၂၀၂၄ ဇန်နဝါရီ ၁၈
"၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သူတောင်းစားညီလာခံ"ဟူသော ရွှေရောင်စာလုံးကြီး နံရံထက်တွင် အင်မတန်မှ ကြည့်ကောင်းလှသည်။ အပြည်ပြည်ဆိုင်ရာ သူတောင်းစားများ အကျပ်အတည်းရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ယခင်က ငါးနှစ်တစ်ကြိမ်မှသာ သူတောင်းစားအမှုဆောင်အဆင့်ဆင့် ရွေးချယ်ပွဲနှင့်အတူ ကျင်းပလေ့ရှိသော်လည်း ယခုအခါ သုံးနှစ်သာရှိသေးသော်လည်း အရေးပေါ်အခြေအနေ အကြောင်းအရင်းများကြောင့် ညီလာခံကို ဆောလျင်စွာ ကျင်းပရခြင်းဖြစ်သည်။ အကြောင်းမူကား အပြည်ပြည်ဆိုင်ရာ သူတောင်းစားများအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ကပ်ရောဂါများအပြင် အခြားအကြောင်းအရာများကြောင့် ဝင်ငွေသိသာစွာ ကျဆင်းသွားရတာကြောင့် သူတောင်းစားလောက ရေရှည်ရပ်တည်ရေး၊ သူတောင်းစား လူ့အခွင့်အရေး အပြည့်အဝရရှိရေးတို့အတွက် ညီလာခံကို နှစ်နှစ်ခန့်စောကာ ကျင်းပရခြင်းဖြစ်သည်။ ထို့ကြောင့် အရေးပေါ်ညီလာခံကို ကမ္ဘာ့နိုင်ငံအသီးသီးမှ သူတောင်းစားကိုယ်စားလှယ်ပေါင်းများစွာ လာ ရောက် ကြခြင်းဖြစ်သည်။
ညီလာခံ အစည်းအဝေးများ ထုံးစံအတိုင်း အပြည်ပြည်ဆိုင်ရာမှ သူတောင်းစားကိုယ်စားလှယ်များ နေရာယူပြီးချိန်တွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အမေရိကန်မှဥက္ကဋ္ဌကြီး စင်မြင့်ပေါ်သို့ရောက် ရှိလာခဲ့သည်။ သူတောင်းစားလောကဆိုပြီး အချို့က အထင်သေးကြပေလိမ့်မည်။ သို့သော် စနစ်တကျရှိလာသော အပြည်ပြည်ဆိုင်ရာ သူတောင်းစားအဖွဲ့ချုပ်ကြီးကမူ တန်းတူညီမျှရေးကို လက်ကိုင်ထားပြီး အလှည့်ကျ ဥက္ကဋ္ဌစနစ်ဖြင့် တာဝန်ယူကြရပြီး အမှုဆောင်များကို ညီလာခံများမှတစ်ဆင့် ရွေးချယ်တင်မြှောက်ကာ တာဝန်ယူစေခြင်း ဖြစ်သည်။ ဒါကြောင့် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အမေရိကန်မှ အိမ်ခြေရာမဲ့ သူတောင်းစားတို့က တာဝန်ယူရခြင်းဖြစ်သည်။ ယခုနှစ် အလှည့်ကျဥက္ကဋ္ဌကြီးက ညီလာခံကျင်းပရာ စင်မြင်ပေါ်သို့ တက်လာချိန် နိုင်ငံတကာ သူတောင်းစား ကိုယ်စားလှယ်ကြီးများက မတ်တတ်ရပ် ဂါရဝပြုလိုက်ကြပြီးနောက် ဥက္ကဋ္ဌကြီးက ပြန်လည်ထိုင်နိုင်ပြီ ဖြစ်ကြောင်း လက်ဟန်ဖြင့်ပြလိုက်သည်။ ထို့နောက် ညီလာခံအဖွင့် မိန့်ခွန်းကို အလှည့်ကျ ဥက္ကဋ္ဌ ကြီးက စတင်ပြောကြားလိုက်သည်။
