ဗိုလ်ချုပ် မျက်စိလည်သွားမယ် တော်လှန်ဘဏ္ဍာ ဝင်္ကပါ

၂၀၂၄ ဇန်နဝါရီ ၂၅

    ဗိုလ်ချုပ်ရေ ဗိုလ်ချုပ်ရဲ့။ ဗိုလ်ချုပ် နယ်ချဲ့တော်လှန်ရေးကာလမှာ ဟင်္သာတနယ်ဘက်ကိုသွား၊ ကိုငွေရတို့ အိမ်ရှေ့ရောက်တော့ ထမင်းသုံးရက်လောက် မစားရလို့ ထမင်းလေးတောင်းစား၊ ကိုငွေရက တောင်းစားတဲ့သူတွေအမှတ်နဲ့ ဘုန်းကြီးဆွမ်းကပ်ဖို့ပြင်ထားတဲ့ ကျန်တဲ့ ထမင်းချိုးနဲ့ ငါးဟင်းအနှစ်နဲ့ နယ်စားခိုင်း၊ ဗိုလ်ချုပ်တို့က အားရပါးရစားပြီး ပြန်သွား၊ ရေဒီယို မိန့်ခွန်းပြောတော့ "ကျုပ်တို့ လွတ်လပ်ရေး ကြိုးပမ်းစဉ်က ဟင်္သာတဘက်ကို ရောက်ခဲ့တယ်။ အဲ့ဒီမှာ ထမင်းသုံးရက်လောက် ငတ်ခဲ့တယ်။ အဲဒီမှာ ကိုငွေရဆိုတဲ့သူက ထမင်းကျွေးခဲ့တယ်လို့" သတိတရပြန်ပြောတော့ ကိုငွေရမှာ ဗိုလ်ချုပ်မှန်းသိရင် ဘုန်းကြီးဆွမ်းကပ်မယ့် ထမင်းတွေကို ကျွေးတာပေါ့ဆိုပြီး ယူကျုံးမရဖြစ်ရတယ်။ ဗိုလ်ချုပ်ရေ။ အေးပေါ့ ဗိုလ်ချုပ်တို့ခေတ်က ဖေ့စ်ဘုတ်ဆိုတာလည်းမပေါ်၊ ရုပ်မြင်သံကြားဆိုတာကလည်း မတွင်ကျယ်တော့ ဗိုလ်ချုပ်ကို ဗိုလ်ချုပ်မှန်း မသိရတော့ ငါဗိုလ်ချုပ်ကွ တော်လှန်ရေးလုပ်နေတာ ပေးစမ်း၊ ကျွေးစမ်းဆိုပြီး မပြောတတ်တော့ အခက်သား။
    အခုတော့ ဗိုလ်ချုပ်ရေ  ခေတ်သစ်တော်လှန်ရေးခေါင်းဆောင်ကြီးတွေများ ခေတ်မီပုံပြောပါတယ်။ ဗိုလ်ချုပ်တို့ခေတ်ကလို ရဲဘော်သုံးကျိပ်နဲ့ ဂျပန်ကိုတိတ်တဆိတ် စစ်ပညာသင်ဖို့ထွက်စရာ မလိုဘူးဗျ။ အမေရိကားကို လေယာဉ်ကြီးနဲ့ သွားလိုက်ရုံပဲဗျ။ စစ်ပညာသင်စရာလည်း မလိုဘူး... ဗိုလ်ချုပ်ရေ။ မျက်နှာငယ်လေးနဲ့ ထမင်းတောင်းစားစရာ မလိုဘူးဗျ။ ငါတို့တော်လှန်ရေး လုပ်နေတာ ငါတို့ကိုလှူ၊ မလှူတဲ့လူတွေကို အော်ဟစ် ငေါက်ငမ်း ဆူပူလိုက်တာနဲ့ ဒေါ်လာတွေ တစ်ပွေ့တစ်ပိုက်ကြီးရတာဗျို့။ ဒီလိုနဲ့ သုံးနှစ်သုံးမိုး တချို့တွေက နေနိုင်လိုက်တာ၊ တချို့တွေက နေနိုင်လိုက်တာနဲ့ အော် ဟစ်ဆူဆဲပြီး အလှူခံလိုက်တာများ အခုဆိုရင် တချို့တွေ က နေနိုင်သွားကြတာ အမေရိကားမှာ အိမ်နဲ့ခြံနဲ့စတိုးဆိုင်ကြီးနဲ့ ဟည်းထနေတာပဲ ဗိုလ်ချုပ်ရေ။ ဒီတော့မှ မြန်မာလူမျိုးတို့ရဲ့ ထုံးစံအတိုင်း သူခိုးပြေးမှ ထိုးကွင်းထပြီး "ငါတို့ဒေါ်လာ ငါတို့ပြန်ပေး"ဆိုပြီး ထအော်လိုက် ကြတာများ ဆူညံနေ တာပဲဗျာ။
    ဒါတင်မကသေးဘူး...ဗိုလ်ချုပ်ရေ ခေတ်သစ် တော်လှန်ရေးခေါင်းဆောင်ကြီးတွေများ မလိမ့်တပတ်လုပ်တတ်ပုံများ ပြောကိုမပြောချင်ပါဘူး။ ပြည်တော်ဝင်မယ်ဆိုလို့ နယ်ချဲ့တော်လှန်ရေးခေတ်ကလို စစ်ကြောင်းကြီးတွေနဲ့ မြန်မာပြည်ထဲကို ဝင်လာမယ်လို့ထင်ပြီး လှူလိုက်ကြတာ၊ လှူလိုက်ကြတာများ ကိုယ်ရကိုယ်ယူတော်လှန်ရေးစနစ်ကြီး ထွန်းကားနေလိုက်တာ ဗိုလ်ချုပ်ရှိရင် ခေါ်တောင်ပြလိုက်ချင်သေးတယ်ဗျာ။အောင်မယ် ဗိုလ်ချုပ်ရေ တချို့က အိမ်ပြန်လမ်းဆိုပြီး ခေါင်းစဉ်တပ်အလှူခံလိုက်တာများ နိုင်ငံခြားမှာ အိုးပိုင်၊ အိမ်ပိုင်တွေဖြစ်ပြီး သူတို့ပြန်ချင်တဲ့ အိမ်က မြန်မာပြည်က အိမ်မဟုတ်ဘဲ အမေရိကားက အိမ်ဖြစ်နေတာ လှူတဲ့သူတွေ ခံလိုက်ရတာများ အသံတောင်မထွက်နိုင်ရှာဘူး ဗိုလ်ချုပ်ရေ။ ဗိုလ်ချုပ်တို့လို စစ်ပညာသင်စရာမလိုဘဲ ခေတ်သစ်တော်လှန်ရေးကြီး ဆင်နွှဲနေပုံများ ဖေ့စ်ဘုတ်ကနေ ကဗျာလေးစပ်လိုက်၊ ပန်းချီလေးဆွဲလိုက်၊ ပေါက်ကရလေးတွေ တက်ရေးလိုက်၊ အချိန်တန်ရင် အလှူလေးခံလိုက်နဲ့ စားလိုက်၊ သောက်လိုက် အလုပ်ဖြစ်နေတာဗျို့။
    ဗိုလ်ချုပ်ရေ သူတို့တော်လှန်ရေးကြီးက ဗိုလ်ချုပ်တို့ခေတ်ကလို နယ်ချဲ့ကိုတော်လှန်တာ မဟုတ်ဘဲ အစိုးရကို ပြန်တော်လှန်နေတာဗျို့။ တော်လှန်တာက ဗိုလ်ချုပ်တို့ခေတ်ကလို မဟုတ်ဘူးဗျ။ တော်လှန်ရေးသမားက လစာယူသတဲ့ဗျာ။ လစာယူပြီး တော်လှန်ကြတော့ တော်လှန်ရေးဆိုတာကြီးကို ကြာကြာတော်လှန် လို့ရအောင် ငါတို့နိုင်တော့မှာတို့၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်တို့နဲ့ ဂျင်းထည့်ပြီး နေ့စားတော် လှန်ရေးသမားကြီးတွေကို ဖြစ်လို့ဗျို့။ ဗိုလ်ချုပ်တို့ခေတ်က မြန်မာ့လွတ်လပ်ရေးရဖို့ စစ်ကြောင်းကြီးတွေနဲ့ ဝင်လာပြီး မြို့တွေသိမ်းတာကို အားကျလို့နဲ့တူပါတယ်။ ခေတ်သစ်တော်လှန်ရေးသမားကြီးတွေကလည်း မြို့သိမ်းတာမှ အလောင်းမင်းတရားကြီး သွေးပါလို့ လားမသိဘူး... ယိုးဒယားအထိ တက်သိမ်းနေကြတာဗျို့။ ခုဆိုရင် ယိုးဒယားနိုင်ငံထဲက မဲဆောက်မြို့လေးကို တော်လှန်ရေးခေါင်းဆောင်ငယ်လေးတွေ အိမ်ဝယ်၊ ခြံဝယ်နဲ့ သိမ်းထားလိုက်တာ ယိုးဒယားလူမျိုးတွေတောင် နေစရာမရှိတော့ဘဲ ကြာရင်မြန်မာပြည်မြေပုံထဲ မဲဆောက်ကို ထည့်ဆွဲရမယ့် အနေအထား အားရစရာကြီးဗိုလ်ချုပ်ရေ။
    ဗိုလ်ချုပ်များ အခုနေရှိရင် ခေတ်သစ်တော်လှန်ရေးသမားတွေ မလိမ့်တပတ်လုပ်တာခံရမှာ အသေချာပဲဗျာ။ ဗိုလ်ချုပ်တို့များ ဂျပန်ကို စစ်ပညာသွားသင်တော့ ရဲဘော်သုံးကျိပ်ကလွဲပြီး ဘယ်မိသားစုမှ မပါခဲ့ဘူးလေ။ အခုခေတ်ကတော့ ဗိုလ်ချုပ်ရေ မြန်မာ့ လွတ်လပ်ရေးအတွက် တော်လှန်မယ်ဟေ့ဆိုပြီး ထွက်သွားလိုက်ကြတာ မိသားစုလိုက်ကြီးပေါ့ဗျာ။ ဟိုမှာတော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ သားသမီးတွေကျောင်းထား၊  အလှူခံထားတဲ့ဟာတွေနဲ့ ထိုင်စားနေကြတာများ  မသိရင် မိသားစုလိုက်ပျော်ပွဲစား ထွက်နေသလိုပဲ ဗိုလ်ချုပ်ရေ။ မေးမှမေးတတ်ပါလေ ဗိုလ်ချုပ်ရယ်။ ဘယ်တူမ လဲဗျ။ ဗိုလ်ချုပ်တို့ခေတ်က အင်္ဂလိပ်ထွက်ဖို့ ဂျပန်ကိုခေါ်။ ဂျပန်ထွက်ဖို့ အင်္ဂလိပ်ကိုခေါ် ဆိုသလို လာပါလာပါ အောင်ဆန်း၊ သွားပါ သွားပါ အောင်ဆန်းဆိုတာမျိုး မဟုတ်ဘူးဗျ။ အမေရိကားကလည်းမလာသလို UN တပ်ကလည်း လာမှာမဟုတ်ဘူး။ ဖေ့စ်ဘုတ်ပေါ်ကနေပဲ အလှူခံပြီး မြှောက်ပေးလိုက်ရုံပဲ။ အခုခေတ်က ကိုယ်တိုင်တိုက်စရာမလိုဘူးဗျ။ တောထဲကိုလာ ဓာတ်ပုံလေး နှစ်ပုံ၊ သုံးပုံလောက်ရိုက်၊ မဲဆောက်ကိုပြန် အရက်သောက်နေရုံနဲ့ စစ်သေနာပတိဘွဲ့ ခံလို့ရတော့ ရပ်ကွက်ထဲက အရက်သမားတွေတောင် စစ်သေနာပတိ လုပ်ချင်နေတာ မနည်းတောင် တားထားရတယ်။ တွဲတိုင်းမှာ ပုလင်းပါတယ်ဆိုတဲ့ စစ်ချီစကားကြီးက သမိုင်းကိုတွင်လို့။
    ရဲဘော်တို့ ခုစစ်မြေပြင်ကိုထွက်ရမယ်ဆင်းရဲမယ်၊ ငတ်မယ်၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာက ခေတ်သစ်တော်လှန်ရေး ခေါင်းဆောင်ကြီးတွေအတွက်တော့ ညအိပ်ရာဝင်ပုံပြင်လောက်တောင် တသသမ ပြောတော့ဘူးဗျို့။ အခုခေတ်ကတော့ ရဲဘော်တို့ စစ်မြေ ပြင်ကိုထွက်ရမယ်။ မင်းတို့ပဲ ငတ်မယ်ပြတ်မယ်။ ငါတို့ကတော့ မဲဆောက်မှာ အရက်သောက်ရင်း ထိုင်ကြည့်မယ်။ ငါတို့ကတော့ အမေရိကားမှာ ဈေးရောင်းရင်း၊ ဘောလုံးပွဲထိုင်ကြည့်ရင်း ငါတို့နိုင်တော့မှာလို့ နောက်ကနေ အော်ပေးမယ်ဆိုပြီး ဖေ့စ်ဘုတ်မှာလေနဲ့ စစ်တိုက်ရုံပဲ အဆင်ပြေသဗျို့။ ဗိုလ်ချုပ်တို့များ မြန်မာ့လွတ်လပ်ရေးအတွက် တိုင်းနယ်၊ ပြည်နယ်အနှံ့ ခရီးဆက်ပြီး ဟောပြောပွဲတွေလုပ်၊ တောင်တန်းပြည်မ ပေါင်းစည်းရေးလုပ်ဖို့ ဟောပြောတာ ကိုယ့်စရိတ်ကိုယ်စားပြီး ကီးမားပလာတာလေးစားချင်တာတောင် စာတစ်တန် ပေတစ်ဖွဲ့ဖြစ် ရရှာတာလေ။ အခုခေတ်ကတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အမေရိကားမှာ လူထုတွေ့ဆုံပွဲလုပ်ရင် ရာခိုင်နှုန်းနဲ့ ဒေါ်လာရသတဲ့ဗျာ။ တွေ့ဖို့လာတဲ့ တော်လှန်ရေးခေါင်းဆောင်က ရာခိုင်နှုန်း ၃၀ ၊ ပွဲစီစဉ်တဲ့လူက ရာခိုင်နှုန်း ၇၀ နဲ့ တော်လှန်ရေးအရသာတွေ့နေပုံများ တစ်သက်လုံး ထိုင်တော်လှန်နေချင်ပုံရတယ်ဗျာ။
    ဒီလို ဒီလို ဗိုလ်ချုပ်ရေ အခုခေတ်တော်လှန်ရေးဆိုတာ ပရောဂျက်ဆွဲပြီး တော်လှန်ရတာဗျ။ ဗိုလ်ချုပ်တို့ခေတ်ကလို အင်္ဂလိပ်အခက် ဗမာ့အချက်ဆို တာမျိုးလိုမဟုတ်ဘဲ တော်လှန်ဖို့အတွက် အရင်အလှူခံဖို့ ပရောဂျက်ဆွဲတာဗျို့။ အိမ်ပြန်ဖို့လှူကြစို့၊ ပြည်တော်ဝင်ဖို့ ဒေါ်လာလှူစို့၊ ကျည်ကာယူဖို့ ဒေါ်လာကူစို့၊ ငှက်ပစ်ဖို့ ဘက်ဂျက်ကစ်စို့၊ လှူတာပြန်မပေး NUG Pay ဆိုမျိုးနဲ့ ငွေလမ်းခင်းပြီး တော်လှန်နေကြတာဗျို့။ ခုတောင် ခေတ်သစ်တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဆက်လက်လှူပေး ၂၀၂၄ ဆိုပြီး ကာရန်ညီအောင် ဆောင်ပုဒ်နဲ့ အလှူခံဖို့ စီစဉ်နေတယ်ကြားတာပဲ ဗိုလ်ချုပ်ရေ။ အခန့်မသင့်ရင် ဗိုလ်ချုပ်မွေးနေ့မှာ ပဲပြုတ်နံပြားကျွေးပြီး တော်လှန်နံပြား ဒေါ်လာလှူသွားဆိုပြီး ခေါင်းစဉ်တပ် အလှူမခံရင် ကံကောင်းတယ်မှတ်ဗျာ။
(ထူးမြတ်)

( TREND News ဂျာနယ် အတွဲ(၃)၊ အမှတ် (၂) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 636

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.