၂၀၂၅ မတ် ၆
အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်ရှိ ဘဲဥပုံ ရုံးခန်းကြီးအတွင်း လူတချို့ ရောက်ရှိနေကြသည်။ ကျားမအရွယ်စုံ ၁၅ ယောက်ထက်မနည်း ထိုင်ခုံများတွင် ပမာမခန့်ပုံစံဖြင့် ဝင်ထိုင်နေကြသည်။ အချို့ကလည်း စားပွဲခုံပေါ်တွင် အရက်ပုလင်းများ တင်ထားပြီး ခွက်လှည့်ပြီး ကစ်နေကြသည်။ တချို့ကလည်း ဖုန်းတစ်လုံးဖြင့် ဓာတ်ပုံရိုက်ကာ အိမ်ဖြူတော်ရောက် အမှတ်တရဆိုပြီး ဖေ့စ်ဘုတ်ပေါ် တင်ကြသည်။ အားလုံးတော့ အိမ်ဖြူတော် ဘဲဥပုံဧည့်ခန်းကို လွတ်မြောက်နယ်မြေသဖွယ် ပြုမူ နေထိုင်နေကြသည်။ မနေ့တစ်နေ့ကမှာ ယူကရိန်းက လူရွှင်တော်သမ္မတ ဇီလန်စကီးကို အော်ငေါက်နှင်ထုတ် ထားသည့် သမ္မတကြီးထရမ့်အကြောင်းကို သိထားတော့ ဘယ်က ရောက်နေမှန်းမသိသော လူတစ်စုကို ထရမ့် ဘယ်လိုတုံ့ပြန်မလဲဆိုတာ သိချင်ဇောများလှသည်။ ကမ္ဘာ့မီဒီယာပေါင်းစုံကလည်း ကင်မရာကြီးတွေ ထောင်ကာ ထရမ့်လာမည့်အချိန်ကို စောင့်မျှော်နေကြသည်။
ရောက်ရှိနေသော လူတစ်စုကတော့ အိမ်ဖြူတော်ကို ရောက်နေသည်ကိုပင် မေ့လျော့ကာ ကိုယ့်အိမ် ကိုယ့်ရာလို သဘောထားကာ နေထိုင်နေကြသည့်အတွက် အမေရိကန်အခြေစိုက်မီဒီယာများ တိုက်ရိုက်ထုတ်လွှင့်ပေးနေကြသည်။ မည်သည့် ဘာသာစကားပြော ဆိုနေသည်ကို မခွဲခြားတတ်သော်လည်း အားလုံးက တစ်ချက်တစ်ချက် ကင်မရာဘက်ကိုလှည့်ကာ လက်သုံးချောင်းထောင်ပြီး စကားတစ်ခွန်း ပြောလိုက်ရာ အမေရိကန်သတင်းထောက်များ မပီကလာပီကလာဖြင့် လိုက်လံရေ ရွတ်ပြောဆိုနေကြသည်။
"အရီးဒေါ်ပု အောင်ရမီ၊ အရီးဒေါ်ပု အောင်ရမီ"
မကြာမီအချိန်အတွင် ဆူညံပွက်လောရိုက်နေသော ဧည့်ခန်းမအတွင်းသို့ ထရမ့်နှင့်အတူလက် ထောက်သမ္မတ ဂျေဒီဗန့်စ်တို့ ဝင်ရောက်လာကြပြီး ထိုင်ခုံပြည့်နေသဖြင့် မတ်တတ်ရပ်ပြီး ရိုရိုသေသေ ဂါရဝပြုလိုက်ကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးက မီဒီယာများ ဟာခနဲ ဟင်ခနဲ ဖြစ်ကုန်ကြသည်။ မကြာသေးမီ ရက်ပိုင်းကမှ ယူကရိန်းသမ္မတကို