မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့  ဥပုသ်တော်သီလ အလင်းပြစကား

၂၀၂၄ ဇူလိုင် ၁၅

    မကြာခင် ဝါဝင်ပါတော့မယ်။ ဝါတွင်းကာလမှာ ဗုဒ္ဓဘာသာဝင်တွေ ဥပုသ်စောင့်လေ့ ရှိကြပါတယ်။ ဥပုသ်စောင့်ရာမှာ ထင်ရှားတဲ့ လက္ခဏာတစ်ခုကတော့ ညစာမစားခြင်းဘဲ ဖြစ်ပါတယ်။ ဝိကာလဘောဇနာ နေ့လွဲညစာစားခြင်းမှ ရှောင်ကြဉ်ပါ၏လို့ သီလယူစဉ် အာမဘန္တေပြုခဲ့တယ် မဟုတ်ပါလား။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ညစာမစားရုံ နဲ့ ဥပုသ်မရဘူး၊ ညစာမစားခြင်းဟာ ဥပုသ်ရဲ့ အနှစ်သာ ရမဟုတ်ဘူးလို့ ရှင်းလင်းသွန်သင် ညွှန်ပြတော်မူခဲ့ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ကျော် ၂၀၀၁ အောက်တိုဘာလမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'ရတနာစစ်တမ်း'ကျမ်းစာမှာရော ၂၀၀၃ ဖေဖော်ဝါရီလက ထုတ်ဝေခဲ့တဲ့ 'ဓမ္မကွန်ရက်ဖြန့်ကြက်ခြင်း' ကျမ်းစာအုပ်မှာပါ 'ဥပုသ်ရှင်းတမ်း သို့မဟုတ် ဥပုသ်သည်စစ်တမ်း'ကို အသေးစိတ် ဖွင့်ဆိုရှင်းပြခဲ့ပါတယ်။
    'ဥပုသ်(ဥပဝါသ)ဟူသော စကားသည် အာရုံလုံခြင်း၊ အာရုံများမှ ဆိတ်သုဉ်းခြင်းကိုလျှင် ဆိုချေရာ အကုသလစု မကောင်းမှုမှ ကြဉ်ရှောင်ခြင်းဖြင့် စိတ်ဖြူစင်စေရမည်။ (ယောပါပေဟိဥပဝတ္ထော)၊ ရတနာ့ဂုဏ်နှင့်စိတ် အတူတွဲပေးထားခြင်းဖြင့် အာရုံများမှ လုံခြုံစေရမည်။ (ဝါသောသဒ္ဓိံဂုဏာဟိ သော)၊ လက်မိလက်ရရှိသမျှ စည်းစိမ်အကုန် စွန့်လွှတ်ခြင်းဖြင့် အာရုံဆိတ်သုဉ်းစေရမည်။ (သမ္ဗဘော ဂဝိဝဇ္ဇိတော)၊ ထိုသုံးချက်နှင့်ညီသူသည်သာ ဥပုသ်ဆောင်ဝင်နေသူဟူသော အမည်ခံယူထိုက်ပေ၏။' (ဓမ္မကွန်ရက်၊ စာ-၁၆၁)
    ကြိုက်စိတ်၊ မကြိုက်စိတ်၊ မသိစိတ်တွေနဲ့ ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေကို ရှောင်ကြဉ်ခြင်းဖြင့် စိတ်ဖြူစင်အောင် ကြိုးစားမယ်၊ အကုသိုလ်စိတ်တွေမဝင်အောင်  ရတနာသုံးပါးရဲ့ဂုဏ် သရဏဂုံပွား နေခြင်းဖြင့်အပြင် အာရုံတွေ မဝင်သာတော့ဘူး။ စည်းစိမ်တွေ စွန့်လွှတ်တယ်ဆိုတာ ဥပုသ်ယူတဲ့နေ့မှာ ဒီစည်းစိမ်ဥစ္စာတွေနဲ့မထိတွေ့၊ မဆက်ဆံဘဲနေတာကို ဆိုလိုပါတယ်။ မိမိရဲ့ အရောင်းအဝယ် အလုပ်အကိုင်တွေပေါ် စိတ်ရောက်နေရင် အာရုံများမှ မဆိတ်သုဉ်းနိုင်၊ အခြံအရံ နေအိမ်တိုက်တာ ကာမစည်းစိမ်တွေကြား စိတ်ကစားနေရင်လည်း အာရုံတံခါးတွေ ကျိုးပေါက်သွားပြီမို့ လုံခြုံမှုမရှိတော့ပါဘူး။ ဒါကြောင့် ဒီနေ့(ဥပုသ်နေ့)မှာတော့ဖြင့် ရှိသမျှစည်းစိမ်တွေ အကုန်စွန့်လွှတ်ထားပါလို့ ဆိုခြင်းဖြစ်ပါ တယ်။
    ဥပုသ်တော်သီလဆိုရာမှာ သီလက ကိုယ်နှင့် နှုတ်ကိုသာ တာဝန်ခံထိန်းကျောင်းပေးပြီး ဥပုသ်က စိတ်ကို တာဝန်ခံ ထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်။
    'ကိုယ်နှင့်နှုတ်တို့ကိုသာ နိုင်နင်း၍ စိတ်ကို မပိုင်သော် သီလရ၏။ ဥပုသ်မရ၊ ကိုယ့်စိတ်ကိုယ်ပိုင် တစ်ဖက်အာရုံ အကိုင်မခံရသော်ကား (ဥပုသ်+သီလ)နှစ်မျိုးလုံး အကုန်ရ၏။' (ရတနာစစ်တမ်း၊ စာ-၄)
    'ဥပုသ်စောင့်ခြင်းဟူသည် အာရုံလုံရန် မိမိစိတ်သို့ သတိကလေး အစောင့်ချထားပေးလိုက်ခြင်းတည်း။ သင့်စိတ်မျက်စိထိပ်မှ ထွက်မည်ကြံ၊ မျက်စိတံခါး ပေါက်အစောင့်ချထားပေး၊ ကိလေသာနှင့် အာရုံ သင့်မျက်စိတံခါးစုံသို့ လာရပ်ပြီး စိတ်ကိုဆွဲမည်ကြံ၊ ထိုမျက်စိသို့ အစောင့်ချထားပေး။ သည်အတိုင်းပင် နားတံခါး၊ နှာခေါင်းပေါက်တံခါး၊ ပါးစပ်ပေါက်နှင့်လျှာတံခါး၊ ကိုယ်တံခါး၊ မနောတံခါး ထိုတံခါးအားလုံးတို့ကို သတိကလေး အချိန်ကုန် အစောင့်ချထားပေးခြင်းသည်ပင် 'ဥပုသ်စောင့်သည်' ဟူ၍ ဆိုစမှတ်ပြုရချေသည်။ မျက်စိရှိ၊ အဆင်းလာလျှင်ကြည့်ဖြစ်မိမည်၊ သို့သော် ဘာလေလဲသွား ရောက် မစုံစမ်းရ၊ နားပွင့်နေလျှင် အသံဝင်လာမည်၊ သို့သော် ဘာသံလဲ၊ ဘာပြောတာလဲ သွားရောက်မစုံစမ်းရ။ ဤသို့လျှင် အာရုံနောက်သို့လည်း စိတ်မစိုက်၊ စိတ် နောက်ကိုလည်း အာရုံမလိုက်လာခဲ့လျှင် အာရုံလုံသည်ဟု ဆိုရပေမည်။' (ရတနာစစ်တမ်း၊ စာ-၆)
    စိတ်သည် ဘယ်တော့မှ အငြိမ်မနေ၊ စိတ်ထိန်းရတာ အခက်ဆုံ၊ စိတ်ဟာ အာရုံတစ်ခုခုနဲ့ သွားပေါင်းချင်နေလေ့ရှိတယ်။ စိတ်ဟာ လက်ရှိအာရုံကို ခံစားခွင့်ရမယ်ဆိုရင် အမြင်အကြားတို့ဖြင့် ခံစားရာက အားမရနိုင်တော့တဲ့အခါ အထိအတွေ့ထိ လုပ်ဆောင်လာတယ်။
    'ထိုလက်မိအာရုံပေါ်၌ လိပ်ပြာတစ်ကောင် ပန်းရုံတစ်ရုံဝယ် ဟိုသည်ပျံဝဲ ကောင်းနိုးရာရာ မှီဝဲစုပ် ယူနေသည့်ပမာ၊ ပင့်ကူတစ်ကောင်၏ လက်ရသားကောင်အား ဟိုသည်လှုပ်လျက်က စုပ်ယူနေသည့်ပမာ၊ လှည့် လည်ကာ ခံစားနေရမှ ကျေနပ်လေ့ရှိ၏။ လက်ရှိကိုမှ ခံစားခွင့်မပြုသော် ခံစားခဲ့ပြီး အာရုံဟောင်းသောင်းပြောင်းထဲမှ ကောင်းနိုးရာရာ ဝေ့ကာပတ်ကာလည်း ခံစားခွင့်ရနေမှ ကျေနပ်လေ့ရှိ၏။ အတိတ်ဟောင်းကိုမှ ကောင်းကောင်း ခံစားခွင့်မရခဲ့သော် အာရုံသစ် အခင်းခင်းတို့ကို စိတ်ဖြင့်ပင် ဖန်ဆင်းပေးလျက်က တစ်ဦးထီးတည်းပင် လိုသလို အသုံးချ၍လည်း နေလေ့ရှိ၏။ ဘဝင်စိတ်သက် သက်ဖြင့် အိပ်စက်နေသော်မှ အိပ်မက်ဖြင့် ခံစားနေရမှ ကျေနပ်သော စိတ်တည်း။ ထိုစိတ်သည် အာရုံကိုသာ အမြဲ ငဲ့လင့်နေတတ်၏။ ထိုအာရုံတို့ကလည်း စိတ်ကို အမြဲထိတွေ့နေ တတ်၏။' (၎င်း၊ စာ-၉)
    ဒါကြောင့် ဥပုသ်နေ့မှာ အရုံငါးပါးကစားကွက်မှ ခုန်ထွက်ပြီး ဘုရားအာရုံ၊ တရားအာရုံ၊ သံဃာ့အာရုံတို့ဆီ စိတ်ကို ပို့လွှတ်ကိုင်းညွှတ်ပြီး သရဏဂုံဆောက် တည်ရပါတယ်။ သရဏဂုံမ ထုံသေးသမျှ အာရုံလုံဖို့ဝေး သေးတယ်လို့ ဆိုထားပါတယ်။ ဗုဒ္ဓဘာသာမှန်ရင် ငါးပါး သီလလုံအောင် ထိန်းဖို့ တာဝန်ရှိပါတယ်။ သို့သော် ဒီနေ့ခေတ်မှာ သီလလုံသူ အတော်ရှားသွားပါပြီ။ တစ်ပါး မဟုတ်တစ်ပါး သို့မဟုတ် ငါးပါးလုံး ကျိုးပေါက် ညှိုး ခြောက်နေသူတွေ များလှပါတယ်။ ငါးပါးသီလမှာ သူ့ လင်၊ သူ့မယားကို စိတ်နဲ့ ပြစ်မှားတာမျိုး ရှိနေပါသေး တယ်။ ဒါပေမဲ့ ကာယကံမြောက် မကျူး လွန်သေးသမျှ သီလကျိုးပျက်ပြီလို့ မဆိုနိုင်သေးပါဘူး။ ဥပုသ်တော် သီလမှာတော့ သူ့လင်၊ သူ့မယား ကို မဆိုထားနှင့် ကိုယ့်လင်၊ ကိုယ့်မယားကိုသော်မှ စိတ်ကစားခွင့် မရတော့ပါ ဘူး။ နှုတ်အား ဖြင့်လည်း 'အချစ်ရေ ...မောင်ရေ'ခေါ်တာမျိုး ခွင့်မပြုတော့ပါဘူး။
    ဥပုသ်နေ့ သီလယူတဲ့အခါ 'အဗြဟ္မာ့စရိယာ ဝေရာမဏိ'လို့ အာမဘန္တေပြုကြရပါတယ်။ ဗြဟ္မာဆိုတာက မြတ်သောဆိုတဲ့ အဓိပ္ပာယ်၊ အçဗြဟ္မာဆိုတာက 'မ မြတ်သော'ဆိုတဲ့ အဓိပ္ပာယ်၊ ဘာကြောင့် မမြတ်တာလဲ၊ မမြတ်တာရှုံးလို့။
    'အဗြဟ္မာသည် အရှုံးဖြစ်ပြီး ထိုအကျင့် ကျင့်ခွင့်ရ လူ့ဘဝ၊ နတ်ဘဝများကိုလည်း အရှုံးခံကျင့်နေ သူ များဟူ၍သာ ဘာသာပြန်ရပေတော့မည်။ ဘယ်လိုရှုံးနေသနည်း၊ ဘယ်လို အရှုံးခံကျင့်နေကြ သနည်း။ ကိုယ်နှင့် သူဟူ၍ ပုဆိုးတန်းတင် အကြင်လင်မယားအဖြစ် ပေါင်းသင်းစပ်ယှက်မိကြသည်နှင့် တစ်ပြိုင်နက် ...
-    တစ်ဦးနှင့်တစ်ဦး အသက်ရှူ မှားသွားသည်အထိ ဖောက်ပြားပေးကြရပါသည်။
-    သူ့ငါစွဲ၊ ငါ့သူစွဲဖြင့် စွဲသလောက်လောင်၊ လောင်သလောက် ဘဝကို ပေါင်နှံကြရပါသည်။
-    ကိုယ်မလိုသေးသော်မှ သူအပိုကြေးပေးက မတွေးဘဲ မျိုချပေးခဲ့ရပါသည်။
-    သူနှင့်ကိုယ်ကြားမှ သန္ဓေရသားသမီးများကို လည်း ထမ်းပိုးထမ်းညီညီဖြင့် အလီလီ ကုန်းရုန်း ရပါသည်။
-     သေသော်မှ တစ်ဘ၀ ကြွေးမကျေသေးရကား ၎င်းင်းတို့ ဆွဲအားကြောင့် အပါယ်သွား နွားဖြစ်ကြရပါသည်။ (၎င်း၊ စာ-၁၂)
    ကာမတစ်ကွက်အတွက် မိဘကို မပြုစုဘဲနေ ချင်နေမယ် လင်ကိုတော့ ပြုစုရပါတော့တယ်။ လင်ကလည်း မိဘကိုသာ လုပ်မကျွေးဘဲ နေချင်နေမယ်၊ မယား ကိုလုပ်ကျွေးရမှာတော့ သူ့တစ်ဘ၀လုံး သင်္ချိုင်းကုန်းအထိ တာဝန်ယူရပါတော့တယ်လို့ ဆိုပါတယ်။ ကိုယ့် လင်၊ ကိုယ့်မယား၊ ကိုယ့်သား၊ ကိုယ့်သမီးကလွဲပြီး မိဘကိုပင် မကြည်ဖြူနိုင်လောက်အောင် မှောက်မှားနေလေရာ ကာမဂုဏ် မေထုန်အမှုဟာ ရှုံးသလား၊ မြတ်သလား မေးဖို့တောင် မလိုတော့ပါပြီ။
    'ထိုအရှုံးစာရင်း အစအနများစွာတို့သည် သူ့ ကာမတစ်ကွက် ကိုယ့်သွေးသားဆာလောင်မှုနှင့် စက်၍ မက်မိရာမှဖြစ်သော အဖြစ်ဆိုးများချည်း ဖြစ်ကြရကား မေထုန်ဆိုတာ ထိုအကျင့်ကို 'အဗြဟ္မာ့ စရိယ' (မမြတ်သောအကျင့်၊ ရှုံးသောအကျင့်)ဟူ၍ပင်ဆိုရမည်။ ယနေ့ ...တို့ကျောင်းထဲက ဥပုသ်ကြီး ဥပုသ်စောင့်နေရခြင်းသည် ထိုမယားအာရုံ၊ သားအာရုံတို့အတိုက် မိမိစိတ်သို့လိုက် မနှိုက်သာစေရန် ...
    ကိုယ့်စိတ်ကိုယ် သတိနဲ့ ထိန်းကျောင်းနေနိုင်ဖို့ ကျောင်းကိုသွားပြီး ဥပုသ်စောင့်ကြတယ်။ လင်အာရုံ၊ မယားအာရုံ၊ တခြားအာရုံတွေ ကပ်ခွင့်မရအောင် ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေ ပွားများ နေရတယ်။ အဲဒီမှာ 'ဝိကာလဘောဇနာ' နေ့လွဲညစာ စားခြင်းမှ ရှောင်ကြဉ်ပါ ၏ဆိုတာ တဏှာကို အား နည်းသွားအောင် လုပ်လိုက် တာဖြစ်ပါတယ်။ (တဏှာအားလုံး အစာကို အမှီရမှသာ ဖြစ်တတ်ရိုး ကြောင့် တဏှာသတ်ရန် အစာဖြတ်တောက် ရပါသည်)လို့ ဖော်ပြထားပါတယ်။
-    ညစာမသုံး ညတဏှာလုံးလုံး မထမှ အဗြဟ္မာအကျင့် ကျေလွင့်ရပါမည်။
-    အထူးအချိန် သရဏဂုံချည်း ပွားခွင့်ရရန် ကိစ္စနည်းပါးစေသောအားဖြင့် ညစာမစားခြင်းလည်း ဖြစ်ပါသည်။
-    ညတစ်ညလုံးလုံး အအိပ်အနေ ကင်းစင်ရန် အတွက်လည်း ညစာမစားခြင်း ဖြစ်ပါသည်။ (စာ-၁၄)
    (တဏှာနည်း၊ အအိပ်နည်း၊ ကိစ္စနည်းရန်) ညစာမစားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဥပုသ်နေ့ ညစာ မစားရဘူးဆိုပြီး နံနက်၊ နေ့လယ်စာကို အဝအပြဲ ယခင် ထက်ပိုစားထားတာလည်း ဗိုက်အင့်ပြီး လေးလံထိုင်းမှိုင်းကာ သရဏဂုံမပွားဘဲ အိပ်ပျော်သွားစေတတ်လို့ ဥပုသ်နဲ့ မလျော်ညီပါဘူးလို့ သတိ ပေးထားပါတယ်။ အçဗြဟ္မအကျင့်ဟာ ငါးပါးသီလထဲက ကာမေသုမိစ္ဆာစာရာ ဝေရာမဏိနေရာမှာ အစားထိုးထားတာဖြစ်သလို ဥပုသ်တော်သီလ(ရှစ်ပါးသီလ)မှာ 'နစ္စ၊ ဂီတ၊ ဝါဒိတ၊ ဝိသူက၊ ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရာမဏိ သိက္ခာပဒံ သမာဓိယာမိ'ဆိုတဲ့ သိက္ခာ ပုဒ်လည်း တိုးလာပါတယ်။
    ;ကခြင်း၊ သီချင်းရေးစပ်ခြင်း၊ သီဆိုခြင်း၊ သူတစ်ပါး ကပြသည်ကို ကြည့်ရှုနားထောင်ခြင်း၊ ပန်းပန်ခြင်း၊ အမွှေးရည်များ ဆွတ်ဖျန်းခြင်း၊ ဝတ်ကောင်း စားလှတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် ခြယ်သလျက် သူတကာတို့ပြသခြင်းများ'ဟာ အဗြဟ္မာအကျင့်ကို ပျက်စီးစေနိုင်တဲ့ အတွက် စောင့်ထိန်းရမည်လို့ ဆိုပါတယ်။ ပြီးတော့ 'ဥစ္စာ သယန၊ မဟာသယန'ခေါ်တဲ့ မြင့်သော မြတ်သောနေရာများကို ရှောင်ရှားရခြင်းကတော့ မြင့်တဲ့နေရာ နေမိသူ ဟာ မာန်မာနဝင်လာတတ်တယ်။ အကောင်းစား၊ အမြတ်စား မွေ့ရာကြီးတွေပေါ်နေမိရင်လည်း တဏှာဝင် လာတတ်ပါတယ်။ မာနနဲ့ တဏှာက အဗြဟ္မစရိယ သိက္ခာပုဒ်ကို ပျက်စီးစေနိုင်လို့ 'ဥစ္စသယန၊ မဟာသယနာ ဝေရာမဏိ' ရှောင်ကြဉ်ပါ၏လို့ အာမဘန္တေ ပြုရခြင်း ဖြစ်ပါတယ်။
    တစ်ပတ်တစ်ကြိမ် ဥပုသ်စောင့်တယ်ဆိုတာ တစ်ပတ်စာတင်နေတဲ့ အာရုံကြွေးတွေကို ဥပုသ်နေ့မှာ အကျေဆပ်ရှင်းလင်းပစ်ခြင်း ဖြစ်ပါတယ်။ သို့သော် ကြွေးမကျေဘဲ ကြွေးသစ်ယူစား သုံးနေကြတယ်လို့ ဆိုပါတယ်။
    'ကြွေးပေါတော့မပူ၊ သန်းထူတော့ မယား'ဆို စကားအတိုင်းလျှင် တစ်ပတ်တစ်ပတ်စာ အကြွေးဆပ်၍ အကြွေးပါးရှပ်ရှပ်မျှဖြစ်အောင် ပြုကျင့်သူကား ရှာသော် ခပ်ရှားရှားမျှ ဖြစ်ချေပြီ။ အဘယ့် ကြောင့်ဆိုသော် အာရုံမြှူသဖြင့် သွေးဆူခြင်း၊ သွေးဆူသဖြင့် နံဘေးလူ အချူ ခံထားရခြင်း၊ နံဘေးလူ၏ အချူကို ခံစားရသဖြင့် စိတ် မအေးသူဖြစ်ရခြင်း၊ စိတ်မအေးသဖြင့် စိတ်ပူခြင်း၊ စိတ်ပျံ့ခြင်းအထိ ခရီးပေါက်နေရကား ပျံ့သောစိတ်သည်ကား ကိုယ့်ကြွေးကိုယ် မခန့်မှန်းနိုင်တော့ပြီ။ ပူသောစိတ်ကလည်း ကြွေးပေးတိုင်းယူ၍ သွေးချူတိုင်း ပေးနေရပြီသာ ဖြစ်ရကား အေးသည်ဟူ၍ပင် မရှိတော့ပြီ။} (ရတနာစစ်တမ်း၊ စာ-၁၉)
    ကျောင်းရောက်မှ ဥပုသ်သည်ချင်း သူ့အာရုံနဲ့ ကိုယ့်အာရုံ အလဲအထပ်လုပ်ကြရင်း ကြွေးသစ်တင်သွား တာတွေတောင် ရှိနေလေရဲ့လို့ ထောက်ပြထားပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ဘု ရားကြီးကား ဓမ္မသဘော ကိုသာမက လူ့သဘောကိုပါနောကျေလွန်းပေစွ။ ဥပုသ်စောင့်မယ်ဆိုပြီး ဘုန်းကြီးကျောင်းကို လာရောက်တဲ့အခါ နွားကျောင်းသားလို ကျင့်ရမယ်လို့ ဆိုပါတယ်။ နွားကျောင်းသားဟာ သူ့နွားတွေ အခြားပိုင်ရှင်ရဲ့ စားကျက်ထဲ သွားရောက်ကျူးလွန် ခိုးယူစားသောက်ခြင်း မပြုနိုင်အောင် ကြိမ်တံ၊ နှင်တံတို့ဖြင့် နွားတွေကို ထိန်းကျောင်း ရသကဲ့သို့ မိမိစိတ် အခြားသူရဲ့ အာရုံထဲသွား ရောက် ပျော်ပါး မကျက်စားနိုင်အောင် သတိဖြင့် ထိန်းကျောင်း ပေးရမယ်လို့ လမ်းညွှန်ထားပါတယ်။
    ဘုန်းကြီးကျောင်းမှာ ဆရာတော်သံဃာတော်များက သီလပေးပြီးတဲ့အခါ 'အပ္ပမာဒေန သမ္မာဒေထ'လို့ ထပ်မံပြီး အလေးအနက် ညွှန်ကြားတော်မူကြပါတယ်။ အပ္ပမာဒေနဆိုတာ ဆောက်တည်ထားတဲ့ သီလပွားများရမယ့် သရဏဂုံအပေါ်မှာ အရေးအကြီးဆုံး 'သတိ'တစ်လုံး တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
    'ဆရာပေးလိုက်သော ထိုသတိ၌ မမေ့ရခြင်း၊ မလျော့ရခြင်း၊ မပေါ့ရခြင်း၊ မဆရခြင်းဟူ၍ တာဝန်လေး ချက်ပါဝင်နေ၏။ ထိုစဉ် မမေ့ခြင်းဖြင့် ထိုသတိခံစစ်ကို ပိုင်နိုင်စွာ ထိန်းထားနိုင်ရမည်။ အာရုံရစ်လှည့် အစွဲသိသည် တစ်ချက်မေ့၊ ထိုမေ့သော အပေါက်ကပင် ထိုးဖောက်ဝေ့၀ဲ စိတ်အုပ်စုခွဲပစ်တတ်သောကြောင့် 'မလျော့ ခြင်း'ဖြင့် ထိုသတိ ထိုးစစ်ကို ပိုင်နိုင်ရန် တာဝန်ခံရသည်။ အဓိပတိတပ်ထားသော သတိဖြင့် အဟောင်းကိုလည်း မြှုပ်၊ အသစ်လည်း ခြေကုပ်မရစေဘဲ အာရုံစဉ် စစ်တလင်း သတိခြေချင်းထပ်နေမှ နိုင်မည်ဖြစ်သောကြောင့်။ 'မပေါ့ခြင်း'ဖြင့် မြွေပွေးမျိုးမှန်းသိ၊ မွေးကင်းစပင်ဖြစ်ပစေ၊ မကစားရဘိသို့ မည်သည့် အာရုံကိုမဆို ခြသေ့ၤမင်း၏ ဝီရိယအလား သတိနောက်ကြောင့်ကြစိတ် ဝီရိယထားဖြင့် အာရုံမှန်စိုက်စေရသည်။}
    'ဝီရိယစိုက် သတိအားစပ်နေအောင်လိုက်မှ ရန်သူတိုက် အငိုက်မမိမည်ဖြစ်သောကြောင့် ချိန်ဆမနေ တော့ခြင်းဖြင့်' အတွေးဟောင်း ခေါင်းမဖော်သာအောင် တာဝန်ခံရမည်။ တိုက်ပွဲကြား ချက်ကောင်းမစောင့်စားဘဲ ရန်သူခေါင်းမဖော်သာအောင် မိရာဖမ်းလှမ်း၍ ပစ်ခတ်နည်းပမာ စားချိန်မို့၊ သွားချိန်မို့ စသည် အချိန်ဆွဲမထားဘဲ သည်နေရာကဖြစ်သောရန် သည်နေရာမှာပင် အပြီးသတ်မှ အောင်ပွဲရတတ်သောကြောင့် ...။' (ဓမ္မကွန် ရက်၊ စာ-၁၇၅)
    သီလခံယူပြီးကတည်းက မမေ့၊ မလျော့၊ မပေါ့၊ မဆခြင်းတို့ဖြင့် သရဏဂုံပွားထုံနေကာ အာရုံတွေကို ပိတ်ဆို့ဖြတ်တောက်ပြီး စိတ်ဖြူစင်အောင် လေ့ကျင့် ပျိုးထောင်ရမှာပါ။ အာရုံအ ညစ်အကြေးတွေ ကင်းစင်ပြီး ကိုယ့်စိတ်ကို ပိုင်ပြီ၊ နိုင်ပြီဆိုရင် ကိလေသာတွေ ၁၅ မိနစ်အတွင်း ငြိမ်ကျသွားမယ်။ ဥပုသ်နေ့တစ်ရက်လုံးသာ ကိုယ့်စိတ်ကို ပိုင်နိုင်ပြီဆိုရင် ကိလေသာရဲ့ တုံ့ပြန်နိုင်စွမ်း အားမရှိတော့သလောက် ငြိမ်ကျသွားပါလိမ့်မယ်။ ကိလေသာကို အောင်နိုင်လိုက်ချိန် အဲဒီအခိုက်အ တန့်ကလေးရဲ့ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှု၊ အရသာဟာမည်သည့် ကာမအရသာတို့ နှင့်မျှမတူတဲ့ အရသာလို့ ကျေးဇူးတော်ရှင် မဟာဗောဓိ မြိုင်ဆရာတော်ဘုရားကြီးက ညွှန်းဆိုထားပါတယ်။
    ဥပုသ်သီလဟာ သမားရိုးကျ သီလထက် အဆင့်မြင့်တက်လာတဲ့ ဗြဟ္မာသီလဖြစ်ပါတယ်။ ဗြဟ္မာတို့ကဲ့သို့ မြတ်ခြင်းကို ဖြစ်စေတဲ့ သီလ၊ မြတ်တယ်ဆိုတာ မဆုံးခြင်းနှင့် မရှုံးခြင်းကို တာဝန်ယူပါတယ်။ အမြတ်ရ စေတဲ့နေနည်းများမှာ သတိရှိနေသဖြင့် ငါ-သူမဝင် အားလုံးအပေါ် တန်းတူမြင်၊ မေတ္တာယှဉ်နေတော့ခြင်း၊ သတိရှိနေသဖြင့် ချစ်မုန်းမဝင်၊ အားလုံးအပေါ် ကိုယ်ချင်းစာမြင်၊ ကရုဏာ ယှဉ်နေတော့ခြင်း၊ သတိရှိနေသဖြင့် အာရုံမမင်၊ အားလုံးအပေါ် အမြင်ကြည်၊ မုဒိတာယှဉ်နေတော့ ခြင်း၊ သတိရှိနေသဖြင့် အတွေးမဝင်၊ အားလုံးအပေါ် အမှီမပြု၊ ဥပေက္ခာယှဉ်နေတော့ခြင်း၊ ထိုလေးမျိုးသော ဗြဟ္မစိုရ် အလိုလို ဝင်နေသော သတိထိန်းစိတ် ...အကြိုက်မှဖြစ်သော ကြွေးပေး စရာမရှိတော့ပြီ၊ အမုန်းမှဖြစ်သော ကြွေးပေးစရာမရှိတော့ပြီ၊ မေ့ရာမှတင်သော ကြွေးပေးစရာ မရှိတော့ပြီ၊ ယှဉ်ပြိုင်မိရာမှတင်သော ကြွေးပေးစရာမရှိတော့ပြီ။'လို့ ကျေးဇူးတော်ရှင် မဟာ ဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဥပုသ်တော်သီလရဲ့ အကျိုးဖလကို ညွှန်ပြတော်မူခဲ့ပါတယ်။ ( မောင်သွေးချွန် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 423

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42994

© 2022 - 2025 News. All Rights Reserved.