"ကြွရောက်လာကြသော နိုင်ငံတကာမှ သူတောင်းစားကိုယ်စားလှယ်ကြီးများခင်ဗျား။ ကျွန်တော်တို့ လောကကြီးဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်နဲ့အပြိုင် ကျဆင်းလာခဲ့ပြီး ယခင်က တောင်းရမ်းမှုပမာဏလောက် ဝင်ငွေပြန်လည်မရရှိတော့သလို ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် အတွင်းမှာလည်း သူတောင်းစားအမည် မခံသော်လည်း နည်းမျိုးစုံနဲ့ တောင်းရမ်းစားသောက်သူတွေ ပေါ်လာတဲ့အတွက် ဝင်ငွေဆက်တိုက် ကျဆင်းလာတာကို အံ့သြဖွယ်တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တောင်းရမ်း စားသောက်စရာနေရာတွေ ရှားပါးလာပြီး ကျွန်တော်တို့ အမေရိကားက အိမ်ခြေမဲ့တွေလည်း တစ်စတစ်စ ကျပ်တည်းလာခဲ့ပါတယ်။ ကျွန်တော်တို့ သာမက နိုင်ငံတကာက ဘဝတူသူတောင်းစားတွေပါ ခုလို အကျပ်အတည်း ရင်ဆိုင်လာရတဲ့အတွက် ဒီကာလဟာ အခက်ခဲဆုံး ရေဆန်ကို ဖြတ်ကျော်တဲ့ ကာလဖြစ်လို့ အဆန်လှေဖြစ်သည် ဝေစုတောင်းရင် ခွက်တစ်လုံး ရမည်ဆိုတဲ့အတိုင်း အားလုံးတက်ညီလက်ညီ တောင်းရမ်းမှုကို မြှင့်တင်ကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ တောင်ရမ်းမှုတွေကို ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်တောင်းရမ်းကြရမှာဖြစ်လို့ 'ငါတို့မှာ ငါတို့ပဲရှိတယ်'ဆိုတဲ့ အရှုံးမပေးတဲ့စိတ်နဲ့ အားတင်းထားဖို့ လိုပါတယ်။ အပြည်ပြည်ဆိုင်ရာ သူတောင်းစားများအနေနဲ့လည်း ခွက်အားလုံး လမ်းမဆီသို့ဆိုတဲ့ မျှော်မှန်းချက်နဲ့အညီ မိုးလင်းတာနဲ့ ခွက်တစ်လုံးနဲ့ လမ်းမပေါ်အရောက် ချီတက်တောင်းရမ်းကြရမှာ ဖြစ်ပါတယ်။ ခွက်တိုင်းမှာ ပိုက်ဆံပါ တယ်ဆိုတဲ့မူကို လက်ကိုင်ထားရမှာ ဖြစ်ကြောင်း ပြောကြားရင်းနဲ့ အဖွင့်မိန့်ခွန်းကို နိဂုံးချုပ်ပါတယ်။ သက်ဆိုင်ရာ ကိုယ်စားလှယ်ကြီးတွေ အခက်အခဲတင်ပြကြပါ"ဟု ပြောကြား နိဂုံးချုပ်လိုက်လေတော့ သည်။
အလှည့်ကျ သူတောင်းစားဥက္ကဋ္ဌကြီး၏ မိန့်ခွန်းအပြီး နိုင်ငံတကာက သူတောင်းစားကိုယ်စားလှယ်များ အလှည့်ကျ တင်ပြဆွေးနွေးရန် အစီအစဉ် စတင်ရာ အမေရိကန်မှ သူတောင်းစားကိုယ်စားလှယ်ကစတင်၍ အခက်အခဲ တင်ပြလေတော့သည်။ "လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ညီလာခံကို တက်ရောက်လာသော သူတောင်းစားကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ အမေရိကန်နိုင်ငံ နယူးယောက်မြို့က သူတောင်းစားကိုယ်စားလှယ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ လူကြီးမင်း အဲမှားလို့ သူတောင်းစားမင်းတို့ သိတဲ့အတိုင်း နိုင်ငံတကာက ရွှေ့ပြောင်းအခြေချသူတွေ လာရောက်ကြပြီး ၂၀၂၁ ခုနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံတစ်ခုကလူတွေ ပိုမိုဝင်ရောက်လာကြပါတယ်။ အဲ့ဒီနိုင်ငံကလူတွေ လာရောက်ပြီးကတည်းက ကျွန်တော်တို့ ဝင်ငွေတွေ ဆက်တိုက်ကျဆင်း လာခဲ့ရပါတယ်။ ကျွန်တော်တို့က စားလောက်၊ သောက်လောက်ရုံ တောင်းရမ်းသော်လည်း သူတို့က ကျွန်တော်တို့ရဲ့ နေရာတွေကို ကွက်ကျော်ရိုက်ပြီး သူဌေးဖြစ် တောင်းရမ်းမှုတွေကို ပြု လုပ်နေကြပါတယ်။ ကျွန်တော်တို့လို သူတောင်းစား အမည်ခံတာမဟုတ်ဘဲ အဆင့်မြင့် ပရောဂျက်တွေနဲ့ တောင်းရမ်းပြီး အခုဆိုရင် ဆိုင်တွေဖွင့်၊ အိမ်တွေဝယ်၊ ကားတွေဝယ်ပြီး သုံးနှစ်အတွင်း သူဌေးဖြစ်ကြံသွားကြတော့ ကျွန်တော်တို့ ရှိရင်းစွဲ အမေရိကန် သူတောင်းစားတွေ ငတ်ပြတ်ကုန်ကျတာပါပဲ။ သူတို့အနေနဲ့ မကြာခဏ ဆိုသလို အိမ်ပြန်ချင်တယ်ပြောပြောပြီး အိမ်ပြန်ဖို့ပရော ဂျက်တွေနဲ့ အလှူခံပြီး အခုထက်ထိ မပြန်သေးဘဲ ဆက်လက်တောင်းရမ်းနေတာကြောင့် လမ်းစရိတ်တောင်းတာလား၊ ဂျက်လေယာဉ်ဖိုး တောင်းတာလား မသဲကွဲဘူး ဖြစ်နေပါတယ်။ သူတို့တွေအနေနဲ့ တစ်ခါတလေ သူ့ဟာသူ ရေကူးတတ်တဲ့ ဆယ်လမွန်ငါးတွေတောင် အိမ်ပြန် ပို့ဖို့ပရောဂျက်ဆွဲ၊ ဒေါ်လာတွေ တောင်းရမ်း တတ်တဲ့အတွက် သူတို့ရဲ့ တောင်းစားတဲ့နည်းပညာ မြင့်မားတာကြောင့် ကျွန်တော်တို့ရှိရင်းစွဲ သူတောင်းစားတွေ ငတ်ပြတ်နေကြတဲ့ အခက်အခဲကိုတင်ပြလိုပါတယ်"ဟု အမေရိကန်ရှိရင်းစွဲ သူတောင်းစားကိုယ်စားလှယ်ကြီးက တင် ပြသွားလေသည်။
ထပ်မံ၍ နောက်အလှည့်ကျဖြစ်သည့် ယိုးဒယားနိုင်ငံမှ သူတောင်းစားကိုယ်စားလှယ်ကြီးက မတ်တတ်ရပ်ကာ "ဆာဝါဒီခပ် လေးချားအပ်ပါသော အုတ်ကထကြီး ခင်ညာ၊ ချွန်တော်ကတော့ ဘန်ဂေါက်က တတောင်းချားကိုယ်ချားလှယ်ပဲ ဖြစ်ပါတယ်။ နှာထောင်း နည်းနည်းတိုနေလို့ ချကား မပီတာ ခွင့်လွှတ်ပေးပါ။ ချွန်တော်တို့ နိုင်ငံမှာလည်း အမေဒစ်ကန်က ကိုယ်ချားလှယ်ကြီးတင်ပြသွားသလို ခက်ခဲနေပါတယ်။ ချွန်တော်တို့လို မသန်မစွမ်းတွေ၊ ငတ်ပြတ်နေတဲ့ လူတွေက ဒုက္ခသည် အမည်ခံပြီး အခြားနိုင်ငံမှာ သွားရောက်တောင်းချားဖို့ အခွင့်အရေးရရမယ့်အစား ခြေကောင်း၊ လက်ကောင်း၊ ဦးနှောက်ကောင်းတဲ့ လူတွေက ဒုက္ခသည်စခန်းတွေကို ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိဘဲ အမေဒစ်ကားတို့၊ သြဇီတို့ကိုသွားဖို့ ကြိုးစားနေကြပါတယ်။ ဒါကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေကလည်း ဒုက္ခသည်အဖြစ် လက်ခံတာတွေ့ရတော့ ကျွန်တော်တို့လို့ တတောင်းချားတွေက ဒုက္ခသည်မဟုတ်ဘူးလားဆိုတာ မေးခွန်းထုတ်ချင်ပါတယ်။ သူတို့ချည်းပဲ ဒုက္ခသည်ခံယူနေတော့ ကျွန်တော်တို့ ကြာရင်ငတ်လာပြီး သူတောင်း စားနိဂုံး ၂၀၂၃ဆိုသလို ဖြစ်ခဲ့ရပါပြီ။ ကြာရင် သူတောင်းစားတွေ အကုန်လမ်းဘေးရောက်ပြီး ဒုက္ခသည်စခန်းတွေမှာ အမေဒစ်ကားသွားဖို့ စောင့်နေတဲ့လူတွေ တရုန်းရုန်း ဖြစ်နေကြပါပြီ။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာသူတောင်း စားအဖွဲ့ကြီးအနေနဲ့ ယိုးဒယားသူတောင်းစား ရေရှည် တည်တံ့ရေးအတွက် နေရာထိုင်ခင်း အဆင်ပြေစေဖို့ ဘတ်တစ်သိန်းတန် အိမ်တွေငှားပေးသင့်ပြီး တစ်လတစ်လ ဘတ်နှစ်သိန်းလောက် ထောက်ပံ့ပေးစေလိုပါတယ် ခင်ညာ။ ကျေးဇူးတင်ပါတယ်။ ခပ်ဖွန်ခပ်"ဟု တိုတိုတုတ်တုတ် ပြောကြားတင်ပြသွားလေတော့သည်။
ဒီတစ်ခါမှာတော့ ဂစ်တာတစ်လုံးလွယ်ကာ မတ်တတ်ထရပ်လာသည့် သြဇီသူတောင်းစား ကိုယ်စားလယ်တော်ကြီး၏ အလှည့်ဖြစ်သည်။ ဂစ်တာကိုဖြည်းညှင်းစွာ တီးခတ်လိုက်ပြီးသည်နှင့် "လေးစားရပါသော သူတောင်းစား ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ သြဇီနိုင်ငံကလာတဲ့ သူတောင်းစားကိုယ်စားလှယ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မိရိုးဖလာတောင်းရမ်း စားသောက်တဲ့နေရာမှာ အနုပညာကို အခြေခံတောင်း စားကြလေ့ရှိပါတယ်။ သမားရိုးကျ သူတောင်းစားသမား စဉ်အတိုင်း ခွက်တစ်လုံးချ တောင်းရမ်းတာမျိုးမဟုတ်ဘဲ တတ်သည့်ပညာ မနေသာဆိုသလို အနုပညာ ဖျော်ဖြေမှုတွေ၊ ပါဖောမန့်တွေနဲ့ တောင်းရမ်းကြတာ ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ သူတွေက ဂစ်တာတွေ လေလံတင်ရောင်းလိုရောင်း၊ ရန်ပုံငွေ ဖျော်ဖြေပွဲတွေ လုပ်လိုလုပ်နဲ့ သြဇီရှိရင်းစွဲ သူ တောင်းစားတွေရဲ့ ပါဖောမန့်တွေကို ခိုးချအလှူခံနေပါ တယ်။ နောက်ပြီး လက်ကိုင်ဖုန်းတွေနဲ့ ရိုက်ကူးတဲ့ဇာတ်ကားတွေပါ ကျွန်တော်တို့ နိုင်ငံထဲမှာ လာရောက်ပြသပြီး ဖက်ခွက်စားအချင်းချင်း သူတောင်းစားအပေါ် အလှူခံကာ ကြောသွားတာမျိုး ခံစားနေရတဲ့အတွက် သူတောင်း စားဝင်ငွေတွေ ထိခိုက်နေရပါတယ်"ဟု ဂစ်တာကိုဒေါင် ခနဲနေအောင် ပစ်ချကာဒေါသဖြင့် တင်ပြသွားလေသည်။
"၀ လည်းပြောစရာရှိပါတယ်။ ၀ လည်းပြော စရာရှိပါတယ်။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တက်လာတာဟာ လုတို့ နိုင်ငံအသီးသီးမှာ ရောက်နေတဲ့ အလှူခံတဲ့လူတွေက ပါဝါမြင့်သူတောင်းစားတွေ ဖြစ်နိုင်ပါတယ်။ အခုလည်း ဝတို့ သူတောင်းစား အကျိုးစီးပွားကို ကာကွယ်ပေးမယ်လို့ စာပို့နေပါတယ်။ ဒါကြောင့် သူတို့သိအောင် လုတို့ပြန်ပြောပေးကြပါ။ ဝတို့ သူတောင်းစား အကျိုးစီးပွားကို ဝတို့ပဲ ကာကွယ်ပါ့မယ်။ လုတို့ အမေရိကားတို့၊ သြဇီတို့၊ ယိုးဒယားတို့မှာ ရောက်နေတဲ့သူတွေ ကို ပြောပေးပါ ဝတို့ဆီမလာကြပါနဲ့၊ ဝတို့ဘက်မလှည့်ကြ ပါနဲ့ ရောက်ရာနေရာမှာ၊ လက်ခံထားတဲ့နိုင်ငံမှာပဲ ပရောဂျက်ဆွဲ တောင်းစားကြပါလို့ ပြောချင်ပါတယ်"ဟု ချိုင်းနားကိုယ်စားလှယ်ကြီးက ပြာပြာသလဲ ထပြောလေတော့သည်။
နိဂုံးချုပ်သော် ကမ္ဘာလုံးဆိုင်ရာသူတောင်းစား အကျပ်အတည်းများ ဖြေရှင်းရေးအတွက် သူတောင်းစား အမည်မခံဘဲ တောင်းစားနေသူများ ပပျောက်ရေးစီမံချက် ရေးဆွဲဆောင်ရွက်ရန် သဘောတူခဲ့ကြပြီး နယ်စည်းမခြား တောင်းရမ်းသူများကွန်ရက် ဖွဲ့စည်းကာ ပရောဂျက်များ ဆွဲကာ ဆက်လက်တောင်းရမ်းစားသောက်ရန် သဘောတူခဲ့ကြသည်။ ညီလာခံအပြီး ဥက္ကဋ္ဌကြီးက စင်မြင့်ပေါ်မှနေ၍ "အပြည်ပြည်ဆိုင်ရာ သူတောင်းစားအဖွဲ့ကြီးရဲ့ သင်္ကေတဖြစ်တဲ့ လက်သုံးချောင်း ထောင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ နူနေတဲ့သူတွေကတော့ ရှိတာထောင်ကြပါ"ဟု ကြေညာလိုက်ပြီးသည်နှင့် သူတောင်း စားကိုယ်စားလှယ်အားလုံး မတ်တတ်ရပ်ကာ သံပြိုင်ကြွေးကြော်သံအဖြစ် "အတောင်းတော်ပုံအောင်ရမည်"ဟု သုံးကြိမ်အော်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြလေသည်။
ထူးမြတ်
( TREND News ဂျာနယ် အတွဲ (၃)၊ အမှတ် (၁) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )