မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ မဟာစည်တရားစခန်းမှ ဓမ္မသင်ခန်းစာများ

၂၀၂၃ ဒီဇင်ဘာ ၁၂
     ၁၃၄၁ ခု ဝါခေါင်လဆန်း ၄ ရက်မှာ မဟာစည်ရိပ်သာကြီးတစ်ခုလုံး အုန်းအုန်းကျွတ်ကျွတ်ဖြင့် တစ်ခဲနက် စည်ကားလို့နေပါတော့တယ်။ ကားတွေ၊ လူတွေ ပျားပန်းခပ်ရှုပ်ယှက်ခတ်နေပြီး အရောင်စုံ၊ အသွေးစုံ၊ အသံစုံတို့ ဆူညံနေလျက်ရှိပါတယ်။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ကမ္ဘာ့နိုင်ငံ အသီးသီး ၁၃ နိုင်ငံ သာသနာပြုခရီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှာမို့ ဆရာတော်ဘုရားကြီးအား ကြိုဆိုဖူးမြော်ရန် မဟာစည်ရိပ်သာကြီးမှာ များပြားလှတဲ့ ပရိသတ်ကြီးဟာ လာရောက်စုရုံးစောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ ယောဂီများဖြင့်သာ တိတ်ဆိတ်ငြိမ် သက်ခဲ့သော တရားရိပ်သာကြီးဟာ ကားတွေ၊ လူတွေ ပြည့် ကျပ်လျက် ဆူဆူညံညံ အသံမျိုးစုံ ထွက်ပေါ်နေပါတော့တယ်။
    များပြားလှတဲ့ လူအုပ်ကြီးထဲမှာ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကို တရားဖြင့်ပူဇော် စောင့်ကြိုနေသူတစ်ဦးလည်း ပါဝင်ပါတယ်။ အဲဒီပုဂ္ဂိုလ် ကတော့ မဟာဗောဓိမြိုင်လောင်းလျာ ယောဂီဦးညိမ်း မောင်ဖြစ်ပါတယ်။
    'ယခင်က မြို့လယ်ကောင် ဖြူ၊ နီ၊ ညို၊ ပြာတို့ ဝင်ထွက်သွားလာရာ ရိပ်သာမျိုး၌ အမှန်တရားမရနိုင်ဟူသော အစွဲလက်ဆုပ်၊ ယခုကိုယ်တွေ့သရုပ် လက်ကိုင်တုတ်ဖြင့် ကော်နုတ်ချွတ်လိုက်ပြီဖြစ်၏။ ယခင်က လူ၊ ယောက်ျား၊ မိန်းမ၊ ဘာပြောသည်၊ ဘာဆိုသွားခဲ့သည် ဟူသော 'ပညတ်'ပေါ်မေးတင် အမည်တွင်ရာပေါ် အဟုတ်မှတ်ခဲ့မိသော အမှားစွဲ၊ ယခုဖြစ်ပျက်မြင်၊ Óဏ် ဓားဆွဲ ဖျက်ခွဲ၍ ပယ်လိုက်ပြီးဖြစ်နေ၏။ ပညတ်တုံး ခေါင်းအုံးလျက်က အိပ်နေသော င့ါစိတ် ယနေ့အိပ်ပျော် ခြင်းမှ နိုးထခဲ့ချေပြီ။' (၂၀၁၂၊ စက်တင်ဘာထုတ်၊ ကိုယ် တိုင်ရေးအတ္ထုပ္ပတ္တိ၊ စာ-၂၄၅)
    မဟာစည်ဆရာတော်ဘုရားကြီး မကြာခင်ကြွရောက်လာတော့မှာ ဖြစ်ပါတယ်...စသည်ဖြင့် အသံချဲ့စက်မှ နှိုးဆော်အသိပေးသံများလည်း မပြတ်ပေါ်ထွက် လျက်ရှိပါတယ်။ ဆရာတော်ကြီးကို တရားဖြင့် ကြိုဆို ကြပါဆိုတဲ့ တိုက်တွန်းချက်လည်းပါလာပါတယ်။ ယောဂီ ဦးညိမ်းမောင်ဟာ ဓမ္မာရုံထဲမှာ နေရာယူလျက် က'ဖောင်းတယ်၊ ပိန်တယ်' ရှုမှတ်ရင်း ဆရာတော်ဘုရားကြီး ကြွအလာကို စောင့်မျှော်နေပါတယ်။ မကြာမီ ဆရာတော် ဘုရားကြီးရဲ့ ကားရိပ်သာအတွင်းသို့ ဆိုက်ရောက်လာရာ လူအုပ်ကြီး၏ ဆူဆူညံညံ လှုပ်လှုပ်ရှားရှား အသံများကို ကြားနေရပါတယ်။ ဆရာတော်ဘုရားကြီး ပလ္လင်တော်ပေါ်ဝယ် နေသားတကျ သီတင်းသုံးပြီး ချိန်မှာတော့ သာသနာ့နုဂ္ဂဟအဖွဲ့ရဲ့ လျှောက်ထားချက် အသံများ ထွက်ပေါ် လာပါတယ်။
    'ဆရာတော်ဘုရားကြီး၏ ဓမ္မဓူတသာသနာပြု ခရီးသုံးလနှင့် ၂၇ ရက် ပြည်ပသို့ ကြွရောက်တော်မူနေ စဉ်အတွင်း ဤအဖွဲ့မှ လုပ်ဆောင်ချက်များကို လည်းကောင်း၊ နိုင်ငံခြားသားများ လာရောက်အားထုတ်သွား ကြသည့် ဦးရေစာရင်းများကိုလည်းကောင်း၊ လူပရိသတ် ငါးထောင်ကျော်မျှ၏ ရှေ့တွင် အသေးစိတ်ဖတ်ကြား လျှောက်ထားပြသရ၏။ သိခဲ့ရသည်မှာ ထိုကာလများ အတွင်းတွင်လည်း တစ်လလျှင် တစ်ကြိမ်ကျ စာရင်းများ ပြုလုပ်၍ ဆရာတော်ဘုရားကြီး ရောက်ရှိနေရာ တိုင်းပြည်များတို့သို့ လျှောက်ကြားအစီရင်ခံစားများ ပေးပို့ခဲ့ ရသေးဆို၏။ အားကျစရာ၊ အတုယူစရာ စည်းကမ်းချက် များပေတည်း။ (စာ-၂၄၇)
    ဆရာတော်ဘုရားကြီးအား အစီရင်ခံစာများ၊ လျှောက်ထားချက်များ ဖတ်ကြားအပြီးမှာတော့ မဟာ စည် ဆရာတော်ကြီးက သီလနှင့် တရားတော်များ ချီးမြှင့်ပါတယ်။ ကမ္ဘာကို သာသနာပြုခဲ့တဲ့ တရားတော်များကို ပြန်လည်ဟောကြားတော်မူခြင်းဖြစ်ပါတယ်။ ကမ္ဘာ့သာသနာပြု တရားတော်များကို ဘာသာပြန်ဆိုပေးခဲ့တဲ့ ဆရာတော် ဦးဇဝနကိုလည်း ချီးကျူးတော်မူပါတယ်။ 'ပဂ္ဂဟခေါ် ချီးမြှောက်ထိုက်ရာကို ပရိသတ်ရှေ့ ချီးမြှောက် ပေးခြင်းပင်တကား'လို့ မဟာဗောဓိမြိုင် ဆရာတော်ကြီးက မှတ်ချက်ရေးသား ဖော်ပြထားပါတယ်။
    နောက်တစ်နေ့ ဝါခေါင်လဆန်း ၅ ရက်နေ့ အရုဏ်တွင် ဆရာတော်ဘုရားကြီး၏ မွေးနေ့ကို ရည်စူး ၍ အရုဏ်ဆွမ်းကပ် ဖလ်ယဉ်ဓမ္မာရုံကြီး၌ ကျင်းပ၏။ ပရိသတ်လည်း ငါးထောင်မျှပင် များပြားစွာလာရောက် ကြည်ညိုကြ၏။ ငါတို့ အားလုံးလျှင် အပါအဝင်ဖြစ်၏။ ဘုရားသို့ ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်များ ကပ်လှူပြီးစီးသော် ဆရာတော်ဘုရားကြီးကား သြဝါဒစကား မြွက်ကြား၏။ ထိုသို့ မြွက်ကြားရင်းက ...
    'တရားစစ်ပေးကြရတဲ့ အချို့နာယက ဆရာတော်များဟာ ပစ္စည်းရှိသူကျတော့ တစ်မျိုး၊ ပစ္စည်းမဲ့ကျတော့ တစ်မျိုး စစ်တယ်လို့ ဘုရားတပည့်တော်များ သိရပါတယ်။ သည်အမူအကျင့်မျိုးဟာ မိမိအတွက်လည်း အကျိုးမများပါဘူး။ သူတစ်ပါးအတွက်လည်း အကျိုးမများပါဘူး။ သာသနာအတွက်လည်း အကျိုးမများပါဘူး။ သို့ကြောင့် ရပ်တန်းကရပ်ကြဖို့ ဘုရားတပည့်တော် သတိပေးပါတယ်။ ဘုရားတပည့်တော်များ တာဝန်ရှိလာ လို့ သတိပေးခြင်းဖြစ်ပါတယ်'ဟူ၍ ထည့်သွင်းဟောကြား သွား၏။ နိဂ္ဂဟ-နှိပ်ကွပ်ထိုက်သူကို ပရိသတ်ရှေ့ဝယ် နှိပ်ကွပ်ပေးခြင်းပေတကား။ 'ထို ပဂ္ဂဟ-နိဂ္ဂဟ စကားနှစ်လုံးတည်းဖြင့်ပင် မဟာစည်ဆရာတော်ဘုရားကြီးအား ငါတို့ လေးစားသွားတော့၏။' (စာ-၂၄၈)
    ပရိသတ်ရှေ့မှာ ပဂ္ဂဟ(ချီးကျူးစကား)ဆိုတာ နားထောင်လို့ကောင်းပေမယ့် နိဂ္ဂဟ(နှိပ်ကွပ်စကား)ဆို ရဲတာကား မဟာစည်ဆရာတော်ဘုရားကြီးရဲ့ တော် တည့်မှန်ကန်မှုကို ပြဆိုနေတယ် မဟုတ်ပါလား။ ပြီး တော့ နှိပ်ကွပ်ခံရသူတွေမှာလည်း မဟာစည်ရဲ့ နာယက ကြီးတွေ၊ အံ့ဖွယ်ကောင်းပေစွလို့ ဆိုရမှာ ဖြစ်ပါတယ်။
    အဲဒီနေ့က ဆရာတော်ကြီးရောက်စနေ့မို့ နာယကများ အလုပ်များနေကြပါတယ်။ ဆရာတော် ဦးပဏ္ဍိတလည်း အလုပ်များနေလို့ ယောဂီတွေကို သေသေ ချာချာ တရားမစစ်နိုင်ဘဲ 'ယောဂီ ...လိုရင်းသာပြော' လို့ မိန့်တော်မူရာ ယောဂီဦးညိမ်းမောင်ခမျာ ရှုကွက်ထဲ ပေါ်လာသော မြင်ကွင်းများကို အပြည့်အစုံ မလျှောက် ထားနိုင်ရှာ။
    "ရှုကွက်နှင့် မှတ်စိတ်တည့်သွားသောအခါ ကိုယ်ကောင်ကြီး တရိပ်ရိပ် မြောက်တက်သွားလိုက်၊ ပြန် ကျလာလိုက်တွေ့ပါသည် ဘုရား"လျှောက်မိရာ ...
    "ဘာလဲ၊ ပြောတော့ ရှုကွက်နဲ့မှတ်စိတ်၊ တည့် သလေးဘာလေးနဲ့၊ ဖောင်း ဘာဖြစ်လဲ"
    "အေးပြီး ...တရိပ်ရိပ် အထက်တက်သွား ပါသည်ဘုရား"
    "ပိန် ဘာဖြစ်လဲ"
    "နွေးပြီး တရိပ်ရိပ်ပင် အောက်ပြန်ကျပါတယ် ဘုရား"
    "ဘာလဲ၊ ကျုပ်မေးလို့ ပြောတာလား၊ တကယ်ပဲမြင်လို့ ပြောတာလား၊ ကျုပ်တို့ မဟာစည်ကို လာတာက တရားလိုချင်လို့လာတာလား၊ နာမည်လိုချင်လို့ လာတာလား၊ ကျုပ်တို့ မဟာစည်က မဟာစည်ထွက်ရယ်လို့ နာမည်ကောင်း လက်မှတ်ပေးတဲ့ဌာနမဟုတ်ဘူး။ တရားတကယ်မြင်၊ တကယ်သိတွေ မွေးထုတ်တဲ့နေရာ"
    ဤသို့လျှင် ယောဂီတို့ရှေ့ဝယ် ဆူကြိမ်းကြိမ်းပါလေတော့၏။ ရှက်လိုက်သည့်ဖြစ်ခြင်း၊ အသားများက နတ်ကျသလိုပင် တဆတ်ဆတ်တုန်ခါနေ၏။ မျက်နှာ ကား ဂိတ်ဆုံးအထိ အောက်ငုံ့ထားရ၏။ အစစ်ခံပြီးသော် ဆရာ့အခန်းမှ ပြန်ထွက်လာခဲ့၏။ ထိုနေ့တစ်နေ့လုံး၊ တစ်ညလုံး တရားမှတ်၍ မရပြီ။ ဆွမ်းစား၍လည်း မဝင်ပြီ။ ငါ့အပြစ် ငါကားမမြင်၊ ဆရာ့အပြစ် အနာအဆာ မျှကိုသာ ဆင်ခြင်မိ၏။}
    "လိုရင်းပြောပါဆိုလို့လည်း ပြောရသေး၊ ပြောပြန်တော့လည်း မာန်ပြန်သေး၊ တော်-သည်ရိပ်သာ ငါ မနေ}ဟူ၍လည်း ဆုံးဖြတ်လိုက်၏" (စာ-၂၄၈)
    "လာရောက်နည်းခံသူ ဝေနေယျတို့အပေါ် အထင်သေး၊ အမြင်သေး မြင်လေ့၊ ကြည့်လေ့ရှိသော ရိပ်သာ"ဟူ၍လည်း ဝေဖန်မိသေး၏။ နာယကများက တော်သေး၏။ အမြဲနေ သံဃာငယ်များကား ငါတို့ကို ကြည့်မြင် ဆက်ဆံရာတိုင်းတို့၌ မဟာစည်နာမည်ကြီး သဖြင့် အချောင်ကပ်စားရန် လာရောက်ခြင်းဟူ၍ နှုတ်မှ မထွက်ရုံတစ်မည်သာ ကြုံတွေ့ရ၏။ နှုတ်မှ ထွက်လုဆဲဆဲ အထိ ထိတွေ့ခဲ့ရ၏။ ဆရာတော်ဘုရားကြီး၏ ဘုန်းရိပ် ကံရိပ်ခိုလှုံကာ မာန်ဝင်နေကြလေသူများဟူ၍ လည်း တွေးမိ၏။
    ဣဿာ - မိမိထက်သာ သူတစ်ပါး၏ ဂုဏ် သိက္ခာ၌ မနာလိုခြင်းတရား။
    မစ္ဆရိယ - မိမိအောက်နေ သူတစ်ပါးတွေကို မိမိအခြေအနေသို့ မမီစေလိုခြင်းတရား။
    ဤတရားနှစ်ပါးတို့ကား ဆရာတော်ဘုရား၊ နာယကဆရာတော်ကြီးများ၏ ရှေ့မှောက်မှပင် ခေါင်းမြီးခြုံ ဝင်သွားကြပြီး နောက်မှာရှိ တပည့်သား သာဝက တို့ အကြားမှာမူကား တော်တော်ကလေး ခြေရှုပ်နေသော တရားနှစ်ပါးဟူ၍လည်း တွေးမိသေး၏။ ကိုယ့်မျက်ချေး ကိုယ်မမြင်၊ သူ့မျက်စေးချေးထင်နေခြင်းမျှသာတည်း။} (စာ-၂၄၉)
    ဝိဘဇ္ဇ - ဝေဖန်သုံးသပ်ခြင်း ဉာဏ်အမြင်နဲ့ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ပြန်လည် ဆန်းစစ်လိုက်တဲ့အခါ ...'သူ့ဆရာတင်လျှင် သူပြုပြင် ပေးရာခံယူရမည်'ဆိုတဲ့ အဖြေကို ရခဲ့ပါတယ်။ ဆရာကို မကျေနပ်၍ ဆရာကို ကျောခိုင်းထွက်ခြင်းသည် အရိပ် နေ၍ အခက်ချိုးခြင်းလို့ သဘောပေါက်လာတဲ့အခါ ဆရာ့အလိုကျ 'ဖောင်းပိန်'ကိုပဲ ရှုမှတ်ဖို့ ဆုံးဖြတ်လိုက် ပါတယ်။
    မဟာဗောဓိမြိုင်လောင်းလျာဟာ မဟာစည် ဆရာတော်ဘုရားကြီးကို 'စော်ကားထားတဲ့ ပြစ်ချက်နှစ်ခု' ရှိတယ်လို့လည်း ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ဝန်ခံဖော်ပြထားပါတယ်။
    'ငါတို့ ငယ်ငယ် သာမဏေဘဝ၏ (၁၆) နှစ်သားအရွယ်ကဖြစ်၏။ ထိုစဉ်အခါတုန်းက ငါတို့ကား ရွှေဘိုမြို့ ဝေဠုဝန်ပါဠိတက္ကသိုလ်ဝယ် ပညာသင်ဦးစအရွယ် တည်း။ ဆရာဖြစ်သူက အဘိဓမ္မာသင်္ဂဟ၏ ကမ္မဋ္ဌာန်း ပိုင်း ဥပက္ကိလေသတရားဆယ်ပါး သရုပ်တို့ကို ထုတ်နုတ် ပို့ချ၏။ သြဘာသော ပီတိပဿန္ဓိ ...စသည်ပင်ဖြစ်၏။'
    အဲဒီအချိန်မှာ ...'ဆိပ်ခွပ်မဟာစည်၌ ရဟန်းတစ်ပါး သူ့ကိုယ်ခန္ဓာမှ အလင်းရောင်များ ပြူထွက်လာသောအခါ နိကန္တိခေါ် တပ်မက်သော တဏှာ က ဖိစီးလာတော့သဖြင့် ကိုယ်လုံးတီးကြီးချွတ်ကာ ... 'ကြည့်ကြ၊ ကြည့်ကြ၊ ငါ့ကို မြင်ကြလား၊ ငါ့မှာ အလင်းရောင်များက ဖုံးနေသည်' စသည်ဖြင့် အော်ဟစ်၍ အများကို အကြည့်ခိုင်းဆို၏။ တကယ် ဟုတ်မဟုတ် ကား အတပ်မသိပြီ။'
    'ထိုစကား နာကြားပြီးကတည်းက တရားအား ထုတ်မည်ဟူ၍ ပြောကြသူတိုင်း ထိုရာဇဝင်ခင်း လျက်က ...'ဆရာကောင်းလျှင် တော်ပါရဲ့။ ဆရာပေါင်းမှားက ရူးသွားတတ်တယ်'ဟူ၍ အကြိမ်ပေါင်းများစွာ ပုတ်ခတ် မိခဲ့ပါ၏။ 'ဒါ မဟာစည်ဆရာတော် အထိန်းမတတ်လို့' ဟူ၍လည်း ဝေဖန်မိ၏။ ဤကား ပထမပြစ်ချက်၏ များစွာသော ဝစီနှုတ်ထွက် စွပ်စွဲချက်တည်း' (စာ-၂၆၁)
    'ဒုတိယပြစ်ချက်'ကိုလည်း အရှိအမှန်အတိုင်း ဝန်ခံဖော်ပြထားရာ မူရင်းအတိုင်းပဲ တင်ပြပေးလိုက်ပါ တယ်။
    'တစ်ဖန်ငါတို့ကား အသက် (၁၈) နှစ် သာမဏေဘဝဖြင့်ပင် ရန်ကုန်မြို့ သရက်တောကျောင်းတိုက်၏ ကျောက်ပန်းတောင်းကျောင်းသို့ ရောက်လာ၏။ ငါတို့နှင့်အတူနေ ဦးရေဝတ၊ ဦးနာဂိန္ဒ၊ ဦးဇနိတ၊ ဦးကော သလ’ဟူသည့် ဝေဘူဆရာတော်ဘုရားကြီး၏ တူတပည့်တို့တွင် ဦးကောသလ’(သနပ်စိန်)၏ ရဟန်းဒါယကာ၊ ဒါယိကာမများကား လမ်း ၅၀ နေ ဦးဘသော်+ဒေါ်စိန်စိန် တို့တည်း။'
    'ထို ဒေါ်စိန်စိန်သည် ရန်ကုန်ရှိ မဟာစည်သို့ တရားစခန်းဝင်၏။ ပြန်ထွက်လာသော် ၎င်းင်းကား 'သော တာပန်'တည်းဆိုကာ လမ်း ၅၀ နေအိမ်သို့ ပြန်မသွားတော့ဘဲ ရွှေတိဂုံအရှေ့ဘက်မုခ်၏ ဗဟန်း ကြားတောရ လမ်းရှိ ၎င်းင်းတို့ မိဘလှူဒါန်းထားသော ဇရပ်ကြီးမှာသာ နေတော့၏။ ပုထုဇဉ်လင်သားနှင့် မယား သောတာပန် မထိုက်တန်တော့ဟူ၏။ ထိုဇနီးမောင်နှံတို့မှာလည်း ဦး ဘသော်ကား ဆင်းရဲသား၊ ဒေါ်စိန်စိန်ကား သူဌေးသမီး တည်း။ ထိုသို့ ဆင်းရဲသားနှင့် သူဌေးသမီးညားရန်မှာ တော်ရုံတန်ရုံသော စွဲလမ်းမှုမျိုးမဟုတ်ကြ။ အလွန့်မှ အလွန်သော အစွဲစိတ်လွန် ကိုယ်နှုတ်ကျွံမှသာ ရစမြဲ မျိုးဖြစ်ခဲ့ကြ၏။ သို့တစေလည်း ယနေ့ ဒေါ်စိန်စိန်က မပေါင်းနိုင်ဟု အတန်တန် လာခေါ်လေတိုင်း ခါးခါးသီး သီး ငြင်းပယ်၍လည်း လွှတ်လိုက်လေသောအခါ ဦးဘသော်ခမျာ ဒေါ်စိန်စိန်၏ စိတ္တဇနာဖြင့်ပင် သေပွဲဝင်ရရှာတော့၏။' (စာ-၂၆၁၊ စာ-၂၆၂)
    အဲဒီမှာ ဦးဘသော်ဆွေမျိုးတွေက ဦးဘသော်ရဲ့ အသုဘကိစ္စအ၀၀ ဆောင်ရွက်ပေးပြီးတဲ့နောက် ပစ္စည်းဥစ္စာအရပ်ရပ်ကို အပိုင်စီးလိုက်ကြပါတယ်။ ဒီ သတင်းကို ဒေါ်စိန်စိန်ကြားတဲ့အခါ ရင်ကိုထုထုပြီး ငိုရှာလေတော့တယ်။ အဲဒီနောက် ဦးဘသော်ရဲ့ ဆွေမျိုးတွေနဲ့ တရားရင်ဆိုင်ရင်း ...သူ့ကိုယ်သူ သောတာပန်လို့ ပြောနေတဲ့ ဒေါ်စိန်စိန်ဟာ 'စိတ်မမှန်'ဖြစ်သွားရှာတော့တယ်။
    'ထိုမြင်ကွင်းကလည်း ငါတို့မျက်စိအောက်မှာ တွေ့လာပြန်သဖြင့် မဟာစည်ဆရာတော်ဘုရားကြီး အပေါ်နှစ်ဆတိုးလျက်က ဝေဖန်တိုက်ခိုက်မှုကား အ ကြိမ်ကြိမ်တည်း။ မဟာစည်က သောတာပန်ဖြစ်ပြီ၊ ဘာဖြစ်ပြီ၊ ညာဖြစ်ပြီနဲ့ လူဆွယ်၊ လူဆွဲ၊ လူလုပွဲကျင်းပနေ တယ်။ မဟာစည်က သူများတွေ အထင်ကြီးအောင် ထွင် လုံးသုံး စည်းရုံးနေတယ်။ ငါတို့၏ သက်တမ်းတစ်လျှောက် ရဟန်းဝါ ၅ ဝါ၊ အသက် ၂၅ နှစ်အထိ တရားအားထုတ် မည်ဆိုသော လူ၊ ရှင်ရဟန်းတို့နှင့် ဆုံမိလေတိုင်း ဝေဖန် ပုတ်ခတ်မိခဲ့ပါချေ၏။' (စာ-၂၆၂)
    ကိုယ်တိုင် မဟာစည်စခန်းဝင် ယောဂီဖြစ် လာချိန်မှာတော့ ထင်သလိုမဟုတ်ကြောင်း တွေ့လာရပါတယ်။ မဟာစည်မှာ 'သောတာပန်'စသည်ဖြင့် တံဆိပ်ကပ် သတ်မှတ်ပေးတာမျိုး မရှိပါဘူး။
    'ဦးစွာ ဉာဏ်စဉ်တရားနာယူရန် ပလ္လင်ခံစကား မြတ်ကြားစဉ်ကပင်လျှင် ကိုယ့်ဉာဏ်အဆင့် ကိုယ်တိုင်ပင်ချင့်၍ အသင့်ဆုံးဖြတ်ရန် သတိပေးတော်မူ၏။' (စာ-၂၆၂)
    အောက်ဉာဏ်၊ အလယ်ဉာဏ်၊ အထက်ဉာဏ်များကို ကိုယ်တွေ့ဖြင့်ကိုက်ညှိပြီးမှသာ ဆုံးဖြတ်ရလေ့ရှိ ပါတယ်။ ဒါ့ကြောင့် ကျေးဇူးတော်ရှင် မဟာစည်ဆရာ တော်ဘုရားကြီးအပေါ် အထင်ဖြင့် ပြစ်မှားမိခဲ့လေသမျှ ကို ဝန်ချတောင်းပန်ဖို့ အကောင်းဆုံးအချိန်ကို စောင့် မျှော်ခဲ့လေရာ ၁၃၄၁ ခု ဝါခေါင်လပြည့်ကျော် ၇ ရက် နေ့ ညနေ ၅ နာရီမှာ ဆရာတော်ဘုရားကြီးကို ဖူးတွေ့ ခွင့်ရခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ မေတ္တာဓာတ်၊ ဓမ္မ ဓာတ်ကြောင့် ဖူးရတာ အလွန်ပင်အေးငြိမ်းလှပါတယ်။ ဆရာတော်ဘုရားကြီးက ရှေးဦးစွာ သီလတရားချီးမြှင့် ပေးသနားပါ တယ်။ ဉာဏ်စဉ်တရားနာကြားခြင်းနှင့် ယောဂီတစ်ဦး၏ ရပ်ရွာထဲဆောင်ရန် ရှောင်ရန်များကိုတော့ တိပ်ခွေဖွင့် ပြုပြီး နာကြားစေပါတယ်။
    'ဆရာတော်ဘုရားကြီးအား ကန်တော့၍ ပြန် ရန်သာရှိတော့၏။ ငါတို့ကား ထိုဆရာတော်ဘုရားကြီး အား စော်ကားထားသော ပြစ်ချက်နှစ်ခုက သတိပေး လာချေတော့ရကား ထိုပရိသတ်ရှေ့မှာပင် ဝစီနှုတ် မြွက်ဝန်ချတောင်းပန်ရန် ဟန်ပြင်၏။ ရှက်စိတ်ကား ဖြတ်တားတားထား၏။ တစ်ကြိမ်မှ နှစ်ကြိမ် ...။ နောက်သော် စိတ်ဖြင့်သာ ဝန်ချတောင်းပန်ခဲ့တော့၏။ ကိုယ်ဖြင့်သာ ဦးချကန်တော့၏။ နှုတ်မှကား အပြစ်ကို ထုတ်ဖော်ဝန်ခံ ခြင်း၊ ဒဏ်တောင်းခြင်းကား အလျဉ်းမပြု မိခဲ့ပြီ။' (စာ-၂၆၁)
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက အလွန်ပွင့်လင်းဖြောင့်မှန်စွာဖြင့် ဓမ္မသံေ၀ ဂ၊ ဘဝသင်ခန်းစာတစ်ခုကို ပေးသနားရေးသား ဖော်ပြ ခဲ့ကြောင်းပါဗျာ။    ။

မောင်သွေးချွန်

(TREND News ဂျာနယ်အတွဲဲ(၂) ၊ အမှတ်(၄၆)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)
 

Total Views ~ 451

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42849

© 2022 - 2025 News. All Rights Reserved.