ငါးစိမ်းသည်ရန်တွေ့သလို ရန်တွေ့လွှတ်သော ထရမ့်အစစ်မှ ဟုတ်ရဲ့လားဟု သံသယဝင် ကုန်ကြသည်။ မတ်တတ်ရပ်နေသော ထရမ့်မျက်နှာကို စေ့စေ့ကြည်ပြီး ထိုင်နေသော လူအုပ်ကြီးထဲက မစ္စတာ ဂျော်ဝေဇိုးဆိုသူက "ငါတို့ကို လာပြီး ငါတို့ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတာ လာမပြောနဲ့။ မင်းအခြေအနေ မကောင်းဘူး။ မင်းမှာ နိုင်ဖဲမရှိဘူး"ဟု ပြောချလိုက် သည်။ ထရမ့်တစ်ယောက် ပြာပြာသလဲဖြစ်သွားပြီး "ငါ ဖဲကစားနေတာ မဟုတ်ဘူး။ ငါခုမှ တာဝန်ထမ်းဆောင်တဲ့ သမ္မတတစ်ဦးပါကွာ၊ ငါ့ကို ငဲ့ညှာပေးပါ"ဟု တောင်းပန်စကားဆိုလေသည်။ မစ္စတာဂျော် ဝေဇိုးတစ်ယောက် မတ်တတ်ထရပ်ပြီး ဂျေဒီဗန့်စ် ဘက်ကို မျက်နှာမူကာ "ဂျေဒီ မင်းတို့က ဖဲစကား သိပ်ပြောတာပဲ နိုင်ဖဲတို့၊ ဝှက်ဖဲတို့ မင်းတို့ ဟိုလူရွှင်တော် ဇီလန်စကီးကိုပဲ ပြောလို့ရမယ်။ ငါတို့ကို ပြောလို့မရဘူး။ Do You Know နိုင်မြင်း။ နိုင်မြင်းဆိုတာ မင်းတို့ကြားဖူးလား"ဟု ပြောလေရာ ဂျေဒီတစ် ယောက် ခေါင်းငိုက်စိုက်ချသွားသည်။
ဝဋ်ဆိုတာ ဘဝမကူးဘူးဆိုတာ ထရမ့်ရော ဂျေဒီပါ သဘောပေါက်သွားကြသည်။ ရှေ့ရက်ပိုင်း လေးကတင် ယူကရိန်းက ဇီလန်စကီးကို စကားများဖြင့်အနိုင် ပိုင်းပြီး အိမ်ဖြူတော်ကနေ မောင်းချ လိုက်တာ ရက်ပိုင်း မကြာသေးဘဲ ဘဲဥပုံ ရုံးခန်းကြီးထဲကို ဘယ်ကလူတွေ ရောက်လာမှန်းမသိဘဲ အဆူအငေါက်ခံနေရသည်။ ထိုအထဲကမှ ဣန္ဒြေမပျက် ထိုင်နေသော မစ္စစ်ဂျင်မာသြောင် ဆိုသူက ပြုံးရုံလေး ပြုံးပြပြီး "ဒီမှာထရမ့် အမေရိကန် အနေနဲ့ကတော့ အင်မတန်ကောင်းတဲ့ သမုဒ္ဒရာကြီး ခံထားလည်း ဂိမ်းပလန်ရှိတဲ့ ငါတို့က လမ်းအားလုံး အမေရိကဆီသို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အရောက်လာခဲ့တာပဲ။ ဇီလန်စကီးလို လူရွှင်တော်မဟုတ်တဲ့ ရုပ်ရှင်မင်းသမီးတွေရော၊ အဆိုတော်တွေရော ပါတယ်။ ငါ့ရဲ့ အတွင်း သားတွေ မြင်အောင်ကြည့်ပြီး မင်းတို့ဘာပြောချင်လည်း"ဟု ဟောက်ငမ်းလိုက်ရာ ထရမ့်တစ်ယောက် မျက်နှာကွက် ခနဲပျက်သွားသည်။ ဆက်ပြီး "ဟိုနေ့က မင်းဇီလန်စကီးကို ဘာပြော လိုက်တယ်။ မင်းတတိယကမ္ဘာစစ်ဖြစ်ဖို့ လောင်းကြေးကစားနေတာပဲ၊ မင်းလုပ်ပုံက မင်းနိုင်ငံကို တအားကူညီနေတဲ့ အမေရိကန်နိုင်ငံပေါ် ကျေးဇူးမဲ့တာ ပဲဟုတ်လား။ ဒီမှာထရမ့် ငါတို့ကိုတော့ မင်းဘာမှ မကူညီခဲ့ပါဘူး။ မင်းနိုင်ငံထဲကို မင်းသမ္မတမဖြစ်ခင်ကတည်းက စောရောက်နေတယ်။ ငါတို့ အလှူခံတယ်။ ရတဲ့ပိုက်ဆံနဲ့ စတိုးဆိုင်ဖွင့်တယ်။ အိမ်ဝယ်တယ်။ ကားဝယ်တယ်။ လေယာဉ်ပစ်လက် နက်ကြီး ဝယ်ထားတယ်။အစိုးရဖွဲ့ထားတယ်။ မင်းသမ္မတဖြစ်ဖို့ ကြိုးပမ်းစဉ်ကာလ တစ်လျှောက်လုံးမှာ ငါတို့က အစိုးရဖွဲ့ပြီး ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ နေလာခဲ့တာ။ ခု ငါတို့လာတာလည်း မင်းနိုင်ငံထဲမှာ မင်းထက် လေးနှစ်လောက်စောတဲ့ အစိုးရတစ်ရပ် ရှိတယ်ဆိုတာ သတိပြုမိအောင်လာတာပဲ"ဟု တစ်ဆက်တည်း မိန့်ခွန်း ချွေလိုက်သည်။
သမ္မတထရမ့်နှင့် လက်ထောက်ဂျေဒီတို့ နှစ်ယောက် မတ်တတ်ရပ်နေရင်း ဒူးရိုက်သံများထွက် ပေါ်လာသည်အထိ ကြောက်ရွံ့နေကြသည်။ အောင်မြင်ခံ့ညားသော အသံတစ်သံ ထပ်မံထွက်ပေါ်လာပြီး "အမျှော် ကင့်ကြီးပဲနော်။ ယူတို့ အိမ်ဖြူတော်က မိုင်နိမ်းအစ် မစ္စတာ သြောင်မျိုးမြင်း။ ငါက ကမ္ဘာ့ပထမဆုံး LGBT ဝန်ကြီးဆိုတာ မင်းတို့နှစ်ယောက် သိထားဖို့လိုတယ်။ အောင်မလေးဟယ် ယောကျ်ားကြီးတွေဖြစ်ပြီး ယူကရိန်းက အဆင်လေးကို ပြောလိုက်ကြတာ၊ ပြောလိုက်ကြတာ ဟိုသူ ငယ်လေးခမျာ မျက်စိသူငယ် နားသူငယ်နဲ့ ပြန်သွားရတာ မြင်လို့တောင် မကောင်ဘူး။ နှုတ်သီး ကောင်း လျှာပါးနဲ့ နှစ်ကောင်လုံး ကြည့်နေကြည့်စားကြနော် ဟွန့်"ဟု ဆိုကာ ဟောက်ငမ်းလေတော့သည်။ "ခု ငါတို့ အစိုးရက နာမည်ပျက်စာရင်းတွေ လိုက်သွင်းနေ တာတွေ့လား စိတ်အခန့်မသင့်ရင် နင်တို့ နှစ်ကောင်လုံးကို အမည်ပျက်စာရင်းသွင်းပြီး အာဂျင်တီးနား တရားရုံးမှာ ဖမ်းဝရမ်းကို ဟိုနှစ်ယောက်နဲ့ လူစားလဲလိုက်ရမလား"ဟု ခြိမ်းခြောက်ပြန်လေသည်။
ထရမ့်နှင့်ဂျေဒီ မျက်နှာပျက်နေဟန်ကို ကမ္ဘာ့ နိုင်ငံအသီးသီးက မီဒီယာများ အလုအယက် မှတ်တမ်းတင်နေကြပြီး အမှန်တရားကိုရရင်ရ ပြန်မရရင်စတိုးဆိုင် ဖွင့်မှာပါဆိုသော အမေရိကန်နိုင်ငံရောက် ထိပ်တန်းငါး ခြောက်ဆိုင် ပိုင်ရှင်မကြီး ထိုင်ရာမှနေ၍ "ဒီမှာ ထရမ့်နဲ့ ဂျေဒီ ရှင်တို့နဲ့ပတ်သက်တဲ့ အီလွန်မက်ဆိုတဲ့ သကောင့်သားကို လမ်းကြုံရင်ပြောပြလိုက်ဦး။ ဒီတစ်ခေါက် ပရောဂျက်ဆွဲပြီး အလှူခံရင် အလှူငွေလေး ဘာလေးထည့်ဦးလို့။ အလှူငွေ မထည့်ရင် အီလွန်မက်ရဲ့ စပေ့အိတ် အာကာသ လွန်းပျံယာဉ်တွေကို ဘွိုင်းကော့ လုပ်လိုက်ရင် ထမင်းငတ်သွားမယ်လို့ ပြောလိုက်ကြားလား"ဟု ထတုတ်ပြန်လေရာ ထရမ့်နဲ့ ဂျေဒီနှစ်ယောက်လုံး မျက်နှာ ဆီးရွက်လောက်ဖြစ်ကုန်ကြတော့သည်။ တစ်ယောက် တစ်ပေါက် ပြောဆို ဟောက်ငမ်းပြီး ဘဲဥပုံရုံးခန်းခုံများ ထက်မှ ထိုင်ရာက ထကာ ပြိုင်တူ လက်သုံးချောင်ထောင်ကာ "တစ်လှိုင်းပြီး တစ်လှိုင်း လာမယ်"ဟု ဟစ်ကြွေးကြလေသည်။
နောက်တစ်နေ့ နံနက်တွင် အိမ်ဖြူတော်ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက် သည်။ ကြေညာချက်တွင် "ဇီလန်မင်းကိုငါ တောင်းပန်ပါတယ်။ မင်းပြောတဲ့ အင်မတန်ကောင်းတဲ့ သမုဒ္ဒရာကြီး ခြားပေမယ့် ငါသမ္မတ မဖြစ်ခင်ကတည်းက ရောက်နေတဲ့ ဖေ့စ်ဘုတ်ပေါ်က အစိုးရတစ်ရပ်ကို ကြောက်နေရတယ် ငါ့ကောင်ရေ"ဟု ရေးသားထားသည်။ အမေရိကန်ထိပ်သီး သတင်းစာကြီးများ ဖြစ်သော နယူးယောက်တိုင်းမ် သတင်းစာမျက်နှာဖုံးတွင် "အိမ်ဖြူတော်ကို ရောက်လာတဲ့ ထရမ့်ထက် လေးနှစ်စောတဲ့ အစိုးရ"၊ "ဒေါ်နယ်နဲ့ဂျေ ဒီကို လာရောက်ဆုံးမသွားတဲ့ လူတစ်စု"၊ "အီလွန်မက်ရဲ့ စပေ့အိတ်စ် လုပ်ငန်းတွေကို ဘွိုင်းကော့ လုပ်မယ်"၊ "အမေရိကားမှာ အစိုးရနှစ်ရပ် အုပ်ချုပ်တော့မှာလား"၊ "ပင်တဂွန်ကို ချိန်ရွယ်ထားတဲ့ လေယာဉ်ပစ်လက်နက်ကြီး" စသဖြင့် ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖော်ပြရာ အလွန်ရောင်းအားကောင်းခဲ့သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )