နှစ်ဆင့်ချေးငွေစီမံကိန်းမှ တောင်သူတစ်ဦးလျှင် ကျပ်သိန်း ၇၀၀ အထိ ထုတ်ချေးပေး လျက်ရှိ

၂၀၂၄ ၊ ဖေဖော်ဝါရီ ၇
    စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းမှ အတိုးနှုန်း သက်သာစွာဖြင့် တောင်သူတစ်ဦးချင်းလျှင် ကျပ်သိန်း ၇၀၀ အထိ နှစ်တိုသုံးနှစ်၊ နှစ်ရှည်ငါးနှစ် အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးနေကြောင်း ဆိုသည်။
    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အဆိုပါ စီမံကိန်းဦးဆောင်ကော်မတီ၏ ယခု ဖေဖော်ဝါရီလအစက နေပြည်တော်တွင် ပြုလုပ်သည့် (၂၉) ကြိမ်မြောက် အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်းဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
    စာရင်းများအရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ မြို့နယ် ၁၈၇ မြို့နယ်ရှိ တောင်သူ ၅၇၀၃ ဦးသို့ ချေးငွေကျပ် ၂၃၈၄၂၅ ဒသမ ၁၇၈ သန်း ထုတ်ချေးပေးထားပြီး ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည် နယ် ခုနစ်ခုရှိ မြို့နယ် ၁၇ မြို့နယ်မှ တောင်သူ ၄၆ ဦးသို့ ချေးငွေ ကျပ် ၃၁၁၆ ဒသမ ၆၅ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရ သည်။
    စိမံကိန်းမှ ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ်ထုတ် ချေးနိုင်ရန် ဆက်လက်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)နှင့် ဘဏ်ခွဲအဆင့်ဆင့်သည် ထုတ်ချေးထားသော ချေးငွေများနှင့်စပ်လျဉ်း၍ Evaluation & Monitoring ကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိကြောင်း ဆိုသည်။
    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနသည် နှစ်ဆင့်ချေးငွေ စီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး တောင်သူများ စိုက်ပျိုးစရိတ်အပြင် ထွန်စက်ကြီးများ၊ ရိတ်သိမ်းခြွေလှေ့စက်များ၊ ထော် လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့် စက်များဝယ်ယူနိုင်ရေး စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက်ပါ ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။
    နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု မြင့်မားစေရေး၊ တောင်သူများ၊ ကန်ထရိုက် လယ်ယာစနစ်ဆောင်ရွက်သူများ ခေတ်မီ လယ်ယာသုံး စက်ကိရိယာများ သုံးစွဲလာနိုင်ရေး ဘဏ္ဍာရေးပိုင်းပံ့ပိုးဆောင်ရွက်မှုအ ဖြစ် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဘဏ်ခွဲများမှတစ်ဆင့် ချေးငွေများရရှိနိုင်ရေး စဉ်ဆက်မ ပြတ်ဆောင်ရွက်ပေးနေကြောင်းဆိုသည်။
    ထို့ကြောင့် စီမံကိန်းအောင်မြင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများ၊ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာများ ပါဝင်ရောင်းချသည့် ကုမ္ပဏီများသည်လည်း လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များ နှင့်အညီ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစည်းအဝေး၌ ပြောကြားခဲ့သည်။

Total Views ~ 225

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42900

© 2022 - 2025 News. All Rights Reserved.