၂၀၂၅ ဖေဖော်ဝါရီ ၂
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ မဟာမြိုင်တောကြီးမှာ ကိုးနှစ်တာလုံး ငြိမ်းချမ်းစွာ သီတင်းသုံး အားထုတ်လျက်ရှိရာက ဒီမဟာမြိုင်တောကြီးထဲက ထွက်ခွာသွားအောင် လှုံ့ဆော် လုပ်ဆောင်လာတဲ့ အတိုက်အခိုက်များနဲ့ ကြုံလာခဲ့ရပါတယ်။ ဒီအကြောင်းတွေကို ဆရာတော်ဘုရားကြီးက အကြောင်းတိုက်ဆိုင်လာတိုင်း ရှင်းတမ်းဆောင်းပါးများရေးကာ အသိပေးတော် မူခဲ့ပါတယ်။ ခန္ဓာဝန်ချတော်မူတဲ့အထိ တစ်သက်လုံး သီတင်းသုံးမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ မဟာမြိုင်တောကြီးကို ဘာကြောင့် စွန့်ခွာတော်မူခဲ့ရသလဲဆိုတာ ဆရာတော်ဘုရားကြီး ကိုယ်တိုင်ရေး ရှင်းတမ်းဆောင်းပါးများကို ကိုးကားပြီးတော့ ဆောင်းပါးများ (သုံး၊ လေး ပုဒ်ခန့်) ရေးကာ TREND ဂျာနယ်မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ မှတ်တမ်းဆောင်းပါးများမှာ ကျွန်တော့်နာမည်ကိုလည်း အကြောင်း တိုက်ဆိုင်တိုင်း ဖော်ပြထားပါတယ်။ ကျွန်တော် ပါဝင်ခဲ့လေသမျှ အခန်းကဏ္ဍတို့ကို ဆရာတော်ဘုရားကြီး ရေးသားခဲ့တဲ့ မူရင်းအတိုင်း ၂၀၂၃ မတ်လထုတ် 'လောက ပါလ'ကျမ်းစာအုပ်မှ ကောက်နုတ်တင်ပြလိုက်ပါတယ်။ ဆရာတော်ကြီးရဲ့ အာဘော်နှင့် ဆိုလိုရင်း မပျက်ယွင်းစေရန် မူရင်းအတိုင်း ရေးကူးဖော်ပြအပ်ပါတယ်။
"၁၃၇၂ ခုနှစ်၏ ကဆုန်လလွန်လောက်မှာပင် ထင်မိ၏ ငါတို့လက်ဝယ်သို့ မောင်သွေးချွန် တာဝန်ခံထုတ်ဝေနေသော နဘယံမဂ္ဂဇင်း စာအုပ်တစ်အုပ်ရောက် ရှိလာ၏။ အတွင်းဝင်ကြည့်သော အခါ ...မဟာဗောဓိ မြိုင်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီဆိုတာ ဟုတ်သလား ...သည်သို့ ဦးသဲဖြူက ရန်ကုန်သို့ လှမ်းမေးသည်ဆိုသည့် သုတရသသတင်း ဖတ်ရှုခွင့်ရလိုက်၏။ ရေးသူကား မောင်သွေးချွန်"
'ထို နဘယံ စာအုပ် ရောက်လာသည်က ကဆုန်လလွန်မှသာ၊ ယင်းမတိုင်မီ ကဆုန်လဆန်းလောက်က မောင်သွေးချွန်ဦးဆောင်ပြီး ဒါရိုက်တာမောင်သီ၊ ရုပ်ရှင်သရုပ်ဆောင် ထူးခန့်ကျော်၊ အင်ဂျင်နီယာ မြတ်သူ၊ မိတ်ဆွေ ဦးစိုးမင်းနှင့်ဇနီးတို့ ငါတို့ထံ ရောက်လာကြခြင်းပင်။ ရောက်ပုံမှာ... မဟာဗောဓိမြိုင်ဆရာတော် ပျံတော်မူပြီဆိုတာ ဟုတ်လား...သတင်းနှင့် ပတ်သက်၍ ရောက်ရှိလာခြင်းပင်။ ထိုသတင်းက မည် သည့်နေ့ရက်က လွှင့်ပို့ထားသည်မသိ၊ ထိုသတင်းနှင့် ဤအဖွဲ့တို့ ဆက်စပ်ပုံကား ...ဤသို့။'
'တစ်နေ့ ရန်ကုန်ရှိ အပ္ပမာဒ မဂ္ဂဇင်းပိုင်ရှင် ဗိုလ်မှူးမြသန်းစံ(ငြိမ်း)ထံသို့ ဖုန်းဝင်လာ၏။ လှမ်းဆက် သူက မဟာမြိုင်ချက်မရေက ဦးသဲဖြူ။ ဖုန်းထဲဝင်လာသည့် စကားအကြောင်းအရာများက မဟာဗောဓိမြိုင် ဆရာတော် ပျံလွန်တော်မူပြီဆိုတာ ဟုတ်သလား မေး၊ ထိုအခါ မောင်သွေးချွန်က လည်း မကြားမိကြောင်း ဖြေ၊ တစ်ဖန် မောင်သွေးချွန်ကလည်း ရွှေဘိုနှင့် ချိတ်ထားသည်ဆိုသည့် တပည့်ကျော် မောင်မြတ်သူထံသို့ ဖုန်းဆက်၍ ထိုသတင်းလှမ်းမေး၊ ထိုအခါ မောင်မြတ်သူကလည်း မကြားမိကြောင်းဖြေ၊ နောက်တစ်ဖန် မောင်မြတ် သူကလည်း ရွှေဘိုနေ ဒေါက်တာ အိုကေထံသို့ ထိုသတင်း ဖုန်းဖြင့်လှမ်းဆက်မေးရာ ...ထိုအခါကျလေမှ ဖုန်းမေး၊ ဖုန်းဖြေခရီး ပြီးဆုံးသွား၏။'
'ဤမှာတွင် ဒေါက်တာအိုကေ၏ ဖြေရှင်းချက် ထွက်ခဲ့၏။ ယင်းမှာ မဟာဗောဓိမြိုင်ဆရာတော် ပျံတော်မူပြီးဆိုတာ လုံးဝမဟုတ်ပါ။ သူသည်(မဟာမြိုင်) ခေါင်နန်းပလ္လင်မှ ပြန်လာခဲ့သည်မှာ နှစ်ရက်မျှသာ ရှိသေး၏။ ဆရာတော်ကြီး ကျန်းမာရွှင်လန်းစွာရှိနေကြောင်း မျက်မြင်တွေ့ခဲ့ရ၏။ သို့ပြန်လည် ဖုန်းဆက်ရင်းက ထပ်မံတိုက်တွန်းချက်ပေးသည် ဆို၏။ ယင်းမှာ ခင်ဗျားတို့လည်း မိုးမကျမီ လမ်းကောင်းဆဲ ဆရာတော်ကြီးဆီကိုယ်တိုင် သွားသင့်ကြောင်း တိုက်တွန်းခြင်းပင်။ သို့ကြောင့် ကဆုန်လ ဆန်းပိုင်းတွင် မောင်သွေးချွန်နှင့်အဖွဲ့ ငါတို့ထံ ရောက်ရှိလာခြင်းဖြစ်၏။'
'ထိုစဉ်က မောင်သွေးချွန်နှင့် အဖွဲ့အား ငါတို့ နှုတ်ခွန်းဆက် ဟောလိုက်သောတရားမှာ 'ခေတ်ဆန်ဆန် နေပြကြစမ်းပါ'ဟူ၏။ ယင်းမှာ ဘုရားရှင်၏ သလ္လေခ သုတ်တော်ကြီးကို မှီး၍ ဟောလိုက်ခြင်းပင်။ သလ္လေခ သုတ်တော်ကြီးက သူများတွေ သူ့အသက် သတ်ဖြတ်၍ ကြီးပွားနေချိန်၊ ငါတို့က သူ့အသက်မသတ်ဘဲ ကြီးပွား အောင် ကြိုးစားပြမည် ... စသည်များ။ ယင်းကို အတုယူ၍ ငါတို့ကလည်း ရာဂ၊ ဒေါသ၊ မောဟ မြစ်ချောင်းကြီးများအတွင်း သတ္တဝါတို့ အာရုံလှေများဖြင့် မျှော လိုက်နေကြသည်။ ဘုရား သမီး၊ သား ငါတို့များ သည်ကား သူများ ရာဂကြီးတိုင်း မကြီးနဲ့၊ ဆန်တက်ပြ ကြပါ။ သူများ ဒေါသကြီးတိုင်း လိုက်မကြီးဘဲ ဆန်တက် ပြကြစမ်းပါ။ သူများ မောဟကြီးတိုင်း လိုက်မကြီးဘဲ ဆန်တက်ပြလိုက်ကြစမ်းပါ။ သူများတွေ အကုသိုလ်များတိုင်း ကိုယ်လိုက် မများကြလေနှင့် ဟူ၍။ အဖွဲ့ဝင်အားလုံး ဤတရားကိုနာ၍ သဘောကျစွာ ပြန်သွားကြလေ၏။
မကြာလှပါ။ မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီး သေပြီဆိုတာ (ပျံလွန်တော်မူပြီဆိုတာ) ဟုတ် သလားမေးခွန်းပါ နဘယံ မဂ္ဂဇင်းစာအုပ်ကြီး ငါတို့ထံ ရောက်လာ၏။ ထိုအခါကျမှ ထိုအမေးကြောင့် ဤအုပ်စု ငါတို့ထံလာကြောင်း သိရ၏။ တိုက်ဆိုင်သည်ကား ... ကူးဆက် အမေးခံရသူ မောင် သွေးချွန်၊ မောင်မြတ်သူတို့ အဖွဲ့နှင့် ဖြန့်လွှင့်မေးလေသူ ဦးသဲဖြူအဖွဲ့တို့ သစ်ဖြူတောင် မိပန်နန်းရင်ပြင်ရှေ့ဝယ် ပက်ပင်းလာဆုံကြခြင်းပင်။ ဤဆုံကွက်က မချိန်းဘဲ ဆုံမှုဖြစ်နေသဖြင့် ဖြစ်ရပ်ဆန်း တွင်း သွင်းသင့်၏။
နဘယံမဂ္ဂဇင်း၌ မောင်သွေးချွန်ရေးထားသော ထိုအမေးပါ ဆောင်းပါးနှင့်အတူ မှတ်တမ်းဓာတ်ပုံများ ပါဝင်လာ၏။ ယင်းမှာ မိပန်နန်းရောက်ခါနီး အတက်မှာပင် ဝါးတင်ကားကြီးတစ်စီး ပျက်နေပြီး လမ်းပိတ်ဆို့ ထားသဖြင့် ဦးသဲဖြူအဖွဲ့ပါ ကားများ လမ်းသစ်ဖောက်၍ ရှောင်တက်ရန် ကြိုးပမ်းမှုမှတ်တမ်း ဓာတ်ပုံလည်းပါ၏။ တစ်ဖန် မိပန်နန်းရှေ့ရောက်စဉ် ဦးသဲဖြူ၊ မောင်သွေးချွန်၊ မောင်သီတို့ တွဲရိုက်ထားသည့် မှတ်တမ်းဓာတ်ပုံလည်းပါ၏။ ယင်း မှတ်တမ်းဓာတ်ပုံပါ မောင်သွေးချွန်၏ ဆောင်းပါးကို ဖတ်လိုက်ရသောအခါ ခေါင်နန်းပလ္လင် ခြေရင်းရှိ ချက်မရေ၌နေသော ဦးသဲဖြူက ငါတို့သေ၊ မသေကို ငါတို့ နေရာလာမမေးဘဲ အဝေးသို့ လှမ်းမေး ခြင်းကို တွေ့ရှိရ၏။
