၂၀၂၃ နိုဝင်ဘာ ၁၆
ခုရက်ပိုင်း သပြေပန်းတွေ ဈေးတက်သွားသည်။ ဘာကြောင့်လည်းဆိုတော့ ပြည်တော်ပြန်ဝင်လာ တဲ့လူတွေကိုကြိုဖို့ သပြေပန်းတွေ အလုအယက်ဝယ်နေ တာကြောင့်ဖြစ်သည်။ သပြေပန်းတွေ ဈေးတက်မှာပေါ့။ အရင်က တစ်စည်းငါးရာလောက်သာရှိသည့် အာဆီယံ သပြေလို့ခေါ်တဲ့ သပြေနုနုလေးတွေ တစ်စည်းကို အမေ ရိကန်ဒေါ်လာ ၁၀၀ လောက် ပေးရသည်။ ဘာကြောင့် ကျပ်ငွေနဲ့ရောင်းတဲ့ သပြေတွေကို အမေရိကန်ဒေါ်လာနဲ့ ရောင်းသလဲဆိုတော့ အမေရိကန်က ပြန်လာမယ့်လူတွေကို ကြိုဖို့ အမေရိကန်ဒေါ်လာနဲ့ ရောင်းတာဟု ဆိုသည်။ ဒါတင်မကသေး ရိုးရိုးဗမာသပြေ တစ်စည်းကလည်း ထိုင်းဘတ်ငွေ ၁၅၀၀ လောက် ဖြစ်သွားသည်။ ရိုးရိုး သပြေကြတော့ ထိုင်းက ပြန်လာတဲ့သူတွေကို ကြိုဖို့ဆိုပြီး ထိုင်းဘတ်နဲ့ ရောင်းတာဖြစ်သည်။ ဒီတော့ သပြေပန်း တွေ ဈေးတက်တာလည်းမပြောနဲ့လေ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ မြန်မာပြည်ပြန်လာမယ်ဆိုတဲ့ သတင်းက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တောမီးလို ပျံ့နှံ့နေတာကြောင့် ဖြစ်သည်။
တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ ဘုန်းတန်ခိုးအာဏာ ကြီးပုံများ ပြောပါတယ်။ အမေရိကား ကနေ ပြန်လာမယ်ပြောလိုက်တာနဲ့ ရှမ်းမြောက်မှာ တိုင်း ရင်းသားလက်နက်ကိုင်သုံးဖွဲ့က ခေါင်းဆောင်ကြီးတွေ အလိုကျ မြို့တွေသိမ်းပေးထားသည်။ မြို့သိမ်းတယ်ဆိုတာ ဖေ့စ်ဘုတ်မှာလို လွယ်လွယ်လေးတော့ မဟုတ်ချေ။ မြို့ထဲကိုဝင်လာပြီး တဒိုင်းဒိုင်းပစ် လုံခြုံရေးတပ်ဖွဲ့တွေ အလစ်ကိုဝင်ပြီး မြို့ဝင်ဆိုင်းဘုတ်တွေနဲ့ ဓာတ်ပုံရိုက်ရ တာဖြစ်သည်။ ဒါတောင် ရွပ်ရွပ်ချွံချွံ ဝင်ရိုက်ရတာဖြစ်ပြီး တပ်မတော်က လေယာဉ်ပျံသံကြားရင်တော့ အသက်လုပြေးရမှာ ဖြစ်သည်။ ဒါကြောင့် တစ်ခါတလေ မြို့သိမ်း တာက ဖေ့စ်ဘုတ်ပေါ်မှာသိမ်းပြီး တယ်လီ ဂရမ်မှာတော့ ပြန်ပေးနေရတာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မြို့သိမ်းပြီဆိုတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အရန်သင့် အုပ်ချုပ်ရုံပင်ဖြစ်သည်။ ပထမကတော့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ အာဏာသက်ရောက်မှု ကိုအထင် မကြီးမိသော်လည်း ယခုလို တိုင်းရင်းသားလက်နက်ကိုင်တွေက တက်သိမ်းပေးရသည်ဆိုတော့ အထင်မကြီးလို့ မရတော့ချေ။
ဒီလိုဆိုရင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ချမှတ်ထားတဲ့အတိုင်း သိမ်းပြီးသားမြို့တွေမှာ မြို့ နယ်အုပ်ချုပ်ရေးအတွက် တော်လှန်ရေးအဖွဲ့တွေဖွဲ့ပြီး အခန့်သား ထိုင်အုပ်ချုပ်ရုံပင် ဖြစ်သည်။ ထိုမြို့တွေ အတွက်လိုအပ်တဲ့ ငွေကြေးစီးဆင်းမှုတွေကိုလည်း အမေရိကားမှာဖွင့်ထားတဲ့ နွေဦးဘဏ်ခွဲတွေ လာဖွင့်ရင် အမေရိကားနဲ့ မြန်မာ တိုက်ရိုက်ငွေလွှဲလို့တောင် ရလာ နိုင်မည်ဖြစ်သည်။ နောက်ပြီး စစ်ကြောင့်ပျက်စီးသွားတဲ့ အဆောက်အအုံတွေနေရာမှာ နွေဦးကွန်ဒိုတွေ အလျှို အလျှိုပေါ်လာပြီး ပြည်သူတွေ အခန့်သင့်တက်နေရုံပင် ဖြစ်သည်။ အခုဖြစ်နေတာက နယ်စပ်မြို့လေးတွေဆိုတော့ အရင်ကလည်း လောင်းကစားနဲ့ မကင်းသူတွေ ဆိုတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဖန်တီး ထားသည့် နွေဦးထီကို ထိုင်ထိုးလို့ရသေးသည်။ တော် လှန်ရေး ခေါင်းဆောင်ကြီးတွေ ရုံးခန်းတွေဖွင့်ပြီး လာအုပ်ချုပ်လိုက်ရင် နေ့ချင်းညချင်း တိုးတက်သွားနိုင်သည်။ အစိုးရက ပြန်လာသိမ်းရင်တော့ မပြောတတ်ချေ။
တော်လှန်ရေး ခေါင်းဆောင်ကြီးတွေဆိုတာကလည်း နှယ်နှယ်ရရမဟုတ်ချေ။ ဖေ့စ်ဘုတ်မှာ လူသိများ အောင် အဆိုတော်အောင်ခန့်ပိုင်လို "မသိဦးဟ မသိဦးဟ" ဆိုပြီး အော်ဟစ်ပြီး လူသိလာတော့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ လက်အောက်ကို တိုင်းရင်းသား လက်နက်ကိုင် အလိုလိုရောက်သွားပြီး မြို့တွေပါလိုက် သိမ်းပေးရသည်အထိ အောင်မြင်လာတာဖြစ်သည်။ ဒီလိုဆိုရင် တော်လှန်ရေးလော်ဘီကြီးတွေပြောသလို ရန် ကုန်မှာ ပြန်ဆုံဖို့က အချိန်သိပ်မလိုတော့ချေ။ တစ်ခုပဲ စိတ်ပူတာက တော်လှန်ရေးခေါင်းဆောင်ကြီးတွေ မြန် မာပြည်မှာက နွေရာသီဆိုတော့ ရာသီဥတုကပူသည်။အမေရိကားမှာ အနေကြာနေတဲ့ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ ပြန်လာရင် ရာသီဥတုနဲ့ အသားမကျမှာ စိုးရိမ်မိသည်။ နောက်ပြီး မြန်မာပြည်မှာက ငါးပိ၊ ငါး ခြောက်လောက် ကြိုက်ကြ၊ စားကြတာဆိုတော့ ဆူရှီတို့၊ ဟမ်ဘာဂါတို့၊ ပီဇာတို့ စားသောက်နေတဲ့ ခေါင်းဆောင် ကြီးတွေ ရုတ်တရက် အစားအသောက်အခက်တွေ့မှာ စိုးရိမ်မိသည်။ နောက်ပြီး ဟိုတလောက တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ အသုံးပြုသည့် ဖေ့စ်ဘုတ်ပေ့ချ်ကနေ အရက်ပုလင်းပုံကြီး တက်လာသေးတော့ ခေါင်း ဆောင်ကြီးတွေ တစ်လှိုင်းပြီး တစ်လှိုင်းမလာခင် ရဲဆေးတင်တဲ့အနေနဲ့ တစ်လုံးပြီးတစ်လုံးသောက်တာ ဖြစ်နိုင် သည်။ မြန်မာပြည် ရာသီဥတုကပူတော့ ပြန်လာရင် နေ့ ခင်းနေ့လယ်တော့ မသောက်စေချင်ပေ။ အခန့်မသင့်ရင် ဦးနှောက်သွေးကြော ပြတ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ပြန်လာတော့မယ်ဆိုတော့ ပြည်သူတွေရင်ခုန်ရလေ သည်။ တချို့ကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်ရှေ့ကိုသွားပြီး လေယာဉ်ပျံနဲ့ ပြန်လာမလားဆိုပြီး မျှော်ကြသည်။ ဈေးသည်တွေကလည်း ခေါင်းဆောင်ကြီး တွေ လေဆိပ်က ပြန်လာရင် လူအုပ်ကြီးနဲ့ လာကြိုကြ မှာဆိုတော့ သပြေပန်းတွေ၊ စံပယ်ပန်းကုံးတွေ ရောင်းကြဖို့ ပြင်နေကြသည်။ တချို့ဈေးသည်တွေကလည်း ကွမ်းယာ၊ ဆေးလိပ်၊ ရေသန့်ဘူး၊ ငုံးဥပြုတ်၊ ကြက်ဥပြုတ်တွေ ရောင်းဖို့ အားခဲထားကြသည်။ လေဆိပ်မှာ အောင်ပွဲရ မြန်မာဘောလုံးအသင်းကို ကြိုဆိုသလို ကြိုဆိုကြရင်ဖြင့် အတွေးနဲ့တင် ပျော်စရာကောင်းလှသည်။ ခေါင်းဆောင်ကြီးတွေ လေယာဉ်ပေါ်က ဆင်းလာပြီး ပြည်သူတွေကို လက်တွေပြ၊ ပြည်သူတွေကလည်း သပြေ ပန်းတွေပေး၊ စံပယ်ပန်းကုံးတွေ စွပ်လိုက်ရင်ဖြင့် ရေဝေးကနာရေး တွေအတွက် စံပယ်ပန်းရဖို့ ခက်ခဲသွားနိုင်သည်။
တချို့ကလည်း ခေါင်းဆောင်ကြီးတွေက ကားနဲ့ ပြန်လာမှာဟ အောင်မင်္ဂလာအဝေးပြေးထဲသွားစောင့် ကြရအောင်ဟု ဆိုပြန်သည်။ အောင်မင်္ဂလာအဝေးပြေးမှာ ကြိုရမယ်ဆိုရင်တော့ ခေါင်းဆောင်ကြီးတွေအနေနဲ့ ဒီဇင်ဘာပိတ်ရက်မတိုင်ခင် လာမှဖြစ်မယ်။ မဟုတ်ရင် ပြည်သူတွေ ဒီဇင်ဘာ ကျောင်းပိတ်ရက်ရှည်မှာ ခရီး သွားကြမှာဆိုတော့ အဝေးပြေးကွင်းမှာ ကားပိတ်နိုင်သည်။ အဝေးပြေးကွင်းက လာရင်တော့ ခေါင်းဆောင် ကြီးတွေ အထုပ်အပိုးတွေ သတိထားဖို့လိုသည်။ အငှားယာဉ်ပွဲစားတွေက အထုပ်အပိုးတွေ အလုအယက်ဝိုင်း လုရင် အမေရိကားကပါလာသည့် လက်ဆောင်ပစ္စည်း တွေပျောက်ကုန်မှာ စိုးရိမ်ရသည်။ တချို့ကလည်း ခေါင်း ဆောင်ကြီးတွေက ဒေါ်လာတွေ တစ်ပွေ့တစ်ပိုက်နဲ့ ပြန် လာမှာဆိုတော့ သင်္ဘောကြီးတွေနဲ့ ပြန်လာမှာကွဟု ဆို ကြပြန်သည်။ ဒီတော့ ပြည်သူတွေ ဒလသင်္ဘောဆိပ်ကနေ ကြိုဖို့ ကမ်းနားဘက်ကို ဆင်းပြေးကြပြန်သည်။ ခေါင်း ဆောင်ကြီးတွေ သင်္ဘောနဲ့ ပြန်လာရင်တော့ မော်တင်ဆိပ်ကမ်းလောက်မှာ သင်္ဘောဆိုက်ကြမှာပဲဟ ဒါမှ တရုတ်တန်းမှာ အစာပြေဝင်စားလို့ရမှာဆိုပြီး မော်တင်၊ ကလီဘက်ကို သပြေပန်းတွေနဲ့ လူအုပ်ကြီးဆင်းသွားကြ ပြန်သည်။
ထူးမြတ်ကတော့ ခေါင်းဆောင်ကြီးတွေ ပြန်လာမည့်မြင်ကွင်းကို ကြိုတင်ပုံဖော်ရင်း ကြည်နူးရသည်။ မြန်မာ့ဘောလုံး ငွေခေတ်ကလို ကြိုစေချင်သည်။ အမေရိကားရောက်နေတဲ့ ခေါင်းဆောင်ကြီးတွေ အားလုံး ပြန်လာမှာဆိုတော့ ရေကြောင်း၊ ကုန်ကြောင်း၊ လေ ကြောင်း ဘယ်ကပဲလာလာ တစ်ယောက်ကို ကားတစ်စီး ဖြင့် ကြိုဆိုစေချင်သည်။ "တိုင်းပြည်နဲ့ လူမျိုးဂုဏ်ကိုမြှင့် တင်ပေးခဲ့သည်...မြန်မာနိုင်ပြီ... တို့မြန်မာနိုင်ပြီ" ဆိုသည့် သီချင်းကို ဆိုင်ဆိုင်မဆိုင်ဆိုင်ဖွင့်ပြီး ကြိုရမည်ဖြစ်သည်။ ကားတန်းကြီးက မြို့ထဲကို ဖြတ်မောင်းပြီး ပြည်သူတွေ က လမ်းဘေးကနေ လက်ပြကြိုဆိုသည့် မြင်ကွင်းကြက်သီး ထဖွယ်ရာပင်ဖြစ်သည်။ တစ်ခုစဉ်း စားမိတာက အစိုးရက ခေါင်းဆောင်ကြီးတွေအိမ်ကို ချိတ်ပိတ်ထားတော့ ဘယ်ပြန်ပို့ကြမှာလဲဆိုတာပင် ဖြစ်သည်။ လော လောဆယ်တော့ အင်းစိန်ဘက်မှာ တိုက်ခန်းတွေ အသစ်ဆောက်ထားတော့ ယာယီပို့ထား ရင်လည်း ရတာ ပဲဖြစ်သည်။ ခေါင်းဆောင်ကြီးတွေဆိုတာက အမေရိကားမှာ အိမ်နဲ့၊ ယာနဲ့၊ စတိုးဆိုင်နဲ့၊ စီးပွားရေးနဲ့ဆိုတော့ မြန်မာပြည်ကို အပြီးပြန်လာဖို့က မလွယ်သေးချေ။
ဒီလိုဆိုတော့ ခေါင်းဆောင်ကြီးတွေ မြို့သိမ်းပြီးရင် ခဏတဖြုတ်တော့ မြန်မာပြည်ပြန်လာကြမှာဖြစ် သည်။ မြန်မာပြည်နဲ့ဝေးနေတာ နှစ်တွေကြာပြီဆိုတော့ ခေါင်းဆောင်ကြီးတွေကို ကြိုဆိုပြီး မြန်မာအစား အသောက်ဖြစ်သည့် မုန့်ဟင်းခါး၊ ပဲဟင်း၊ ငါးပိကြော်တွေကျွေးရမှာဖြစ်သည်။ ခေါင်းဆောင်ကြီးတွေက အရင်က မြန်မာပြည်မှာ ဘာပွဲလုပ်လုပ် ပဲပြုတ်နံပြားကျွေးလေ့ရှိတော့ ခေါင်းဆောင်ကြီးတွေကို ကြိုဆိုသည့်အနေနဲ့ မြို့တော်ခန်းမရှေ့မှာ နံပြားဖိုကြီးတွေချပြီး ပဲပြုတ်နံပြားကျွေးပြီး အထိမ်းအမှတ်ပွဲတွေ လုပ်ရမည်ဖြစ်သည်။ မြန်မာကားတွေထဲကလို အုပ်စုလိုက်ကြီး မြို့တော်ခန်းမရှေ့ပတ်ပြေးပြီး အောင်ပွဲခံကြမည်ဖြစ်သည်။ ခုကတည်း က ကြိုဆိုရေးကော်မတီတွေ၊ ဘာတွေဖွဲ့ပြီး စနစ်တကျ ကြိုကြရမည်ဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင်ကြီး တွေပြန်လာ၊ ပြည်သူတွေက အုပ်အော်သောင်းတင်းကြို ဆိုနေသည့် မြင်ကွင်းကို တွေးကြည့်ရင်း မောင်ထူးမြတ် လေးတစ်ယောက် တစ်စုံတစ်ယောက်ကို သတိရမိသေး သည်။
"အန်တီသိရင် စိတ်ကောင်းမှာ မဟုတ်ဘူး"ဟု ရေရွတ်လိုက်မိသည်။
ထူးမြတ်
(TREND News Journal အတွဲ(၂)၊ အမှတ်(၄၃) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်သည်။ )