၂၀၂၅ မတ် ၁၄
နိုင်ငံတော်ဝန်ကြီးချုပ်ကြီး ရုရှားခရီးစဉ်နှင့်အတူ ဘီလာရုစ်နိုင်ငံကိုပါ ခရီးဆက်ခဲ့သည်။ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် နျူဓာတ် ပေါင်းဖိုတွေ ဆောက်ဖို့ သဘောတူခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် တိုက်လေယာဉ်တွေ ဝယ်ခဲ့သေးသည်။ ရုရှားနိုင်ငံကိုလည်း နှစ်နိုင်ငံ ချစ်ကြည်ရေးဆင်တွေ လက်ဆောင်ပေးခဲ့သည်။ ရုရှားသမ္မတကြီးကလည်း နွေးနွေးထွေးထွေး ကြိုဆိုတာမြင်ရတော့ စိတ်ချမ်းသာရပြန်သည်။ ရုရှားဆိုတာက ထူးမြတ်တို့လည်း တစ်ခါမှ မရောက်ဖူးတဲ့နိုင်ငံ ဆိုတော့လည်း ရုပ်သံသတင်းတွေ မျက်ခြည်မပြတ် ကြည့်ရသေးသည်။ မြန်မာအလံ တပ်ဆင်ထားသော လေယာဉ်ပျံကြီးပေါ်မှ ဝန်ကြီးချုပ်ကြီး ဆင်းလာသည်နှင့် တစ်ပြိုင်နက် ရုရှားကြိုဆိုရေး တပ်ဖွဲ့တွေက မြန်မာနိုင်ငံတော်သီချင်းကို တီးမှုတ်လေတော့ အလိုလိုနေရင်း ကြက်သီးထမိသေးသည်။ ကိုယ့်တိုင်း ပြည်အကျိုးအတွက် နိုင်ငံ့အကြီးအကဲသွားသော ခရီးစဉ် သာယာချမ်းမြေ့ပါစေကြောင်းနှင့် နိုင်ငံတော်အတွက် အကျိုးရှိစေသော ရလဒ်ကောင်းတွေ ဆောင်ယူနိုင်ပါစေ ကြောင်း ဆုတောင်းနေမိသည်။ နိုင်ငံတော်ဆိုတာက ထာဝရတည်တံ့ရမည် ဖြစ်သလို ယနေ့ခေတ်ကာလတွင် နိုင်ငံကြီးအချို့ စစ်မီး ရတက်ပွေနေရသည်။ ဒါကြောင့်လည်း ယူကရိန်းသမ္မတကြီးကိုယ်တိုင် ဖရိုဖရဲဖြင့် အမေရိကားကို ပြေးတွေ့ အမေရိကန်သတင်းထောက် ဇင်အောင်တို့ကလည်း အလိုက်ကန်းဆိုးမသိ သူ့တို့နိုင်ငံ၏ အထင်ကရ နေရာကိုလာတာ အဝတ်အစား အကောင်းစားတွေ မဝတ်လာလို့ဆိုပြီး အပြစ်တင်ကာ သတင်းလုပ် ရေးကြသည်။ ယူကရိန်းသမ္မတ မျက်နှာဇီး(ဆီး) ရွက်လောက်ဖြင့် ပြန်သွားရလေသည်။
ဒီလိုဆိုတော့လည်း ကိုယ်ချင်းစာမိသေးသည်။ မည်သည့်နိုင်ငံသားမဆို ကိုယ့်နိုင်ငံတော်အကြီး အကဲကို တခြားနိုင်ငံက မလေးမစား ဆက်ဆံတာမျိုး ကြိုက်ကြမည် မဟုတ်ပေ။ ထို့ကြောင့်လည်း နိုင်ငံတော်ဝန်ကြီးချုပ် ကြီးခရီးစဉ်ကို ရုရှားခေါင်းဆောင်ကြီးတွေ ဘာတွေကြို ဆိုပြီး၊ ဘယ်လိုတွေ ပြောမလဲဆိုတာ သိချင်ဇောကများ နေမိသည်။ ဝန်ကြီးချုပ်ကြီး ခရီးစဉ်ကတော့ အောင်မြင်လှသည်ဟု ပြောရမည်။ ခရီးစဉ်တောင်မပြီးသေး နောက် ခရီးစဉ်လာဖို့ ထပ်မံ ဖိတ်ကြားလိုက်သေးသည်။ ထပ်မံပြီး ကြိုတင် မကြေညာထားသော ဘီလာရုစ်နိုင်ငံခရီးစဉ်ကိုလည်း သွားကာ နှစ်နိုင်ငံချစ်ကြည်ရေး စိုက်ပျိုးရေး နိုင်ငံဖြစ်သည့် မြန်မာက ရွှေလမ်းငွေလမ်း ဖောက်ခဲ့သေးသည်။ ဒီလိုဆိုပြန်တော့လည်း နိုင်ငံ့အ ကျိုးအတွက် ထမ်းပိုးနေသော နိုင်ငံ့ခေါင်းဆောင်တွေကို ထောက်ခံဝန်းရံကြရမည့်အချိန် ဖြစ်သည်။ ခုကာလက ဖေ့စ်ဘုတ်ပေါ်က ခေတ်စကားနဲ့ပြောရရင် ဒီဘက်ရပ်ကွက်ကတော့ သာသာယာယာပင် ဖြစ်သည်။ တိုင်းပြည်အနာဂတ်အတွက် အကျိုးအမြတ်တွေရဖို့ ဆောင်ကြဉ်းပေးနိုင်ခဲ့သော ခရီးစဉ် အပြန်ခရီး ကြိုဆိုဖို့ ပြင်ကြဆင်ကြရင်း အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များ အောင်မြင်ပါစေကြောင်း ဆုတောင်းနေကြသည်။
ဒီလိုဆိုတော့ ဟိုဘက်ရပ်ကွက် အခြေအနေလေးလည်း လှည့်ကြည့်ရသေးသည်။ ခုတလော ဟိုဘက် ရပ်ကွက်က အားကိုးသည့် အမေရိကားကလည်း သမ္မတ ထရမ့်တက်လာပြီး ဟိုဟာတွေ ဖြတ်တောက်၊ ဒီဟာတွေ ဖြတ်တောက်ဆိုတော့ အနေအစား မချောင်ပုံရသည်။အလှူခံပွဲတွေ မတွေ့ရ သလို အရင်ကလို အမေရိကားမှာ လမ်းသလား ဆန္ဒပြတာတွေလည်း မတွေ့ရချေ။
ဒီကြားထဲ အမေရိကားက ဟိုအထောက်အပံ့တွေ၊ ဒီအထောက်အပံ့တွေ ရုတ်တရက်ဖြတ် တောက်လိုက်တော့ အထောက်အပံ့တွေ ယူထားကြသူတွေကလည်း ရုတ်တရက် အမေရိကားမှာ ဒီမိုကရေစီ ဆိတ်သုဉ်းသွားသယောင် ပြောဆိုကြသေးသည်။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို စစ်ရေးအရ အခြေအနေမကောင်းသော ဇီလန်စကီးကို ခေါ်ဆူလိုက်တာကြောင့် သရုပ်ဆောင် ဇီလန်စကီးက မျက်နှာငယ်လေး လုပ်ပြတော့ ဟိုဘက်ရပ်ကွက်က အမေရိကားမှာနေရင်း ဇီလန်းစကီးကို ထောက်ခံ အားပေးကြပြန်သည်။ အတော်လည်း တတ်နိုင်ကြတဲ့သူ တွေဖြစ်သည်။ အရင်ကတော့ မြန်မာပြည်ထဲ အမေရိကန် တပ်တွေဝင်လာရင် ကောင်းမှာပဲ၊ အမေရိကန်စစ်သင်္ဘောကြီးတွေကို ၁၉၈၈ ခုနှစ် လောက်ကတည်းက မျှော်နေကြ သူတွေက ရုတ်တရက် ဇီလန်စကီးပရိသတ်တွေ ဖြစ်ကုန်ကြသည်။ အမေရိကန်မှာ အခြေအနေမကောင်းရင် ယူကရိန်းထိ သွားတော်လှန်ချင်ပုံရသည်။