ချက်မရေက ဒကာဒကာမများ ခေါင်နန်းသို့လာ၍ ငါတို့အား ဆွမ်းလောင်းလှူနေကြ၏။ တစ်ဦး မဟုတ် တစ်ဦး နေ့စဉ်မပြတ် လာရောက် လှူဒါန်းနေကြ၏။ သူတို့ကို (ထိုင်ရာမထ) မေးလျှင်ပင် ငါတို့ သေ၊ မသေ ချက်ချင်း သိနိုင်ပါလျက်နှင့် ဘာ့ကြောင့်များ အဝေးလှမ်းမေးရပါသလဲ ...တွေးမိခဲ့၏။ (လောကပါလ၊ စာ-၁၇၅ မှ ၁၇၉ အထိ)
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးက အဓိပ္ပာယ်ဖွင့်ဆို ရှင်းတမ်းထုတ်ကာ အတွင်း သရုပ်ကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
'သို့ဖြင့် သေသတင်း ပြည်တွင်းယှက် ကူးစက်စေခြင်းဖြင့် မဟာဗောဓိမြိုင် အမည်ခံကို နာမ်သတ်ရန် ကြံစည်၏။ ပြီးက ပုဂ္ဂိုလ်နှိမ်၍ နာမ်လိမ်သုံးရန်လည်း စီမံထားသေး၏။' (လောကပါလ၊ စာ-၃၂၈)
ဆရာတော်ကြီးကား တရားရှင်ပီပီ ကိုယ့်အ ပြစ်ကိုယ် ရှုခဲ့ပါတယ်။
'သူတို့ ရရန်ရှိကြွေး တွေ့တုန်းလေး တောင်း ကြပေမပေါ့။ သူတို့ပေးရန်ရှိ ကြွေးငါတို့လည်း ကြုံတုန်းလေး ဆပ်ခဲ့ရဦးမှာပေါ့' (၎င်း၊ စာ-၂၄၆)
မဟာမြိုင်တောကြီးမှ ထွက်ခွာခဲ့ရတဲ့အကြောင်း ရှင်းတမ်းတွေ ရေးရာမှာလည်း သူတော် ကောင်းတရား လက်ကိုင်ထားပြီး သက်ဆိုင်သူများသို့ တောင်း ပန်စကား ဆိုထားပါသေးတယ်။
'ကာယကံရှင် ဦးသဲဖြူနှင့် နောက်ပါတို့ကိုလည်း ဤမှနေ သနားသောအားဖြင့် သည်းခံခွင့်လွှတ် ပေးကြပါရန် လျှောက်ထား တောင်းပန်အပ်ပါသည်။ အရှင်မြတ်များနှင့်ပတ်သက်၍ မမှန်စကားပါး၍ မှားသွားခဲ့ပါသော် မသိမှားမှားခြင်းဖြင့် အသိအမှတ်ပြုတော်မူကြပါရန် ကြိုတင်လျှောက်ထားအပ်ပါ သည်။' (၎င်းစာ-၁၅၅)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ မဟာမြိုင်တောကြီးထဲအထိ ခက်ခဲပင်ပန်းစွာ အရောက်လာဖူးမြော်တဲ့ တပည့်ဒကာ ဝေနေယျများ အားလုံးကို တရားဓမ္မသြဝါဒဖြင့် ချီးမြှင့် တော်မူစမြဲဖြစ်ပါတယ်။
အထူးသဖြင့် ဒါန၊ သီလ အခြေခံကစပြီး ဓမ္မဂုဏ်နဲ့အညီ ပြုတတ်၊ ကျင့်တတ်အောင် လမ်းညွှန်တော် မူခဲ့ပါတယ်။
'ဒါနဆိုတာ စွန့်လွှတ်တာ၊ ရယူတာ မဟုတ်ဘူး။ ဒါလှူရင် ဘာရမလဲဆိုတဲ့ အမျှော်မပါရဘူး။ ဒါန တစ်ခုအောင်ရင် နိဗ္ဗာန်အထိ သွားပါတယ်။ လှူတဲ့အခါ ရေအောင်၊ မိုးအောင်ဖြစ်ဖို့ပဲ လိုပါတယ်။ သီလက စောင့်ထိန်းတာ၊ ဘယ်အာရုံ လာလာ၊ အာရုံနောက် ကိုယ့်စိတ် မပါသွားအောင် စောင့်ထိန်းတာ၊ မြင်အာရုံ ဆိုရင် မျက်စိထိပ်က သတိနဲ့ စောင့်ရမှာ၊ အဲဒါ ဥပုသ်၊ အဲဒါ သီလ၊ အာရုံ နောက်က ပညတ်ကပ်ပါလာရင် ကိလေသာ ဝင်လာမှာပေါ့။ ဒါဘယ်သူလဲ၊ ဘာလဲ ဆိုကတည်းက ကောင်းတယ် ဟေ့၊ ဆိုးတယ်ဟေ့ ဆိုတာတွေ လိုက်လာတော့မှာ။ အာရုံနောက်က ကိလေသာ ဝင်ခွင့်မရအောင် စောင့်တာ သီလ၊ အဲဒီလို သီလမျိုး တစ်ချီ သာအောင်၊ ဒါနကလည်း ရေအောင်၊ မိုးအောင် စေတ နာသာထက်ပစေ၊ စေတနာသာ မျိုးစေ့...။ စပါးတို့၊ မြေပဲတို့ မျိုးစေ့တစ်စေ့ကို အခွံလေးနှစ်ခုနဲ့ ဟိုဘက်ဒီဘက် အုပ်ထားတာ၊ အလှူခံနဲ့ အလှူရှင်သည် အခွံလေး နှစ်ခုလိုပဲ။ အလှူခံပုဂ္ဂိုလ်ရဲ့ သီလက မြေ၊ ဒီမြေပေါ်မှာ ဒီမျိုးစေ့ ချရတာ၊ မျိုးစေ့က အဆန်ချောင်၊ အဆန်ကပ်၊ အဖျင်း အမှော်ဖြစ်လို့ မရဘူး။ ဒါနတစ်ခုအောင်ရင် နိဗ္ဗာန်အထိ ရောက်သွားတယ်ဆိုတာ ပြောရဦးမယ်။
ပဒုမုတ္တရ ဘုရားရှင်လက်ထက်တော်က ထင်းခုတ်သမားတစ်ယောက်ရှိသတဲ့၊ သူ့မှာ ဆင်းဆင်း ရဲရဲနဲ့ ဝမ်းကျောင်းနေရတော့ သူများတွေလို ဘုရားသွား၊ ကျောင်းတက် မလုပ်နိုင်ရှာဘူးတဲ့။ လူက ဘုရားဆီမသွား နိုင်ပေမယ့် သူ့စိတ်က ဘုရားဆီမှာ၊ သူ့စေတနာက ဘုရားဆီမှာ၊ တောထဲ ထင်းခုတ် ရင်း သစ်ပင်ကြီးတစ်ပင် ကောင်းကောင်းလှလှကြီးပေါ့ဗျာ။ ဒီတစ်ပင်ကြီးတော့ သူခုတ်မယူတော့ဘဲ သစ်ပင်ကြီး ပင်စည်ကိုင်ပြီး ဒီသစ်ပင်ကြီးကို ရွှေပင်ငွေပင်အဖြစ်နဲ့ သူ့စိတ်က ရည်မှန်းပြီး ဘုရားကို အဝေးကနေ၊ တောထဲကနေ လှမ်းပြီးတော့ လှူသတဲ့ဗျ။ (ခင်ဗျားတို့လို လာစရာလိုသလား၊ စိတ်နဲ့ သွားလို့ မရဘူးလား၊ သူ့စိတ်က ဘုရားဆီမှာ၊ ကိုယ်တိုင် မသွားနိုင်ပေမယ့် စိတ်စေတနာက သွားနေ တာ၊ ထင်းခုတ်သမားရဲ့ စေတနာဒါနကြီး အောင်သွားလိုက်တာတို့ ဘုရားရှင်လက်ထက်မှာ 'ပုပ္ပရု က္ခမထေရ်' ဘွဲ့ထူးနဲ့ ရဟန္တာကြီး ဖြစ်သွားတယ်ဗျ။
စေတနာမျိုးစေ့က အရေးကြီးတာ၊ လှူဖွယ် ဝတ္ထုထက်တောင် ပိုအရေးကြီးပါသေးတယ်။ ငါလှူတဲ့ ပစ္စည်းက ညံ့လိုက်တာ တန်ဖိုးနည်းလိုက်တာ စသဖြင့် ထိပါးပုတ်ခတ်မိရင် ကိုယ့်စေတနာ ကိုယ် ထိပါးပုတ်ခတ် ရာရောက်ပြီး စေတနာမျိုးစေ့ အဆန်ချောင်သွားတတ် တယ်။ အဲဒီတော့ စေတနာ မှန်မှန် ထက်ထက်သန်သန် နဲ့သာလှူ၊ ဒါနတစ်ခုအောင်ရင် နိဗ္ဗာန်အထိ အကျိုးပေးတယ်။ တရား ဘက်ကလည်း ကြိုးစားလိုက်စမ်းပါ။ ကိုယ့်အိမ်မှာ တစ်နာရီလောက် ထိထိမိမိ အားထုတ်လိုက်ရင် တို့ဆီလာတာထက်တောင် တန်ဖိုးကြီးပါတယ်ဗျ။ တို့ဆီက လာတာက လူလာတာ၊ ဉာဏ်လာတာမှ မဟုတ်ဘဲ။ ဉာဏ်ဖြစ်အောင် အားထုတ်၊ တစ်နာရီရရင် ၁၀ မိနစ်တိုးပြီး ဆက်အားထုတ်၊ တို့က အမောခံပြီး ဟောလိုက်ရတဲ့တရား၊ အပင်ပန်းခံပြီး အားထုတ်တဲ့တရား၊ တို့လည်း နားရတယ်မထင်နဲ့။ သွားနေရတယ်။ တို့သွားနေတာ အိပ်ချိန်ကို မရှိတာ ...။ တို့ရှေ့က သူတော်ကောင်း ကြီးတွေလည်း မအိပ်မနေ အားထုတ်ခဲ့တာပဲ။
ဝေဘူဆရာတော်ကြီးပြောသလို သံသရာအဆက်ဆက် အိပ်လာခဲ့ကြတာ။ ခုချိန်ထိ မနိုးကြ သေးဘူးလားတဲ့။ အိပ်ရေးဝတယ်ဆိုတာ အိပ်လို့ကို မဝတာ။ မအိပ်ရင် ဝသွားလိမ့်မယ်တဲ့။ ပုထုဇဉ်တွေ နားလည်မှာ မဟုတ်ဘူး။ အဲ သူတို့ ဆရာဝန်တွေ ဆေးသိပ္ပံတွေနဲ့ ပြောတော့ တစ်နေ့ ခြောက်နာရီအိပ်မှ အိပ်ရေးဝသတဲ့။ တို့တရားဘက်က ပြောတော့ မအိပ်မှ လန်းဆန်းတာတဲ့။ ကွာခြားမှုရှိပါတယ်။ လူတွေက ကိုယ့်ကိုယ်နဲ့ ကိုယ့်စိတ် အလုပ်မလုပ်ဘူး။ သူများစိတ်နဲ့ အလုပ်လုပ်တာ။ သူများပစ္စည်း၊ သူများ ပိုက်ဆံ လိုချင်တာကိုး။ အားရတယ်ရှိသလား။ အနောက် နိုင်ငံက ဘီလျံနာသူဌေးကြီးဆိုတာတွေ ငါ တော့ ဘီလျံနာဖြစ်ပြီဆိုပြီး သူ့အလုပ်တွေ ရပ်ထားသလား။ မရပ်မနား သွားနေတယ်။ လောဘသွားသလောက် သောကက အရိပ်ပမာ နောက်က လိုက်နေတယ်။ လောဘတွေ၊ သောကတွေနဲ့ဆိုတော့ လူသာချမ်း သာတာ၊ စိတ်ပင်ပန်းမှာပေါ့။ နင်တို့ ရန်ကုန်ဘိန်းမုန့်လုပ် သလို အထက်မီးအောက်မီးနဲ့ လုပ်ကြရတာ။ အပြင်ပူ၊ အတွင်းပူနဲ့ နေပူမရှောင်၊ မိုးရွာမရှောင် လုပ်ကြရတာ ဘယ်လောက်နွမ်းရိ နေမလဲ။ ကိုယ်ပန်းစိတ်ပန်း ထိနမိဒ္ဓ ဝင်တော့ အိပ်ပေးရတယ်။
မအိပ်ခင် သေချာပြန်ကြည့်ပါ။ လောဘနဲ့ သောကခံနေရလို့ ဝင်လေထွက်လေဟာ ချက်တိုင်အထိ မရောက်ဘဲ လည်ချောင်းလောက်က ပြန်ထွက်နေရတာ။ ဘဝင်လေက မြှင့်တင်သလောက် အောက်ကလေအပေါ် ထောင်တက်နေတာ။ အောက်လေ(တွန်းကန်လေ)က သွေးတစ်ဝက်ဖိထားတဲ့အတွက် လှုပ်ရှားလေက အောက်အထိ မဆင်းနိုင်ဘူး။ ဒီတော့ ရှိရှိသမျှ အပူအပုပ် ခန္ဓာကိုယ်ထဲ အောင်းနေရော ကိုယ်ထဲမှာ အကြောတွေက တစ်ဆင့် ရိုးတွင်းခြင်ဆီထိ သွားရတာ။
သောကရှိနေသရွေ့ အိပ်မပျော်ဘူး၊ အိပ်ရေး မဝဘူး။ ဝင်လေထွက်လေက တကယ် အိပ်ပျော်သွားမှ အလုပ်လုပ်တာ၊ စည်ပင်လိုပေါ့။ ညဘက် ကားရှင်းပြီဆိုမှ သန့်ရှင်းရေးလုပ်ကြရတာ။ အခုလည်း ဝင်လေထွက်လေက လူအိပ်မှ သူ့လမ်းသူသွား၊ သူ့အလုပ် သူလုပ်ရတာ။ ခန္ဓာကိုယ်အစာအိမ်ထဲမှာ အပူအပုပ်က အောင်းနေတာ။ အဲဒါ ဝင်လေက သန့်ရှင်းပေး၊ ထွက်လေက အပူအပုပ်၊ ထုတ်ပစ်တာ၊ ဝင်လေကြောင့် ခန္ဓာကိုယ်အေးတယ်၊ ထွက်လေကြောင့် အပူအပုပ်ကုန်တဲ့အချိန် နိုးလာတာ၊ လန်းလန်းဆန်းဆန်းပဲ။
အပူအပုပ်မကုန်ခင် နိုးလာရင် တစ်ယောက်ယောက်က လာနှိုးလို့ဖြစ်ဖြစ်၊ ဆူညံတဲ့အသံ ကြောင့်ဖြစ်ဖြစ် လန့်နိုးလာရင် ခေါင်းကိုက်ရော၊ ဒီတော့ ခန္ဓာ့ဖြစ်စဉ် မြင်အောင်ကြည့်၊ အိပ်လို့ အားရှိတာလား၊ အပူအပုပ်ကုန်လို့ အားရှိတာလားဆိုတာ၊ လောဘတွေ၊ သောကတွေကို ဝင်ခွင့်မပေးဘဲ ဝင်လေထွက်လေ ရှူရှိုက်ရှု မှတ်နေရင် အပူအပုပ် မဝင်သာတော့ဘူး။ အပူအပုပ် နည်းလေလေ အိပ်ချင်စိတ် နည်းလေလေပဲ။ အပူအပုပ် လုံးဝမရှိတဲ့ အရိယာသူတော်ကောင်းကြီးတွေ လုံးဝမအိပ်တော့ဘူး။ အိပ်စရာကို မလိုတော့ဘူး။
တို့ဘဝနဲ့ တို့အချိန်တွေ တန်ဖိုးကြီးလွန်းလို့ ဒီအချိန်တွေကို အိပ်ပြီး ဖြုန်းတီးပစ်တာမျိုး မလုပ်ကြပါနဲ့။ ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးက 'တို့က တို့ခန္ဓာကိုယ်ကြီး ပိုးစာလောက်စာအဖြစ် တောင် ချန်မထားရစ်ခဲ့ဘူးဗျ။ ကိုယ့်ကိုယ်ကိုယ် အကုန်အသုံးချသွားမှာ'လို့ မိန့်ခဲ့တာဗျ။ တို့ ဒကာ ဒကာမတွေက ဒီခန္ဓာကိုယ်ကြီး မီးစာ၊ မြေစာ ကျွေးကြမှာလား။ ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန်ဘ၀ တွေရောက်မှ တရားအလုပ်လုပ်ချင်လို့ မရနိုင်တော့ပါဘူး။ အဲဒီဘဝတွေဟာ အချိန်ပုပ်၊ အရွယ်ပုပ်၊ ဘဝပုပ်တွေ ဖြစ်ကုန်ပြီလေ။ နတ်တွေလည်း လူ့ဘဝတရားအခြေ ခံပါသွားမှ ဟိုမှာ ကျင့်လို့ရတာ၊ တရားပါမသွားရင် အလကားပဲ။ နတ်ဖြစ်လည်း တရားမရ အလကားပဲ။
လူတွေရဲ့ တစ်နေ့တာမှာ 'မောဟအတွေး' ကပိုများပါတယ်။ လောဘကြိုက်တဲ့ အချိန်ဝင်တယ်။ ဒေါသက မကြိုက်တဲ့အချိန် ဝင်တယ်။ မောဟက များတယ်။ မောဟက အောက်ဆွဲ၊ သတိက မောဟရဲ့ ဆန့် ကျင်ဘက်၊ ပြီးတော့ သတိက အခုမှမွေးရမှာ။ တော ကြောင် အိမ်ခေါ်မွေးရသလို၊ ပြီးတော့ စိတ်ရဲ့ သဘာဝက သတိကို အတင်မခံဘူး။ စိတ်ကို အားပေးအားမြှောက် လုပ်နေတာက ဓာတ်၊ ဒီကိုယ်ကောင်ကြီးကလည်း ဓာတ်ကောင်ကြီးဆိုတော့ စိတ်ကဓာတ်တည့်ရင် ကြိုက်၊ ဓာတ်မတည့်ရင် မကြိုက်တော့ဘူး။ အာရုံတွေကလည်း စိတ်ဘက်က၊ အတွေးဘက်က၊ သူ့ဘက်က ဒီလောက် အား များနေတာ ကိုယ့်မှာ အခုမှ မွေးကင်းစ သတိကလေးနဲ့ မှတ်ရမှာ။ ဒီတော့ မအိပ်ဘဲတိုက်၊ မတည့်တဲ့နိုင်ငံချင်းကြိမ်းသလို အပြုတ်တိုက်မယ်ဆိုပြီး ကိလေသာကို တိုက်ရမှာနော်။'
ဗုဒ္ဓဘာသာ ဘာလို့ဖြစ်လာသလဲ၊ အထက်တက်ချင်လို့ ကုသိုလ်နဲ့ လူဖြစ်လာတာ။ လူဆိုတာကုသိုလ် အရင်းအမြစ်ပါလာတယ်။ အထက်တက်ချင်ရင် ထိုင်နေလို့မရဘူး၊ အိပ်နေလို့ မရဘူး၊ သွားရမှာ။ တို့ဘုရား၊ တို့သာသနာက လမ်းပြထားပြီးသား၊ သတ္တာဒေ၀ မနုဿနံဆိုတာ လမ်းပြတဲ့ ဆရာ၊ လမ်း ပြတွေ အများကြီးတွေ့ခဲ့ပြီ။ ဘုရားတွေ အများကြီး ပွင့်ခဲ့ပြီ။ ရဟန္တာကြီးတွေ အများကြီး ပွင့်ခဲ့ပြီ။ ဘာလို့ လွဲနေသလဲ။ တော်တော် အရှောင်ကောင်းကြတာကိုး။ အခု တို့ဆီလာတော့ တို့ကလည်း လမ်းပြ လိုက်ပါတယ်။ ပြလိုက်တဲ့လမ်းအတိုင်း သွားကြဖို့ပဲလိုပါတယ်။ သွားမှာလား၊ ရပ်နေမှာလား၊ အိပ်နေမှာလားလို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက အမေးစကားဖြင့် တရားလမ်းပေါ် လျှောက်နိုင်အောင် နှိုးဆော်တိုက်တွန်းထားပါ ကြောင်း။
(ညွှန်း ။ ။ ၂၀၂၃၊ မတ်လထုတ်၊ လောကပါလကျမ်းစာ အုပ်နှင့် ၁၅-၃-၁၁
မဟာဗောဓိမြိုင်တောကြီးမှာ ဟောတဲ့တရား)
( မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )