ်းမပေးချင်ဘူးဗျ။ သူတို့မှာ လက်နက်ရှိပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့သူကျ လက်နက်မှမရှိတာကိုး၊ လက်နက်မရှိတော့ မလေးစားဘူး၊ ဒါအချင်းချင်းဖြစ်နေကြတာနော်။ အဲဒါနဲ့ ကျန်းမာရေးဝန်ထမ်းလည်း လက်နက်လေးကိုင်မှဗျ၊ အဲဒီလက်နက်လေးပါမှ ဒီကောင်တွေ ကိုယ်ချင်းချင်းကလည်း လမ်းတွေ၊ ဘာတွေ ပေးသဗျ။ ဒီလက်နက်နဲ့မှ လူတွေက ရှိန်ကြ၊ ကြောက်ကြတယ်ဆိုတော့ ဟုတ်တော့မဟုတ်သေးဘူးလို့လည်း တွေးမိပါတယ်"ဟု တောတွင်းက တစ်ယောက်၏ ပြောစကားများကို ပြန်လည်ဖောက်သည်ချလေသည်။ "သြော်"ဟုသာ တစ်ခွန်းတည်းမှတ် ချက်ချမိပြီး ဂန်းကိုင်မှ အရမ်းနိုင်ကြပါလားဟုလည်း အတွေးပေါ်မိလေသည်။


တို့များမုံရွာက
    မုံရွာကအကြောင်းပြောရလျှင် စိတ်ချမ်းသာစရာမရှိဟု ဆိုရမလိုဖြစ်နေလေသည်။ မုံရွာမြို့၏ တစ်ဖက်ကမ်း ယင်းမာပင်က အကြောင်းအရင်စပါဦးမည်။ ထိုယင်းမာပင်မြို့နယ်ထဲက ကျေးရွာလေးတစ်ရွာတွင် စစ်မှုထမ်းဟောင်း၏သမီးနှင့် ထိုရွာသားညားသည်မှာ  ကာလအတန် ကြာပြီဟု ဆိုရမည် ဖြစ်သည်။ ထိုသို့ညားနေခဲ့ရာမှ စစ်မှုထမ်းဟောင်း၏သမီး စစ်မျိုးစစ်နွယ်ဟုဆိုကာ ထိုကလေးမလေးကို လက်နက်ကိုင်ထားသူများက ဖမ်းဆီးသွားလေသည်။ ထိုကလေးမလေးတွင် ရင်သွေးငယ် ငါးလခန့်ရှိသည်။ သြော် ရက်စက်ကြပါလားဟုသာ တွေးလိုက်မိသည်။ ထိုကလေးမလေးသည် စစ်မှုထမ်းဟောင်း၏ သမီးဖြစ်ခြင်းက လူ့လောကတွင် ပြစ်မှုကြီးတစ်ခု ကျူးလွန်ထားသကဲ့သို့ အဆုံး အဖြတ်ခံနေ ရခြင်းကို ဒါလား အရေးတော်ပုံ၏ တော်လှန်ရေးလား ဟုသာ မှတ်ချက်ပြုမိသည်။
    မြို့မုံရွာတွင်လည်း CDM မလုပ်သည့် မိသားစုဝင်များကို အစုလိုက်အပြုံလိုက်ဖမ်းဆီးနေမှု ဒီရက်ပိုင်းအတွင်း မကြာခဏပြုလုပ်နေကြသည်ဟု ဆိုလေသည်။ ဖမ်းဆီးသွားသည်ကို အရပ်ထဲတွင် သတင်းလွှင့်သည်ကိုလည်းကြည့်ဦး 'အရပ်ဝတ်နဲ့လူတွေက လာဖမ်းသွားတာ'ဟု လုံခြုံရေးတပ်ဖွဲ့များ က ဖမ်းသယောင် သတင်းလွှင့်ကြလေသည်။ နောက်တော့မှ PDF လက်နက်ကိုင်သူများက ဖမ်းဆီးကြောင်း သိသွားကြလေသည်။ ထိုကဲ့သို့ မငြိမ်းချမ်းသည့်အရပ်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေရသူများ၏ ဘဝသည်လည်း မစားသာဟုသာ တွေးမိပါသည်။ မြို့မုံရွာ၏ ကြားရ၊ မြင်ရ၊ တွေ့ရသည့် သတင်းစကားများနှင့်ပတ်သက်၍ သည်လိုအဖြစ်မျိုး မမြင်ရမတွေ့ရမကြားရပါလို၏သာ ဆုတောင်းပြီး အမြန်အေးချမ်းပါစေဟုသာ ရေရွတ်နေ မိပါသည်။ ( 
ရွှေထီး )
( TREND News ဂျာနယ်အတွဲ(၃)၊ အမှတ် (၂) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 413

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42886

© 2022 - 2025 News. All Rights Reserved.