ဟိုဘက်ရပ်ကွက်က ဝန်ကြီးချုပ် ခရီးစဉ်ကိုလည်း မျက်ခြည်မပြတ်စောင့်ကြည့်ရသေးသည်။ မိုးတဖွဲဖွဲကြားမှာ ကော်ဇောနီ ထုတ်မခင်းလို့ဆိုပြီး သံတမန်တစ် ဆင့်နိမ့်တယ်ဆိုပြီး ဝေဖန်ကြပြန် သည်။ ဒါတင်မကသေး ရောက်ရောက်ချင်း သက်ဆိုင်ရာ နိုင်ငံက သူရဲကောင်း စစ်သည်ဗိမာန်တွေ တက်ရောက် ဂါရဝပြုရ ကောင်းသလားဆိုပြီး ပြောကြပြန်သေးသည်။ အစိုးရအစစ်ကို နိုင်ငံတကာက တရားဝင်ခရီးစဉ်တွေဖိတ်ပြီး ငါတို့အစိုးရ အတုတွေကို မဖိတ်ဘူးလားဆိုပြီး နိုင်ငံတကာကိုပြဿနာ ရှာရပြန်သေးသည်။ လေးနှစ်လုံးလုံး နိုင်ငံတကာအကူ အညီတွေ တောင်းလာလိုက်တာများ ယနေ့အ ချိန်ထိ နိုင်ငံတကာက မြန်မာအပေါ် ဘာတွေပိတ်ပါဦး၊ ဆို့ပါဦးဆိုပြီး တောင်းဆိုနေကြဆဲ ဖြစ်သည်။ အစိုးရအတုကို ကြည့်ရတာ မြန်မာအစိုးရအစစ်ကို ကျိတ်ကြွေနေပုံရသည်။ သူတို့ကိုလည်း နိုင်ငံတကာကဖိတ်လို့ ခရီးတွေ ထွက်ချင်ပုံရသည်။ ဒါများ လွယ်လွယ်လေးဟု အကြံ ပေးချင်ကြသည်။ တော်လှန်ရေးလုပ်မဟေ့ဆိုပြီး ထွက်သွားကြတဲ့ သူတွေ သြဇီ၊ အမေရိကား၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း နိုင်ငံမှာ ရှိကြသည်။ ဒါများ ဘယ်နိုင်ငံက တော်လှန်ရေးခေါင်းဆောင်ကြီး၏ ဖိတ်ကြားချက်အရ ဘယ် နိုင်ငံက တော်လှန်ရေး ခေါင်းဆောင်ကြီးက အလုပ်သဘောခရီး၊ တရားဝင်ခရီး သွားရောက်ဆိုပြီး တစ်နိုင်ငံ နှင့်တစ်နိုင်ငံ ပတ်သွားနေလို့ ရသည်။ လာရောက် ကြိုဆိုသူကလည်း တစ်ကိုက်ကို မြန်မာငွေ တစ်သောင်း လောက်သာရှိသည့် ကော်ဇောနီ အလိတ်ကြီးတွေဝယ်ပြီး လေဆိပ်မှာခင်း ကြိုဆိုကာ အပြန်အလှန် ကြိုဆိုရေး ဓာတ်ပုံတွေရိုက်ပြီး ကမ္ဘာကိုပတ်ကြွားလို့တောင် ရသေးသည်။
ဒီလိုမစဉ်းစားဘဲ ဝေဖန်စရာတွေပဲ ဆီလိုအပေါက်ရှာနေကြသည်။ စာပေယဉ်ကျေးမှုအရ၊ စာပေ အထောက်အထားအရ ရုရှားသမ္မတကြီးကို တိုက်တိုက် ဆိုင်ဆိုင်ပြောပြသည့် ကြွက်မင်းကိစ္စကို ဝေဖန်ကြပြန်သေးသည်။ ဟိုဘက်ရပ်ကွက်က အစိုးရအတုကြီး ဂုဏ်ယူလို့ရအောင် ထူးမြတ်က သာ သာထိုးထိုးလေး သမိုင်းအထောက်အထားလေးနှင့် အရောက်ပို့ချင်သေးသည်။ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ စာမဖတ်လို့ မသိတာဖြစ်မည်ထင်သည်။ အမှန်တော့ ခေါင်းဆောင်ကြီးတွေက ဆင်ဝင်စားတာဖြစ်သည်။ ရုရှားကို မြန်မာက လက်ဆောင်ပေးသည် ဆင်တွေတော့ မဟုတ်ချေ။ မြန်မာဘုရင် ဘိုးတော်ဦးဝိုင်း လက်ထက်က ဦးဝိုင်းအချစ်တော် ဆင်ကြီးဝင်စားကြတာဖြစ်သည်။ ဘာ ဆိုင်လို့လည်းကွာ အထောက်အထားပြဆိုရင် ပြရမည်ဖြစ်သည်။ ဘိုးတော်ဦးဝိုင်းက ဆင်ဖြူရှင်ဘွဲ့ ခံလိုတာကြောင့် သူ့ဆင်ကြီး ဖြူ ၊ မဖြူ အမတ်ကြီးပေါ်ဦးကို မေးမြန်းလေသည်။ ထိုကာလက ဘိုးတော်ဦးဝိုင်းတစ်ယောက် ကျပ်စရာမရှိရင် အမတ်ကြီး ပေါ်ဦးကိုသာ ထိုင်ကျပ်နေပုံရသည်။
ဆင်မည်းကြီးကို ဆင်ဖြူဟု ဗြောင်လိမ်ရအောင်လည်း ဦးပေါ်ဦး မဝံ့တာကြောင့် ရာဇမာန်အမျက်မရှအောင် ဖြေပုံက "မှန်လှပါဘုရား အရှင်ဘုရားရဲ့ ဆင်ဖြူတာဟာ ခုနည်းနည်းသာ ဖြူသော်လည်း နောင်နှစ်ပေါင်း ၆၀ ကျရင်တော့ စွတ်စွတ်ဖြူတဲ့ ဆင်ဖြူတော် ကြီးဖြစ်မှပါ"ဟု လျှောက်တင်ပြီး ဘုရင်ကို ကျေနပ်စေခဲ့သည်။ ကျန်မှူးကြီးမတ်ရာတွေက "ဟာ ပေါ်ဦး မင်း အတင့်ရဲလှချည်လား ဆင်မည်းကြီးက နှစ် ၆၀ ကြာရင် ဖြူမယ်လို့ ဘာလို့ အာမခံရတာလဲ"ဆိုတော့ ဦးပေါ်ဦးက "နောင် နှစ် ၆၀ ဆိုရင် ဆင်လည်း မရှိတော့ဘူး။ ဘုရင်လည်း မရှိတော့ဘူး"ဟု ဖြေကြားလေသည်။ ဒါကြောင့် အစိုးရအတု တော်လှန်ရေးခေါင်းဆောင်ကြီးတွေက ဘိုးတော် ဦးဝိုင်းဆင်ဝင်စားတာ ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ခေတ်ပေါ်အမတ်ကြီး ဦးထူးမြတ်လျှောက်ထားချင်တာက "တော်လှန်ရေး ဆင်ဖြူကြီးက အခုနည်းနည်း ဖြူသော်လည်း နောင်နှစ် ၆၀ ကြရင် တော်လှန်ရေး အောင်ပြီးရင် စွတ်စွတ်ဖြူမှာပါ"ဟုသာ ဆိုချင်သည်။ နောင်နှစ် ၆၀ ဆိုရင် တော်လှန်ရေးခေါင်းဆောင်ကြီး တွေရှိမှာ မဟုတ်သလို၊ တော်လှန်ရေးဆိုတာကြီးလည်း မရှိသလို၊ မောင်ထူးမြတ်တစ်ယောက်လည်း ရှိနိုင်မည် မဟုတ်တော့ပေ။ ဒီတော့ ဆင်ဝင်စား ခေါင်းဆောင်ကြီးတွေ တော်လှန်ဆင် ဖြူ၊ မဖြူဆိုတာ စောင့်ကြည့်လို့ ရနိုင်မည် မဟုတ်ချေ။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )