ဖက်ဒရယ်ဒီမိုကရေစီအရေး ကြွေးကြော်ပြီး မြို့ရွာဖျက်နေကြသူများ

၂၀၂၃ ဒီဇင်ဘာ ၃၀

ခေတ်မီအောင် ခွက်ဆွဲကြလေရောသလား
    ပြုံးစိစိလုပ်နေတာ ဘာလို့လဲဟုဆိုလျှင် ရယ်ချင်လို့ဟု ဆိုရမလိုဖြစ်နေလေသည်။ ဂျပန်ရောက် မြန်မာအမျိုးသမီးလေးတစ်ယောက် ရေးထားသည့်စာကို ဖတ်ကြည်ရင်းမှ ထိုကဲ့သို့ပြုံးမိခြင်း ဖြစ်ပါသည်။ သူမနှင့်က ဇာတ်လမ်းရှိခဲ့ဖူးသည်ဟု ဆိုရမလား။ ဇာတ်လမ်းဆို၍ အခြားသောအကြောင်းအရာများ မထင်လိုက်လေနှင့်။
    လွန်ခဲ့သည့် နှစ်လခန့်ကဖြစ်သည်။ထိုညီမ ငယ်လေးက ဂျပန်နိုင်ငံတွင် သူမတို့ လူအုပ်ကြီးနှင့်အတူ ခွက်ကိုယ်စီကိုင်ဆွဲကာ အလှူခံနေကြချိန်ဖြစ်၏။ သူမတို့ ရွပ်ရွပ်ချွံချွံ အလှူခံနေကြောင်းကို လူမှုကွန်ရက်မှတစ်ဆင့် ကြွယ်သည်ဟု ဆိုနိုင်ပါသည်။ တိုင်းနိုင်ငံပြည်အရေးကို အလှူခံပြီး အားကြိုးမာန်တက် ဆောင်ရွက်နေသည်ပေါ့။သူမတို့ခွက်ကိုယ်စီဖြင့် အလှူခံနေသည်ကိုကြည့်ပြီး ဟိုး ယခင်ကပြောခဲ့ဖူးသည့်အတိုင်း 'ပြီးခါနီးပါပြီ ညီမလေး ရယ်တောင့်ထားပါနော်'ဟု ခပ်ထေ့ထေ့မှတ်ချက်ပေးလိုက်ရာ ထိုကလေးမလေးက 'ဟုတ်ကဲ့'ဟု အကြောင်း ပြန်မှတ်ချက်ပြုလေသည်။ ထိုမှတ်ချက်လေးအောက်မှပင် 'ဘာစကားကြီးလဲ'ဟု တစ်မျိုး၊ 'အားတင်းထားပါ'ဟု တစ်သွယ်၊ ဖိုက်တင်းဟုဆိုသူကဆို၊ မင်းတို့အချင်းချင်းက ဘာလားဟု ပြောသူပြောဖြင့် ပွဲငယ်လေးကိုဖြစ်ဟု ဆိုရမည်ဖြစ်သည်။ ပွဲငယ်ဟုဆိုရခြင်းသည် မြန်မာနိုင်ငံတွင်  တိုင်းကျော်ပြည်ကျော်ပွဲကြီးများ မကြာခဏဖြစ်တတ်သောကြောင့်ပင်ဖြစ်သည်။ ထိုမှတ်ချက်လေးသည် လွန်ခဲ့သည့်နှစ်လခန့်က ရေးခဲ့သော်လည်း ယခုထိ Noti များ တက်နေဆဲဖြစ်သောကြောင့် ထိုကလေးမလေးလှုပ်ရှား မှုတိုင်းကိုလည်း မကြာခဏတွေ့မြင်နေရသည်ဟု ဆိုနိုင်ပါသည်။ ဒီကြားထဲတွင် ထိုကလေးမလေးသည်လည်း အလှူခံသည့်အလုပ်အား မကြာခဏ ပြုလုပ်နေခြင်းကို တွေ့မြင်နေရလေသည်။ "ဒီရက်ပိုင်း သူမအလှူခံသည့် စာရေးပုံက အနည်းငယ်ဆန်းလာသည်ဟု ဆိုရမည်ဖြစ်သည်။ သူတို့လူအုပ်စု ခွက်ကလေးများကိုယ်စီဖြင့်"(၉၁) ကြိမ်မြောက် အလှူခံမှာ အင်အားအရမ်းနည်းတဲ့အမှတ် တရတွေနဲ့ပါ'ဟု ခွက်ကိုင်ရသည်မှာ အဆင်မပြေတော့ကြောင်း ရေးသားထားလေသည်။ ထိုညီမလေးကို ပြော ချင်သည့်စကားက ညီမလေးတို့ ခွက်ဆွဲပြီးအလှူခံတယ် ဆိုတာ ညီမလေးတို့တင် ထည့်မယ့်သူမရှိတာမဟုတ်ပါဘူး၊ တော်လှန်ရေးအမည်ခံပြီး အလှူခံတဲ့သူမှန်သမျှ ဘယ်သူမှ အလှူငွေမရကြတော့ပါဘူး"ဟု ပြောချင်သော်လည်း မပြောဖြစ်ခဲ့ဟု ဆိုရမည်ဖြစ်သည်။
   တောင်းပုံဆန်းသည့် PDF များ လွိုင်ကော်ဘက်မှ PDF တစ်ယောက်အလှူ ခံပုံ၊ အလှူခံနည်းကို ပြောပြချင်ပါသည်။ သူတို့ဆိုနေကြ အတိုင်း "တစ်ခုလောက်အကူအညီတောင်းချင်ပါတယ်အမျိုးတို့ရေ"ဟုစပြီး အမျိုးတို့ရေဆိုလျှင် အလှူခံတော့ မည်ဟုသာ မှတ်ပေရော့ဟုဆိုရမလိုပင်ဖြစ်သည်။ "လက် နက်အတွက်၊ စားဖို့သောက်ဖို့အတွက် အကုန်ပြည့်စုံတယ်။ အခုအခက်အခဲဖြစ်နေတာက တယ်လီနောဖုန်း ဘေလ်တပ်ရင်းတစ်ခုလုံး လိုင်းကောင်းကောင်းသုံးရဖို့ ဖုန်းဘေလ်လိုအပ်နေလို့ပါ"ဟုဆိုကာသူ၏ ဖုန်းနံပါတ်နှင့်အတူ ဖုန်းဘေလ်တပ်ရင်းတစ်ခုစာ နှစ်သိန်းဖိုးအလှူခံ နေလေသည်။ သူတင်ပဲလားဆို မဟုတ်သေးဘူးဟု ဆိုရမည်ဖြစ်သည်။ မကွေးတိုင်း ပခုက္ကူမြို့နယ် Young Force-UG တပ်ဖွဲ့ကလည်း ရိက္ခာအခက်အခဲဖြစ်နေပြီးကူညီထောက်ပံ့မှုတွေ လိုအပ်နေလို့ဟု ဒီဇင်ဘာ ၂၂ ရက်က အလှူခံနေပြန်လေသည်။
    နောက်တစ်ယောက်က သူတို့ထက်အဖြစ်ဆိုးသည်ဟု ဆိုရမည်ဖြစ်သည်။ အရေးပေါ် ၆၇၀၀၀ လောက် အမြန်ကူညီကြပါဗျာ။ မြန်မာငွေပါ၊ ထောက်ပို့ မလာခင် ကျွန်တော် နှလုံးဆေးလေး တစ်ဘူးလောက် မှာဝယ်ချင်လို့ပါ၊ လိမ်မစားပါဘူး၊ နှလုံးအရမ်းအောင့် နေတာ မနေနိုင်တော့လို့ပါ။ ဆေးဝယ်မသောက်နိုင်လို့ မသောက်တာ နှစ်လကျော်နေပါပြီ။ အဆင်ပြေတဲ့ပြည် သူကူညီကြပါ၊ ပြည်သူရယ်။ ပြန်ဆပ်ဆိုလည်း ဆပ်ပါမယ့်"ဟူ၍ သနားစဖွယ်မရိုးနိုင်သည့် အလှူခံနည်းထဲက တစ်နည်းဖြင့် အလှူခံနေလေသည်။ သူတို့ထက် ထူးဆန်းသည့်အလှူခံအဖွဲ့ သူတို့အခေါ် ရန်ပုံငွေကောက်ခံ သည့်အဖွဲ့မှာ ကျွန်တော်တို့အညာ မုံရွာဘက်က PDF များဖြစ်သည်။ သူတို့အဖွဲ့ထုတ်ပြန်ထားသည်က "မုံရွာ- မန်းလေးလမ်းအဖွဲ့ ရန်ပုံငွေကောက်ခံနေသောအဖွဲ့များ အထူးသတိထားကြပါရန်၊ မုံရွာလာသော ကားတော် တော်များများအား စစ်ကိုင်းစစ်ဆေးရေးဂိတ်မှ ဘယ်နေရာ၊ ဘယ်အဖွဲ့ ငွေကြေးကောက်ခံနေကြောင်းကို လူအရေအတွက်၊ တည်နေရာများအား မေးမြန်းစုံစမ်းနေပါ သဖြင့် မုံ-မန်းလမ်းဘေးအဖွဲ့များအထူး(အထူး)သတိ ထားကြပါရန်"ဟုဆိုကာ သူတို့အလှူငွေ၊ တစ်နည်းအားဖြင့် ရန်ပုံငွေကောက်ခံရေးအဖွဲ့များအတွက် သတိပေး ထားလေသည်။ အလှူခံသည်ပဲပြောပြော၊ ရန်ပုံငွေရှာ သည်ပဲဆိုဆို၊ ဆက်ကြေးကောက်၊ ဓားပြတိုက်လုပ်ရပ်များ ကို ပြည်သူ့ကိုကာကွယ်မည်ဆိုသည့် အဖွဲ့များကပဲ အားရပါးရ လုပ်ဆောင်နေကြသည် မဟုတ်လော။ မြန်မာဆို ရိုးရှိရဲ့မဟုတ်လား။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့် သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်ဆိုသကဲ့သို့ သူတို့၏ တော်လှန်ရေးမိခင်နှင့်အဖွဲ့အစည်း ကိုယ်တိုင်ကိုက အရေးတော်ပုံ၊ အရေးတော်ပုံအော်ပြီး အလှူခံစားလာသည်မှာ သုံးနှစ်တင်းတင်းပြည့်တော့မည် မဟုတ်လော။
    ထိုကဲ့သို့ သုံးနှစ်တင်းတင်းပြည့်ခါနီးတွင် ကျွန်တော်တို့အညာဘက်က စစ်ဘေးကိုရှောင်နေသည့် အမျိုးသမီးကြီးတစ်ဦးက "ဒီနှစ်သင်္ကြန်နှစ်ကူးမှာ ကိုယ့် ဒေသကိုပြန်နိုင်ကောင်းပါရဲ့။ ကြာတော့လည်း ကိုယ့်ရပ် ကိုယ့်ရွာကိုပြန်ချင်လှပြီ"ဟု ညည်းရှာလေသည်။ ထိုအမျိုးသမီးကြီး ပြန်ချင်သည့်အကြောင်းပြောတော့ "လမ်းမှာ PDF ဂိတ်တွေက အတောင်းအရမ်းထူနေပြီ ပြန်လို့ ဖြစ်ပါ့မလား"ဟုပြောရော သူမက "သူတို့က ဘယ်တုန်း ကအလုပ်လုပ်စားဖူးလို့လဲ၊ ဒီလိုပဲတောင်းစားနေတဲ့ သူတောင်းစားတွေပဲဟာ"ဟု မှတ်ချက်ပြုလိုက်လေသည်။ ထိုကဲ့သို့ မှန်ရာကိုပြောတတ်လွန်း၍ စစ်ဘေးရှောင်ဖြစ်ခဲ့ သည်ထင်ပါရဲ့။

လော်ကြ၊ အော်ကြ၊ ညှော်ကြသူများ
    "ကျပ်မပြည့်လို့ဘဲ ဒီလိုဖြစ်ကြတာပေါ့ကွာ"ဟု သူငယ်ချင်းဖြစ်သူက မှတ်ချက်ချသည်။ အကြောင်းက သြဇီရောက်မင်းသားက "ငါတို့လုံချည်၊ ငါတို့အောင်ပွဲ" ဆိုသည့် စာသားဖြင့် အလှူခံနေသည့် Movie ကို ကြည့်ပြီး မှတ်ချက်ချသည်။ လုံချည်ပုဆိုးတွင် တော်လှန် ရေးစာသားကပ်ပြီး အဝေးမှဆန္ဒပြနည်းသင်ကာ နောက်ဆုံးပိတ်တွင်မတော့ အလှူခံခြင်းဖြင့်သာ အဆုံးသတ်သည့် အကြောင်းအရာပဲဖြစ်သည်။ ငါတို့လုံချည်၊ ငါတို့ အောင်ပွဲဟုဆိုကာ အရေးတော်ပုံ ရွပ်ရွပ်ချွံချွံ ဆန္ဒပြနည်း အကြောင်းပြောနေသဖြင့် သူငယ်ချင်းဖြစ်သူက ကျပ်မ ပြည့်သောကြောင့် ဒီလိုဖြစ်ခြင်းဟု မှတ်ချက်ပြုခြင်းဖြစ်သည်။ သူငယ်ချင်း၏ မှတ်ချက်အပေါ် "သူတို့က ကျပ်မပြည့်လို့သာဆိုတယ်။ နိုင်ငံခြားရောက်သွားသေးတယ်၊ သူတို့စကားယုံပြီး တော်လှန်ရေးအတွက်လုပ်တဲ့သူက ပိုရူးရာမကျဘူးလား"ဟုသာ ပြန်၍ပြောလိုက်လေသည်။သူတိုက ကျပ်သာမပြည်တာ သူတို့စကားနားထောင်မည့်သူများ အဟုတ်ထင်အောင်လည်း ပြောတတ်ကြသည်။ ထိုသြဇီရောက်မင်းသားဆိုလျှင် တော်လှန်ရေး အကြောင်းပြထွက်ပြေးပြီး အရှက်ပြေအဖြစ် တော်လှန်ရေးပြန်လုပ်ရန် တောထဲသို့ တစ်ဖန်ပြန်လာဦးမည်ဟုပင် ကြွေးကြော်ခဲ့သေးရဲ့ မဟုတ်လား။ သူတို့တင်မဟုတ်ပါဘူး။ နိုင်ငံရေးစားဖားကြီးများနှင့် နိုင်ငံရေး စားဖားလေးများ၊ နိုင်ငံရေးစားဖား လက်သစ်လေးများကလည်း တော်လှန်ရေးအဓွန့်ရှည်မှ အနေအစားချောင်မည်ဖြစ်သဖြင့် ဟုတ်ဟုတ်မဟုတ်ဟုတ် လော်ကြ၊ အော်ကြ၊ ညှော်ကြရသည်မဟုတ်လား။ နေမျိုးဇင်ဆိုသူ၏စကား များကိုလည်းကြည့်ဦး။
    နေပြည်တော်က လူတွေအခုပဲ ထွက်ပြေးရတော့မလို၊ တစ်နိုင်ငံလုံးကို မကြာခင်ဘဲသိမ်းတော့မလို ဆောင်းတွင်း အိပ်မက်မက်သကဲ့သို့ ထင်ရာပြောနေသူ မဟုတ်လား။ သူရန်ကုန်ကထွက်ပြေးပြီးကတည်းက ပြောခဲ့သည့်စကား ဘယ်နှခွန်းများ မှန်ကန်ခဲ့ဖူးသလဲ။မြတ်ကျော်ဆိုသူကလည်း သတင်းသမားယောင်ယောင်၊ အလုပ်သမားရေးရာယောင်ယောင်နှင့် ပြောနေသည့် စကားများကိုကြည့်ဦး။ ထားပါတော့လေ။ ထိုကဲ့သို့ သူများ၏အမည်များကို ပြောနေလျှင် စာလုံးရေများ သွားမည်သာ ရှိလိမ့်မည်။ ထိုသူတို့၏ဂိုဏ်းချုပ်ကြီး NUG သည်ပင်လျှင် ပြောခဲ့သည့်စကား သုံးခွက်တစ်စက် မတင်ခဲ့။ ၂၀၂၃ တော်လှန်ရေးနိဂုံးဟု ၂၀၂၃ မရောက် ခင်က ကြွေးကြော်ခဲ့ကြသည့်အဖွဲ့က NUG ပင် မဟုတ်လား။ ထိုေ<ကးကြော်သံကြားထဲတွင် ၂၀၂၃ သည် အိမ် ပြန်မည့်နှစ်ဟုဆိုကာ ခေါင်းစဉ်မျိုးစုံတပ်၍ အလှူခံခဲ့ကြ သည်။ အလှူခံပြီးတော့လည်း ဝေစားမျှစားလုပ်လွန်းအား ကြီး၍လားမသိ အလှူငွေရှင်းတမ်းက တိတိကျကျ မရှင်းနိုင်။
    ထို့ကြောင့် လှူဒါန်းမည့်သူများက အယုံအကြည်မရှိဖြစ်လာပြီး အထက်တွင်ပြောသကဲ့သို့ အောက်ခြေက အဖွဲ့များက ငတ်ပြတ်လာပြီး ပြည်သူကို ဓားပြတိုက်၊ ဆက်ကြေးကောက်သည့်လုပ်ရပ်များ ထူပြောလာ ကြခြင်းလည်းဖြစ်သည်။ NUG နှင့် အပေါင်းအပါများ ကပြောတော့ဖြင့် ၂၀၂၃သည် ပြည်တော်ဝင်ရန်အခြေ အနေကောင်းနေသည်ဟု လော်ခဲ့၊ အော်ခဲ့၊ ညှော်ခဲ့သည် မှာ များစွာ မကြာသေးဘူးမဟုတ်လား။ သူတို့ပြောခဲ့သကဲ့ သို့ အခြေအနေကောင်းလျှင် နိုင်ငံရေးစားဖားကြီးဖြစ်သည့် မင်းကိုနိုင်၊ မအူမလည် ကျပ်ချောင်ချောင် မျိုးရန် နောင်သိန်းညီနောင်၊ နေမျိုးဇင်၊ မြတ်ကျော်တို့စသည့် သူများ အဝေးကအော်နေမည်မဟုတ်ဘူးဆိုတာ သေချာသည်မှာ မြေကြီးလက်ခတ်လျှင်မှ လွဲဦးမည်ဖြစ်သည်။အမှန်တကယ်က ရှင်းရှင်းလေးဖြစ်သည်။ သူတို့သည်ပင် အခြေအနေမကောင်းသောကြောင့် အဝေးကနေ အာချောင်ခြင်းအလုပ်ကို မှတ်၊ ခြင်၊ ယင်မသန်း လုပ်နေကြ ပြီး ပြည်တွင်းက ငဒူလေးတွေကို သေတွင်းပို့နေကြခြင်း ပင်ဖြစ်သည်။ သူတို့ပြောသကဲ့သို့ အခြေအနေကောင်း လျှင် ထိုအဖွဲ့သည် ပြည်တွင်းမှနေ၍ ပြည်သူများနှင့်အတူ လော်ကြ၊ အော်ကြ၊ ညှော်ကြပါဟု ကြားမည့်နားမှတစ်ဆင့် ထိုသူများကို ပြောလိုက်ပါဟုသာဆိုပါရစေ။

မြို့ဖျက်၊ ရွာဖျက် ဂုဏ်တွေတက်
    မြို့ရွာများကို ဖျက်ဆီးနေရခြင်းကို ဂုဏ်ယူနေသည့်အဖွဲ့က သက်သက်ကိုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ မကြာသေးမီရက်ပိုင်းက ရန်ကုန်မြို့တွင် နေရာအနှံ့ဗုံးများ ပေါက်ကွဲခဲ့သည်ကိုမှတ်မိရဲ့ မဟုတ်လား။ထို ဗုံးများပေါက်ကွဲစဉ်က PDF ၊ တစ်နည်းအားဖြင့် မြို့ပြက UG များ၏ လက်ချက်ဟု လူတိုင်းသိသော်လည်း ၎င်းင်းတို့သည်သူတို့၏လုပ်ရပ်များကို ဝန်ခံလေ့မရှိကြပေ။ သူတို့က ဆိုကြသေးသည်။ PDF ဆိုတာ ပြည်သူကြားထဲ ဗုံးခွဲပါ့မလားဟု ကာကြ၊ ဖာကြရဲ့မဟုတ်လား။ ယခုလည်း ရန်ကုန်မြို့နေရာ အနှံ့ဗုံးခွဲခြင်းကို သူတို့လုပ်ခြင်း ဝန်ခံမည်ဟု အစက မထင်ပေ။ အဘယ့်ကြောင့် ဆိုသော် ထိုဗုံးခွဲမှုများတွင် သက်ဆိုင်ရာကသူ တစ်ဦးမျှ ထိခိုက်မိခြင်းမရှိဘဲ အများပြည်သူသာ ထိခိုက်ခဲ့သော ကြောင့်ဖြစ်သည်။ သူတို့၏အကျင့်က အများပြည်သူကြား ထဲဗုံးခွဲ၍ သက်ဆိုင်ရာကတစ်ဦးဦး ထိခိုက်လျှင် နှစ်ယောက်တစ်ပိုင်းနှင့်ပါသည့်အဖွဲ့ကစပြီး အဖွဲ့ပေါင်းစုံပူး ပေါင်းပါဝင်ကြောင်း ကြေညာချက်ထုတ်၍ အလှူငွေခွဲ ဝေယူကြသည်။ ပြည်သူထိခိုက်လျှင် အရူးကွက်နင်းပြီး မသိချင်ယောင်ဆောင်ကြသည်မှာ ကြာတော့ပြည်သူများကလည်း သဘောပေါက်လာကြလေပြီ။ ဟိုတလောက ရန်ကုန်နေရာအနှံ့အပြား ဗုံးခွဲမှုကိုတော့ UG များက ဖောက်ခွဲခဲ့ကြောင်း ခေတ်သစ်သတင်းကတင်ပြီး ပေါ် တင်ဝန်ခံထားသဖြင့် အံ့သြမိခြင်းဖြစ်သည်။ ပြည်သူကို ထိခိုက်သည့်လုပ်ရပ်များ လုပ်နေသည်ဟုပြောလျှင် လည်းမကြိုက်၊ လုပ်သည့်လုပ်ရပ်က မြို့ဖျက်၊ ရွာဖျက် PDFဖြစ်နေလေသည်။ နောင်များကြလျှင် ပြောကြစမ်း ပါဦး။ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တံတားချိုး တဲ့အဖွဲ့ကဟု၊ ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လမ်းဖျက်ဆီးသည့်အဖွဲ့ကဟု၊ ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက် ဆရာ၊ ဆရာမကို သတ်ခဲ့သည့်အဖွဲ့က ဟု၊ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် သံဃာသတ် သည့်အဖွဲ့ကဟု၊ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက်  လူစည်ကားသည့်လမ်းပေါ် ဗုံးခွဲခဲ့သည့်အဖွဲ့ကဟု၊ ဖက် ဒရယ်ဒီမိုကရေစီအရေးအတွက် မြို့ရွာများကို ပျက်အောင်လုပ်ခဲ့သည့်အဖွဲ့ကဟု သိက္ခာရှိရှိ ပြောရဲကြပါစေ ဟုသာဆိုပါရစေ။           
    ရွှေထီး

 ( TREND News ဂျာနယ်အတွဲ (၂)၊ အမှတ် (၄၉) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 297

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42859

© 2022 - 2025 News. All Rights Reserved.