၂၀၂၅ ဇန်နဝါရီ ၂၄
တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ပြန်လာကြတော့မည်ဖြစ်သည်။ နွေဦးကာလ မြူထကတည်းက ထူးမြတ်တို့ကိုထားပြီး ခေါင်းဆောင်ကြီးတွေ ထွက်သွားလိုက်တာ ခုဆိုရင် လေးနှစ်တင်းတင်းပြည့်ပြီ ဖြစ်သည်။ ၂၀၂၁ တုန်းကလည်း ခေါင်းဆောင်ကြီးတွေ အစိုးရကို ခြောက်လအတွင်း ပြုတ်ကျအောင် လုပ်မယ်လို့ ပြောသွားလိုက်တာ မပြုတ်ကျတော့လည်း မပြုတ်ကြလို့ပေါ့ဟု ဖြေတွေးလေး တွေးလိုက်ရသည်။ ဟော ၂၀၂၂ ခုနှစ် ကြပြန်တော့လည်း အဆုံးသတ်နှစ်ဆိုလို့ ဘာတွေများ အဆုံးသတ်ကြမလဲဆိုတာ စောင့်ကြည့်ခဲ့ရသည်။ နောက်တော့လည်း အဆုံးသတ် မဟုတ်ဘူး၊ အဆုံးသတ်ကို အဆုံးအဖြတ်ပေးမှာဆိုပြီး ပြောလာပြန်တော့လည်း ထူးမြတ်တို့တစ်တွေ သက်ပြင်းလေး ချမိသည်။ နောက် ၂၀၂၃ ကြပြန်တော့လည်း ဘာကြီးနိဂုံး ၂၀၂၃ ဆိုလည်း နိဂုံးမသတ်နိုင်ဘဲ အီလည်လည်ကြီးဖြင့် နှစ်ကုန်သွားလေသည်။ ၂၀၂၄ ကျတော့ ခေါင်းဆောင်ကြီးတွေ နေ့လား၊ ညလားမသိ ပြည်တော်ဝင်မယ်ဆိုလို့ ထူးမြတ်တို့တွေ ထမင်းပူပူလေးတွေ ချက်ထား၊ သပြေခက်တွေနဲ့ ကြိုဖို့ ပြင်ထားသော်လည်း လမ်းအားလုံးက လေယာဉ်ပေါ် တက်တက်သွားတော့ လက်ပြ နှုတ်ဆက်လိုက်ရသေးသည်။ ကဲခုတော့ နှစ်သစ်တစ်နှစ် ကူးပြောင်းလာခြေပြီဖြစ်လို့ ခေါင်းဆောင်ကြီးတွေ ဘာများပြောမလဲ၊ ဘာတွေများ ဆက်လုပ်မလဲဆိုတာ သိချင်တာကြောင့် ခေါင်းဆောင်ကြီးတွေသုံးတဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေကို ဆီးလ်ဖက် လုပ်ထားရလေသည်။
ခေါင်းဆောင်ကြီးတွေနေတဲ့ အမေရိကားက အင်တာနက်လိုင်းတွေများ မကောင်းသလား၊ ဝိုင်ဖိုင်တွေများ ဈေးကြီးသလား၊ ခေါင်းဆောင်ကြီးတွေများ ဖုန်းဘေလ်မရှိသလား တွေးပူရသေးသည်။ တချို့တွေကလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ပြောသမျှ အပြစ်တင်နေကြသေးသည်။ အပြစ်တင်မည့်အစား ခေါင်းဆောင်ကြီးတွေကို ဖုန်းဘေလ်ဖြည့်ပေးတာကမှ တော်လှန်စကား၊ တော်လှန်ကဗျာလေးတွေ ဖတ်ရဦးမည် ဖြစ်သည်။ ခုရက်ပိုင်းတော့ တော်လှန်ရေးခေါင်းဆောင်ကြီး တစ်ယောက်ကို ဘယ်သူ ဖုန်းဘေလ် ဖြည့်ပေးလိုက်သည်မသိ လိုင်းပေါ် ရောက်လာပြီး ခက်ခက်ခဲခဲ တော်လှန်ကဗျာလေးတစ်ပုဒ် တင်သွားသည်။ တော်လှန်ရေးအတွက် အင်မတန် အင်အားရှိစေသော ကဗျာပင် ဖြစ်သည်။
"ကျွန်ုပ်တို့သည် တော်လှန်ရေး အောင်မြင် ရေးအတွက် ကျွန်ုပ်တို့၏ အသက်၊ သွေးနှင့် ဘဝကိုပေးဆပ်ပါမည်"ဟု ရဲရဲတောက် ကြွေးကြော်သံကဗျာကြီးက ကြားလိုက်၊ ဖတ်လိုက်ရသူအဖို့ ကြက်သီးမွေးညင်းများ ဖြန်းဖြန်းထသွားစေသည်။
တော်လှန်ရေးခေါင်းဆောင်ကြီးတွေဘ၀ ပေးဆပ်လိုက်ပုံများ တွေးကြည့်ရင်း ဖြေမဆည်နိုင်အောင် မျက်ရည်ကျရသည်။ မြန်မာပြည်က အိမ်တွေကိုစွန့်ခွာပြီး မိုင်ပေါင်း ထောင်ချီဝေးသည့် အမေရိကားကိုသွားရတာ ဖြစ်သည်။ ဟိုရောက်တော့လည်း ပြည်သူတွေ လွတ်မြောက်ကြစေဖို့ရည်သန်ကာ ကြုံရာကျပန်းလုပ်ပြီး လွတ်လပ်ရေးကို ကြိုးပမ်းရတာ ဖြစ်သည်။ ဒီကြားထဲ မဆီမဆိုင် မြန်မာ့လွတ်လပ် ရေးအတွက် အားဖြစ်စေဖို့ အလှူခံရသေးသည်။ နေရေးထိုင်ရေးအတွက် အိမ်လေးတွေ အရစ်ကျ ဝယ်တဲ့သူကဝယ်၊ သွားရေးလာရေးအတွက် ကားလေးတွေ ဝယ်တဲ့သူကဝယ်နဲ့ အင်မတန် ခက်ထန် ကြမ်းတမ်းသော တော်လှန်ရေးခရီးကြမ်းကြီးကို ဖြတ်သန်းခဲ့ရသည်။
တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဘဝကို တော်လှန်ရေးမှာ မြှုပ်နှံပြီး အမေရိကားမှာ ခက်ခက်ခဲခဲ ရပ်တည်နေတာ ကြားရတော့ အင်မတန်စိတ်မကောင်း ဖြစ်ရသေးသည်။ တစ်ဖက်မှာလည်း ဝမ်းရေးအတွက် စတိုးဆိုင်လေး ဖွင့်ရတဲ့အမြတ်နဲ့နေဖို့ အိမ်လေးတစ်လုံးကို အရစ်ကျလေးနဲ့ဝယ်ပြီး တိုင်းတစ်ပါးမှာ ခေါင်းဆောင်ကြီးတွေ ဘယ်လောက် မျက်နှာငယ်ရှာမလဲဆိုတာ တွေးကြည့်ရုံနှင့် သိနိုင်သည်။ ဒါတင်မကသေး တော်လှန်ရေးမှာ ခေါင်းဆောင်ကြီးတွေ အသက်ပေးထားရသေးသည်။ တချို့ကလည်း အမေရိကားမှာနေတဲ့သူက ဘယ်လိုအသက်ပေးတာလဲ၊ တောထဲက ပူတူတူးကလေးတွေကမှ အသက်ပေးတာဆိုပြီး အငေါ်တူးကြသေးသည်။ထူးမြတ်ကတော့ တော်လှန်ရေးခေါင်းဆောင် ကြီးတွေ မြန်မာ့တော်လှန်ရေးအတွက် အမေရိကားမှာ အသက်ပေးထားရတာကို ယုံသည်။ မယုံရင် လက်တွေ့ပြရတော့မည်။ ဟိုတလောက အမေရိကားမှာ တောမီးလောင်လို့ အိမ်တွေ တော်တော်များများ ပျက်စီးကုန်ပြီး လူတွေအသက်ပေးလိုက်ရသည်။ ဒီလိုမီးမျိုးတန်ဖိုးရှိလှသော တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ နေတဲ့မြို့သာလောင်ရင် မပြောကောင်း မဆိုကောင်း တော်လှန်ရေးခေါင်းဆောင် ကြီးတွေ မီးထဲပါသွားပြီး မာလကီးယားသွားရင် ထူးမြတ်တို့တစ်တွေ တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမာန်ကြီးကို အမေရိကားမှာ သွားဆောက်ရမှာဖြစ်သည်။ တစ်နှစ်တစ်ခါ မီးလောင် မာလကီး ယားတဲ့ရက်ကို တော်လှန်အာဇာနည်နေ့လို့ သတ်မှတ်ပြီး သွားရောက်ဂါရဝပြု ရမှာဖြစ်သည်။ ဒါကြောင့် တော်လှန်ရေးခေါင်းဆောင် ကြီးတွေ အသက်၊ သွေး၊ ဘဝတွေကို တော်လှန်ရေးမှာ ပေးဆပ်ထားတာလို့ ပြောတာဖြစ်သည်။ အမေရိကားကနေ အသက်၊ သွေး၊ ချွေး ပေးဆပ်နေသော ခေါင်းဆောင်ကြီးတွေကို ထူးမြတ်တစ်ယောက် မြန်မာပြည်ကနေ အမေရိကားဘက်လှည့်ပြီး တစ်နေ့တစ်ကြိမ်တော့ ဂါရဝပြုမိလေသည်။
ဒီတစ်ပတ်ထဲ ဖတ်လိုက်ရတဲ့သတင်းကတော့ အင်မတန် အားရဖွယ်ကောင်းလေသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အမေရိကားကနေ လှမ်းသိမ်းထားတဲ့ နယ်မြေတွေမှာ ရုံးစိုက် တော့မယ်ဆိုတဲ့ သတင်းဖြစ်သည်။ ခေါင်းဆောင်ကြီးတွေ နယ်မြေသိမ်းလိုက်ပုံများ မိုနိုပိုလီ ဆော့တာ ထက်ပင် လွယ်ကူနေသေးသည်။ ဒီတစ်ခေါက်တော့ သေချာပြီဖြစ်သည်။ တော်လှန်ရေး ခေါင်းဆောင် ကြီးတွေ ပြည်တော် ပြန်ကြတော့မည်ဖြစ်သည်။ ရန်ကုန်မှာ ပြန်ဆုံမယ်လို့ ပြောထားပြီး ရန်ကုန် မဟုတ်သော်လည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေနဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက်ရ မည်ဆိုတော့ ဖြေသာသည်။ ဒါကြောင့်လည်း ဟိုသန်းမကြီးဆိုသူက ပြန်လာပါ ပြန်လာပါ တစာစာ အော်ခေါ်နေတာဖြစ် မည်ထင်သည်။ စိတ်ထဲ ဘဝင်မကျတာက တော်လှန်အစိုးရလို့ အော်ထားပြီး ရုံးစိုက်မယ်ဆိုတဲ့ အသုံးအနှုန်းကို ဘဝင်မကျတာဖြစ်သည်။ ပြန်လာမယ့်အတူတူ အစိုးရရုံးစိုက်ရာ မြို့ကြီးတွေ ထူထောင်သင့်သည်။ မြန်မာနိုင်ငံမြို့တော်ကြီးနဲ့အပြိုင် သန်းမကြီးရုံးတို့၊ ဝန်ကြီးဌာ နရုံးတို့ တစုတစည်းတည်း ရုံးစိုက်သင့်သည်။ ဒါမှလည်း တော်လှန်ရေး ခေါင်းဆောင်ကြီးတွေကို ထောက်ခံ ကြသူတွေ အစိုးရရုံးဌာနနဲ့ ဆက်သွယ်ဖို့ အဆင်ပြေမှာဖြစ်သည်။ နုကြည်မြို့တော်ကြီး တည်ပြီး ဝန်ကြီးဌာနအလိုက် ရုံးတွေဖွင့် ဝန်ကြီးတွေ၊ ဝန်ကလေးတွေ၊ ဝန် ပေါက်စတွေ ရုံးထိုင်ကာ သိမ်းထားတဲ့ နယ်မြေတွေမှာ အစိုးရ ခပ်တည်တည်လုပ်လို့ရမှာ ဖြစ်သည်။ နောက်ပြီး ခေါင်းဆောင်ကြီးတွေ မိဝေး ဖဝေး အမေရိကားမှာ ထိုင်တော်လှန်နေတာထက်စာရင် ကိုယ်မြေကိုယ့်ရေမှာ ထိုင်တော်လှန်တာ အဆင်ပြေနိုင်သည်။ ဒါတင်မကသေး တော်လှန်ရေးခေါင်းဆောင်ကြီးတွေကို ထောက်ခံသည့် နိုင်ငံတွေက သံရုံးတွေကိုလည်း ရုံးစိုက်ရာ မြို့ကြီးမှာ ထားလို့ရသေးသည်။
နောက်ပြီး ခံ့ခံ့ထည်ထည် ရှိဖို့ဆိုတာကလည်း လွှတ်တော်အဆောက်အအုံတွေ ရှိဖို့လိုသေးသည်။ လွှတ်တော် အဆောက်အအုံမရှိဘဲ ဇွန်းမီတင်ကနေ အစည်းအဝေး လုပ်နေတာတွေ မြင်ရတော့ စိတ်မကောင်း ဖြစ်မိသေးသည်။ လွှတ်တော်အဆောက်အအုံ ပြီးသွားရင် ဟိုတလောက အမေရိကားကို အသုတ်လိုက်လေး ထွက်သွားသည့် လွှတ်တော်အမတ်တွေကို ပြန်ခေါ်သင့်သည်။ လွှတ်တော်အစည်း အဝေးတွေကို တစ်နေရာတည်း စုစုစည်းစည်း ကျင်းပလို့ ရသေးသည်။ မြို့နေလူ ထုအတွက်လည်း ပူစရာမလိုချေ။ တော်လှန်ရေးထောက်ခံသူတွေ နုကြည်ရုံးစိုက်ရာမြို့မှာ မလာမနေရ လာရောက်နေ ထိုင်ကြဖို့ ဖိအားပေးရမည်ဖြစ်သည်။ ဒါမှလည်း အုပ်ချုပ်သူလူတန်းစားနဲ့ အုပ်ချုပ်ခံလူတန်းစား ညီမျှမည်ဖြစ်သည်။ ငွေရေးကြေးရေးစနစ်အတွက်လည်း သိမ်းထားတဲ့ နယ်မြေတွေမှာ နွေဦးဘဏ်ခွဲတွေ ဖွင့်ပေးရမည် ဖြစ်သည်။ စစ်ရေးစစ်ရာကိစ္စအတွက်လည်း လေကြောင်းရန် ကာကွယ်ရေးအတွက် အမေရိကားမှာ အလှူခံပြီး ဝယ်ထားသည့် ဒရက်ဂွန် ဖလိုင်းကြီးကို တစ်ပါတည်း သယ်လာစေလိုသည်။ နွေဦးထီရုံးတွေဖွင့်ပြီး အခွန်ရှာလို့ ရသေးသည်။ ခေါင်းဆောင်ကြီးတွေ ပုံဖော်လိုသည့် နွေဦးကွန်ဒို၊ နွေဦး အိမ်ရာတွေ၊ နွေဦးသချုႋင်းကုန်းတွေ တည်ဆောက်ပြီး တော်လှန်ရေးမြို့တော်ကြီး တည်ထောင်ရမည်။ ဒါမျိုးက မြန်မြန် အကောင်အထည် ဖော်သင့်သည်။ နေ့ချင်းညချင်း မြို့ကြီးပြကြီးတစ်ခု ဘွားခနဲပေါ်လာအောင် လုပ်ပြသင့်သည်။
အရေးကြီးတာတစ်ခုက တော်လှန်ရေးခေါင်း ဆောင်ကြီးတွေရဲ့ အလှူခံရင်း တော်လှန်၊ တော်လှန်ရင်း အလှူခံဆိုသည့် မူဝါဒချမှတ်ထားသည့်အတိုင်း အမေရိကားကနေ တကူးတကနိုင်ငံတကာကိုပတ်ပြီး အလှူခံနေမည့်အစား ရုံးစိုက်ရာမြို့တော်ကြီးမှာ အလှူခံပုံးတွေ အနှံ့အပြားချထားပြီး အလှူခံရင် ပိုအဆင်ပြေနိုင်သည်။အမေရိကားက စတိုးဆိုင်ကြီးတွေကိုလည်း မြန်မာပြည် ကိုရွှေ့လာ ပြီးဖွင့်ပါက ရောင်းကောင်းမှာ သေချာသည်။စနစ်တကျ မြို့တော်ကြီးကို အချိန်တိုအတွင်း ဖန်တီးနိုင်ပါက ခေါင်းဆောင်ကြီးတွေ စိတ်ကြိုက် အုပ်ချုပ်လို့ရသည်။ သူများနိုင်ငံမှာ ဆူရှီလိပ်ရမည့်အစား တော်လှန်မြို့တော်ကြီးမှာ တတ်သည့်ပညာ မနေသာဆိုသလို ဆူရှီဆိုင်တွေဖွင့်ပြီး ရောင်းချပေးရမည် ဖြစ်သည်။ ပြည်ပနိုင်ငံ ကြီးတွေမှာနေပြီး လကုန်ရင် စင်ကာပူရေ အားကိုးမယ်နော်၊ အမေရိကား ကလူတွေ လှူကြဦး၊ ကိုရီးယားကလူတွေ လှူကြဦးဆိုပြီး အလှူခံနေမယ့်အစား ပြည်တွင်းမှာ ထိုင်ပြီး သာသာယာယာ အလှူခံနေလို့ရသည်။ အလှူခံတော်လှန်ရေး ဝန်ကြီးဌာနရုံးဖွင့်ပြီး အလှူခံရင် လှူချင် တန်းချင်သူတွေ တိုက်ရိုက် လှူနိုင်အောင် စီမံပေးရမည် ဖြစ်သည်။ တော်လှန်မြို့တော်ကြီးမှာ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေနဲ့ တော်လှန်ပြည်သူတွေစုပြီး တစ်နေရာတည်း ပျော်ပျော်ပါးပါး နေလို့ရသေးသည်။ ပြည်ပမှာနေပြီး အသက်၊ သွေး၊ ဘဝတွေ ပေးဆပ်နေရတဲ့ ခေါင်းဆောင်ကြီးတွေ ပြည်တွင်းပြန်လာပြီး တော်လှန်မြို့တော်ကြီးမှာ အသက်တွေ၊ ဘဝတွေပေးဆပ်တဲ့ မြင်ကွင်းကတွေး ကြည့်တာနဲ့တင် ကြည်နူးဖို့ ကောင်းလှပေသည်။ ကဲ...ပြည်တွင်းပြန်လာမယ့် အဖွဲ့တွေ လာထားနော်... လာထား... နောက်ကျရင် အပေါက်ဝက လှည့်ပြန်ရမယ်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )