မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ အနန္တရေစင်အစွမ်း အံ့မခန်း

၂၀၂၄ ဇန်နဝါရီ ၂၂

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ သီလ၊ သမာဓိ၊ ပညာဂုဏ်သုံးဖြာကြောင့် ရောက်လေရာရာမှာ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ အုတ်အော်သောင်းတင်း ကြည်ညိုကြပေမယ့် အချို့သော ပုထုဇဉ်တို့ရဲ့ ဣဿာမစ္ဆရိယဒဏ်ကို ခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဖူးကြီးမှာလည်း ပြေးမလွတ်သော လောကဓံကို ခံနေရင်းက နှုတ်ဆက်တရားစခန်းကို ဖွင့်ပေးခဲ့ရာ မျှော်မှန်းထားသည်ထက် ယောဂီအများအပြား စခန်းဝင်လာကြပါတယ်။ တရားစခန်းဖွင့်စဉ် ထူးခြားချက်တစ်ခုကတော့ လေမုန်တိုင်းကြီးတစ်ခု ကျရောက်ခဲ့လေရာ ရွာထဲမှာ အိမ်တွေပြို၊ အမိုးတွေ လွင့်တဲ့အထိ ဖြစ်ခဲ့ပေမယ့် တရားစခန်းမှာ ဘာဆိုဘာမျှ မဖြစ်ခဲ့ပါ။ ယောဂီများ တရားထိုင်မပျက် ချမ်းသာစွာ နေနိုင်ခဲ့ကြပါတယ်။ ဟိန္ဒူဘာသာဝင်၊ မွတ်ဆလင်ဘာသာဝင်၊ အလှူရှင်များပါ ရောက်လာပြီး ဆွမ်း၊ ကွမ်း၊ အဖျော်ရည်များ လှူဒါန်း သွားရုံမက ကိုယ်တိုင် ချက်ပြုတ်ပေးခြင်းဖြင့်လည်း ဝေယျာဝစ္စ ကုသိုလ်ယူသွားကြပါတယ်။ ဘာသာခြားများ ကုသိုလ်ပါဝင်လှူဒါန်းသွားကြတာလည်း ထူးခြားမှု တစ်ခုပါပဲ။
    ယောဂီတွေများသလောက် တရားဘက်က ဝိပဿနာ ဉာဏ်စခန်းအဆင့်ထိ တက်နိုင်ခဲ့သူ တစ်ယောက်၊ နှစ်ယောက်သာရှိခဲ့ပါတယ်။ မွေးသမိခင် ကျေးဇူးရှင်မယ်တော်ကြီး ဉာဏ်စခန်းတက်နိုင်ခဲ့တာကတော့ အထူးပဲ သာဓုခေါ်စရာ ကောင်းလှပါတယ်။ ဘယ်လိုပဲဖြစ်စေ ဖူးကြီးကို နှုတ်ဆက်ခဲ့ရပေပြီ။
    '၁၃၄၈ ခုနှစ် နယုန်လဆန်း ၃ ရက် နံနက် ၆ နာရီတွင် သံသုမာတောင်မှ ခွာခဲ့တော့၏။ ဖူးကြီး သို့ဝင်၍လည်း ဆွမ်းခံ၏။ ရသမျှကိုလည်း ဘုန်းကြီး ကျောင်းဝင်လှူပြီး ဂါရဝပြုခဲ့သေး၏။ တစ်ဖန် မြရာကုန်းသို့ ဆက်၏။ တရားဟောပါဟူ၍ ရွှေမြရာကုန်းဆရာတော်က တိုက်တွန်းသဖြင့် ၎င်းရှေ့တော်မှောက်မှာပင် ပရိသတ်အား တရားဟောရ၏' (၂၀၁၂၊ စက်တင်ဘာ ထုတ်၊ ကိုယ်တိုင် ရေးအတ္ထုပ္ပတ္တိ၊ စာ-၃၀၅)
    ဆရာတော်ဟာ နောက်ဆုံးထွက်ခွာချိန်အထိ သူတော်ကောင်းအလုပ်ကို လုပ်ပြသွားခဲ့ပါတယ်။ ၂၀၀၁ ခု အောက်တိုဘာထုတ် 'ရတနာစစ်တမ်း' စာအုပ်မှာတော့ 'ဖူးကြီးမှ စစ်ကိုင်းသို့ ပြည်၊ ပုပ္ပါးတို့ဘက်မှ လှည့်ပတ်၍ ထွက်ခွာခဲ့၏'လို့ စာတစ်ကြောင်းဖြင့်သာ မှတ်တမ်းတင်ခဲ့ပါတယ်။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာတော့ လမ်းခရီးမှာ ကားပျက်ချိန် များနေတဲ့အကြောင်း၊ ဆင်းပြင် နာရီဝက်၊ တက်မောင်း ငါးမိနစ်၊ ထိုနှုန်းထားဖြင့် နေဝင်ခါနီးလေမှ တောင်တွင်းကြီးရောက်ရ၏။ ရောက်မဆိုက် ဝပ်ရှော့ထိုး အပ်၊ ဂီယာဘောညပ်နေသည် ထုတ်မရ၊ ကားပြင်ဆရာ မတတ်နိုင်တော့ပါ။ သို့နှင့်ထိန်းပြီး မကွေး အရောက် မောင်းခဲ့ရ၏။ မြသလွန်တွင် တည်းခိုကြရ၏။ ကားရှင် ဦးကျော်မြင့် ဖျားနေသဖြင့် နှစ်ညအိပ်နေခဲ့ရ၏။ ဌာနေ သီလရှင်များက အစစကူညီကြ၏။ လဆန်း ၆ ရက် နံနက်တွင် မကွေးမှ ကျောက်ပန်းတောင်းကူးရ၏။ တစ်လမ်းလုံး အပျက်များများ အသွားနှေးနှေးနှုန်းဖြင့် ကုန်းရုန်းခဲ့ရ၏။ ပုပ္ပါးအဝင် ညပ်နေသော ဂီယာဘောကား အလိုလို နေရာမှန်ပြန်ဖြစ်သွားတော့၏။ တောင်ကလာပ်ဝယ် တစ်ညတာ နားစက်၏} (စာ-၃၀၆)
    နောက်တစ်နေ့ ခရီးဆက်ခဲ့ရာ မုံတိုင်ဆည် အလွန်ကြက်ပင်ရွာအနီး မန်ကျည်းပင်ရိပ်မှာ ခေတ္တနားနေစဉ် အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်း၊ အသက် (၄၀) ခန့် လူတစ်ယောက် ရောက်လာပြီး ဆရာတော်ကို ဂါရဝပြု ဦးချပါတယ်။ ပြီးတော့ အဆက်အစပ်မရှိ လျှောက် ထားသည်မှာ ... "အရှင်ဘုရား မြေတို့မည်သည် ရေနှင့်မကင်းရပါဘုရား၊ အရှင်ဘုရား၏ ကိုယ်မှာလည်းပဲ မြေဓာတ် ၂၀ တို့ကို အမာခံထားပြီး တည်ဆောက်ထားတာ ဖြစ်လေတော့ ရေကို များများသောက်ပေးပါဘုရား'လို့ လျှောက်ထားပါတယ်။ ပြီးတော့ အရှင်ဘုရားသောက်သုံးမည့် ရေအိုး၏ ဖင်မှာ 'ဝ'အက္ခရာကွင်း ပေးထားပါဘုရား' လို့ ဆက်လက်လျှောက်ထားပါတယ်။ အကြောင်းပြချက်ကိုလည်း ဆက်လက်တင်ပြပါတယ်။ စçဓçဗç၀ လေးမျိုး တို့တွင် -
'စ' ဆိုသည်မှာ စကြာဝဠာတစ်တိုက်လုံးကို ပိုင်ကျုံး အစိုးရတော်မူသော မြတ်စွာဘုရားပါ ဘုရား။
'ဓ' ဆိုသည်မှာ ဓမ္မစကြာကို တရားဦးအဖြစ် ဟောကြား တော်မူသော မြတ်စွာဘုရားပါ ဘုရား။
'ဗ' ဆိုသည်မှာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရားပါ ဘုရား။
'ဝ' ဆိုသည်မှာ ဝသုန္ဒြေနတ်သမီး၏ သက်သေပြုခြင်းကို ခံယူရရှိတော်မူသော မြတ်စွာဘုရားပါဘုရား။

   သို့ကြောင့် အရှင်ဘုရား သောက်သုံးမည့် ရေအိုး၏ဖင်မှာ 'ဝ' အက္ခ ရာကွင်းပေးထားပါဘုရား။ သို့မှသာ မြေကို ရေထိန်း၊ ရေကိုနတ်သိမ်း၊ 'နတ်ပေးရေ' ဖြစ်ပါလိမ့်မည် ဘုရား။ ၎င်းရေကို သောက်သုံး လေသောအခါ ...
    ပထမ တစ်ကျိုက်သောက်၊ ဗုဒ္ဓဂုဏော အနန္တော စိတ်ကပွား၊ အရဟံဂုဏ်တော်ကို အာရုံထုံထားပေးပါဘုရား။
    ဒုတိယ တစ်ကျိုက်သောက်၊ ဓမ္မဂုဏော အနန္တော စိတ်ကပွား၊ သွက္ခာတောဂုဏ်တော်ကို အာရုံထုံထားပေးပါဘုရား။
    တတိယ တစ်ကျိုက်သောက် သံဃဂုဏော အနန္တော စိတ်ကပွား၊ သုပ္ပရိပ္ပန္ဓဂုဏ်ကို အာရုံထုံ ထားပေးပါဘုရား၊ ရှေ့ဆုံးမှ တင်ထားသော ဂုဏ်တော်မှန်သမျှ အထွတ်ဆုံး အမြတ်ဆုံးမို့လို့ တင်ထား ခြင်းပါဘုရား။
    စတုတ္ထ တစ်ကျိုက်သောက်၊ မိဘနှစ်ပါးကွယ် လွန်သွားပြီးသော်မှ ၎င်းတို့ မျက်နှာကို မြင်အောင်ကြည့်ပြီး သောက်ပါဘုရား။
    ပဉ္စမမှာလည်း မိမိအား အကျိုးများစေသော ဆရာသမား ကွယ်လွန်သွားသော်မှ သူ့မျက်နှာ မြင်အောင်ကြည့်၍ သောက်ပါဘုရား။
    တစ်နေ့တစ်နေ့ ဝင်သလောက်သောက်၊ ဆန့်သလောက် သောက်သုံးပါဘုရား၊ ရေသောက်သဖြင့် ဒုက္ခမရောက်ပါ၊ တပည့်တော်နေ့ဆို ရွက်အိုးနှစ်လုံးကုန်အထိ သောက်သုံးနေပါသည်။ တပည့်တော်မျက်နှာကို သေသေချာချာ ကြည့်ပါ။' ခိုင်းသဖြင့် ကြည့်မိရာ မျက်နှာသည် လန်း ဆန်းခြင်း၊ သွေးတို့ဖြင့် အနီရောင်သန်း ခြင်းများကို တွေ့ရ၏'

    'ထိုသို့ လျှောက်ထားပြီး ဆက်လက်၍လည်း ရေအကျိုး ညွှန်းသေး၏။ အရှင်ဘုရားက သက်တမ်းတိုကာလ လူလာဖြစ်ရတာ အရှင်ဘုရားရဲ့ သက်တမ်းနဲ့ အင်းဝိဇ္ဇာနှစ်သောင်း ကစားသွားတဲ့ အင်းပညာကိုလည်း လိုက်မမီနိုင်ပါ။ ဓာတ်ဝိဇ္ဇာတွေ မြောက်မြားစွာ ကစားသွားတဲ့ ဓာတ်ပညာတို့ကိုလည်း လိုက်မမီနိုင်ပါ။ ဆေးဝိဇ္ဇာများ စီရင်သွားတဲ့ ဆေးအတတ်ကိုလည်း လိုက်မမီနိုင်ပါ။ သည်ရေကို သည်လိုသာ အမြဲအစွဲ သောက်သုံးနေပါလျှင် ဆေးမလို၊ အင်းမလို၊ ဓာတ်မလို ရှေးပုဂ္ဂိုလ်တို့၏ အရည်အသွေး အလိုလိုပင် ပြည့်မီလာပါလိမ့်မည် ဘုရား။ သည်နည်းဟာ ဆေးပေါင်းချုပ်၊ အင်းပေါင်းချုပ် ပါဘုရား' လျှောက်ထားသွား၏။ ထို့နောက် ၎င်းလည်း ခမောက်နှင့် ပေါက်တူးကိုင်၍ ထွက်သွားတော့၏' (စာ-၃၀၇)
    ထို ပုဂ္ဂိုလ်ဟာ ဆရာတော်ထံ တန်းတန်းမတ် မတ်ရောက်လာပြီး ရဲရဲတင်းတင်း လျှောက်ထားသွားပုံ ထောက်တော့ ဝိဇ္ဇာလောကမှ ပုဂ္ဂိုလ်တစ်ပါးပေပဲလားလို့ ထင်မှတ်ဖွယ်ရာပါ။ သို့သော် ဘယ်သူ ဘယ်ဝါဆိုတာ ဖော်ပြမထားပါ။ ဒီလိုနဲ့ ခရီးဆက်ခဲ့ရာ ၁၃၄၈ ခုနှစ် နယုန်လဆန်း ၈ ရက် တနင်္ဂနွေနေ့၊ ညနေ ၃ နာရီခန့်တွင် စစ်ကိုင်းတောင်ရိုး မြန်အောင်ချောင်သို့ ရောက်ခဲ့ပါလေပြီ။ ချောင်ပိုင်ဆရာတော်မှာ ဦးသုဒဿနဖြစ်ပြီး ဆရာတော်နဲ့ သက်တူဖြစ်ပါတယ်။ ဆရာတော် သဘောကျတဲ့ သိမ်တော် တိုက်ကျောင်းမှာပဲ နေရာချထားပေးပါတယ်။ ဆရာတော်ကို လိုက်ပါပို့ဆောင်ပေးသူများဟာ လဆန်း ၁၀ ရက်မှာ ပြန်သွားကြပါတယ်။
    'မြန်အောင်ချောင်သည် မြစ်ရေများကို စက်ဖြင့်တင်ကာ ရေကန်ကြီးဖြင့် လှောင်ထားပြီး စစ်ကိုင်းတောင်ရိုးရှိ ချောင်ပေါင်း ၄၀ ကျော်မျှကို ဥဒက(ရေ) ဒါနပြုပေးနေသော အကျိုးပြု ချောင်တစ် ချောင်ဖြစ်ဘိ၏။'
    ဆရာတော်ဟာ မြန်အောင်ချောင်မှာ လှောင်ထားတဲ့ ကန်ရေကို 'အနန္တရေ' ဖြစ်စေခဲ့ပါတယ်။ လမ်းခရီးမှာ လူသူတော်လာရောက် လျှောက်ထားသွားတဲ့ ရေသောက်နည်းအတိုင်း သောက်သုံးခဲ့ပါတယ်။
    'ထိုချောင်အရောက် ထိုကန်ရေသောက်မိချေသောအခါ ငါးနှစ်မျှ စွဲကပ်နေသော ရောဂါမှ ငါးရက်တည်းဖြင့်ပင် မှုတ်လွှင့်ပစ်လိုက်ဘိသို့ ပျောက်ကင်းသွားတော့၏။ မသိမသာမဟုတ်၊ သိသိသာသာပင်။ ရောဂါ လက်ကျန်မကြွင်း၊ ကင်းကင်းရှင်းရှင်းပင်၊ မထင်စရာ ကောင်းသော မျက်မြင်တည်း။'


    'အနန္တတန်ခိုးရှင် ငါးဦးတို့၏ မေတ္တာဓာတ်ရည်ကား င့ါစိတ်ကို အေးမြစေ၏။ မြေမှထွက်၍ မြေသို့ပြန် လည်သက်ကျလာသော ပကတိ ဓာတ်ရည်ကား င့ါကိုယ်ကို အေးမြစေ၏။ ရေများများသောက်လျှင် ကျင်ငယ်များ များသွားရ၏။ အသွားမပျင်းနှင့် ထိုကျင်ငယ်ရည်နောက် သို့ သင့်ခန္ဓာတွင်းရှိ အပူဓာတ်များလည်း လိုက်ပါရကား ခန္ဓာဘုံအပူကုန်စေလိမ့်မည်။ ရေများများသောက်လျှင် ဝမ်းသွားလာရ၏။ များသလောက် ဝမ်းပျော့ပျောင်းခြင်း၊ အချိန်စောစီးစွာ ထုတ်ပေးရခြင်းများ ပြုလုပ်ပေးရ၏။ အပူစဲသဖြင့် အအေးဓာတ်ကဲလာခြင်း၏ သင်္ကေတပေတကား။ ထိုအခါ သင့်ခန္ဓာကိုယ်ရှိ သင့်အသား သင့်အရေများကို ကိုင်ကြည့်၊ အချိန်မရွေး အေးမြနေသည်ကို တွေ့ရပေလိမ့်မည်။ ဤကား 'အတွေ့ရေ'က 'အတွေ့မြေ'ကို လက်တွေ့ကုစားခြင်းတည်း'
    'တစ်ဖန် ဘုရားရှင်နှင့် သံဃာ၏ စေတနာသည် ဝေနေယျတို့အပေါ် ထားရှိတင်ပို့ပေးရာ၌ တစ်ဦးတည်းသားအပေါ် ထားရှိသော မိခင်၏ စေတနာနှင့် အတူတူပင် ရှိချေသည်။ သည့်အတူ မိဘနှင့် ဆရာတို့က မိမိတို့၏ သားတပည့်များအပေါ် တင်ပို့ထားရှိသော စေတနာသည်လည်း ဘုရားစေတနာနှင့်အတူတူသာ ရှိချေသည်။ ဘုရားနှင့် သံဃာတို့ လက်သုံးဖြစ်သော ဓမ္မဓာတ်အား၏ အေးမြခြင်း၊ ကြည်လင်ခြင်း၊ သန့်ရှင်းခြင်း ဂုဏ်သတ္တိများကလည်း မိခင်ထံရှိ မေတ္တာဓာတ်နှင့် ဘာမျှမခြား၊ တစ်သားတည်းသာ ရှိချေသည်။ သည့်အတူ မိဘဆရာတို့ထံရှိ မေတ္တာဓာတ်သည်လည်း ၎င်းတို့ တပည့်သားများနှင့် ပတ်သက်လာလျှင် ဘုရားစိတ်နှင့် တစ်ကျိတ်တည်း တစ်Óဏ်တည်းသာ နားသက်ချေ သည်။'
    '၎င်းတို့ ငါးမျိုး(အနန္တငါးပါး) ထားရှိထွက်ပြူနေကြသော မေတ္တာဓာတ်၊ စေတနာဓာတ်များက ပို့လွှတ်အား စကေးမည်မျှဟူ၍ လည်းကောင်း၊ မီတာမည်မျှဟူ၍ လည်းကောင်း ခန့်မှန်းတိုင်းဆခြင်းငှာ မတတ်သာရကား အနန္တအဆုံးမရှိ၊ အပိုင်းမရှိ၊ အခြားမရှိ၊ လိုသလောက် လက်ခံ၊ လက်ခံသမျှ အပြည့်၊ ရှိန်သတ္တိ ရိပ်သမျှမိအရှိ။ ထိုတိုင်းဆ၍ မရသော အနန္တစွမ်းအားရှင်များ၏ မေတ္တာဓာတ်အား၊ စေတနာဓာတ်အားများကို အယုံတိုးလျက်က အကိုးပိုလေသူ ဝေနေယျတို့၏ စိတ်ဝယ် ထိုဓာတ်အားများ နားသက်စိမ့်ဝင်နေရကားရှိသမျှ စိတ်သည် အေးငြိမ်းနေတတ်လှချေ၏။ သို့ကြောင့် အပူမကပ်သာ'
    'ထိုရေသောက်နည်းကို ကြာကြာသောက်လာသော် ရေသောက်ရာ၌ ကုသိုလ်စိတ် သက်သက်ချည်း တည်ချေပြီ။ ငြိမ်သောစိတ်၊ ငြိမ်းသောစိတ်ချည်း နားသက်၍ နေချေပြီ' (စာ-၃၀၉)
    လမ်းခရီးတစ်နေရာတွင် လူပုဂ္ဂိုလ်တစ်ဦး ဆက်ကပ်လိုက်တဲ့ ရေ(အနန္တရေ)သောက်နည်းကို ဆရာတော်က ဓမ္မယုတ္တိဖြင့်လည်း သက်သေထူပြခဲ့ပါတယ်။ ကိုယ်တော်တိုင်လည်း အနန္တရေသောက်နည်းအတိုင်း ကျင့်သုံးခဲ့ရာ ငါးနှစ်တာ စွဲကပ်နှိပ်စက်ခဲ့သော ရောဂါများ ငါးရက်အတွင်း လုံးဝအရှင်း ပျောက်ကင်းသွားတယ်လို့ ဆိုပါတယ်။ ဆရာတော်ဟာ စစ်ကိုင်းတောင် မြန်အောင်ချောင်မှာ ရုပ်ခန္ဓာကျန်းကျန်းမာမာ ရှိလာပါသော်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာများ ကြုံတွေ့လာရပါတယ်။ စစ်ကိုင်းတောင်သို့ရောက်ပြီး တစ်လမပြည့်မီမှာပင် ရန်ကုန်မှ ပရိသတ်နှစ်ဖွဲ့ လိုက်လာကြခြင်းပဲ ဖြစ်ပါတယ်။
    '၁၃၄၈ ခုနှစ် ဝါဆိုလပြည့်နေ့တွင် ဆရာတော် ဦးသုဒဿန(မြန်အောင်ချောင်ပိုင်) ငါတို့ထံသို့ ငါတို့နှင့် နှစ်ပါးချင်း ဥပုသ်ပြုရန် ကြွလာသောအခါ နေရာပြောင်းဖို့ အကူတောင်းမိတော့၏။ ၎င်းကလည်း အတန်ငယ် စဉ်းစားပြီး လူလည်းခေါင်၊ ချောင်လည်းကျ၊ မမြင်ကွယ် ခြင်း၊ ဆိတ်ငြိမ်ခြင်းလည်း ရစေသော 'အရှေ့ပရက္ကမ' သို့ ညွှန်ပေးတော်မူ၏။ ၎င်းကိုယ်တိုင် နောက်ရက်နံနက်တွင် သွားရောက်ပန်ကြားပေးပြီး ၎င်းကိုယ်တိုင်ပင် နေ့ခင်း နှစ်ချက်တီးလောက်တွင် အရှေ့ ပရက္ကမသို့အရောက် လိုက်လံပို့ဆောင်ပေးခဲ့၏။ ကျေးဇူးကြီးလေစွာ့' (စာ-၃၁၀)
    'အရှေ့ ပရက္ကမဂူကြီးကား တိတ်ဆိတ်မှုကို အပြည့်ပေးတတ်၏။ ယခင် ကျင့်ပွားသွားတော်မူခဲ့သော အရှေ့ပရက္ကမ ဆရာတော် (ရဟန္တာအဖြစ် ကျော်ကြားတော်မူသော ဆရာတော်ဦးဝါယမ) ဖြစ်၏။ အရှိန်သတ္တိ ကောင်းများကလည်း ငါတို့ကို လုံခြုံစွာလွှမ်းခြုံပေးထား သေး၏။ လူတွေ့မခံခြင်း၊ ဂူအတွင်းသို့ လူဝင်မခံခြင်းများက ကျေးဇူးပြုပေးနေ၏။ ရောက်စရက်များတွင်ကား ဂူ တိတ်ဆိတ်နှင့် ငါ့စိတ်ချိတ်မိ၊ တွဲမိနေသဖြင့် ဝန်းကင်ဘာဝဘာကိုမျှမသိတော့။ ငါသည်တမူကား ဘယ်ရောက်နေ သည်ဟူ၍ပင် မရိပ်မိပြီ။ အရတော်သဖြင့် ပျော်ရွှင်နေခြင်းတည်း' (စာ-၃၁၂)
    ဆရာတော်ဟာ နံနက် ၇ နာရီတိတိမှာ ဂူမှ ထွက်၍ ဆွမ်းခံကြွတော်မူလေ့ ရှိပါတယ်။ ဝါးချက်ရွာ ခုနစ်ရက်၊ ရွာထောင် ခုနစ်ရက် သတ်မှတ်ပြီး ဆွမ်းခံ ပါတယ်။
    ထုံးစံအတိုင်း မိမိခံလို့ရသမျှ ဆွမ်းတစ်ပါးစာ ချန်ပြီး ချောင်ထဲက သံဃာတွေကို ဦးတိုက်ပြီး လှူပါတယ်။ ဝါတွင်းမှာ ဝါးချက်ရွာက သပိတ်ပြည့်လောင်းကြပေမယ့် ဝါပကာလမှာတော့ သပိတ်မပြည့်တော့ပါ။ ရွာထောင်(မီးရထားဌာန၊ ဒီဇယ်၊ စက်ပြင်တို့ နေရာတန်း လျား)ကတော့ ဝါတွင်း ဝါပမရှိ၊ သပိတ်ပြည့်အောင် လောင်းလှူတတ်ကြတယ်ဆိုပါတယ်။ တစ်ဝါတွင်းလုံး ကျင့်လို့ကောင်းခဲ့ရာ 'မလှုပ်မယှက် မကလက်သောစိတ်'အထိ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဆွမ်းခံရွာ ဝါးချက်နှင့် ရွာထောင်မှာလည်း ဆရာတော်ရဲ့ ဂုဏ်သတင်းက ပျံ့နှံ့ကျော်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။ သီတင်း  ကျွတ်တာနဲ ရန်ကုန်ဒကာများ လိုက်လာကြပါတယ်။ မြန်အောင်ချောင်မှ အရှေ့ပရက္ကမချောင်သို့ ပြောင်းသွားတာ သူတို့မသိတော့ ဆရာတော်ရဲ့ ဓာတ်ပုံပြပြီး ရှာပုံ တော်ဖွင့်ကြပါတယ်။ ဆရာတော်ကို ဖူးတွေ့ဖူးပြီး တရားလည်း နာကြားဖူးတဲ့ ဓာတ်ပုံရိုက်သမားတစ်ဦးနဲ့ တွေ့တော့ ဒီကိုယ်တော်တွေ့ ချင်ရင် အရှေ့ပရက္ကမချောင်သွားလို့ လမ်းညွှန်လိုက်ပါတယ်။ အဲဒီနောက် ဆရာတော် သတင်းကြီး နေပုံကို ဒီလိုဖော်ပြထားပါတယ်။
    'သည်ကိုယ်တော်ကြီး၏ သောက်ပြီးရေကို သောက်ရလျှင် ရောဂါအားလုံး ဒိဋ္ဌပျောက်၏။ ထိုသို့ ကြေညာသွားရာ ထိုဒကာများ ပြန်သွားပြီးနောက် ထိုသရက်ပင်အောက် လာရောက်၍ ရေကပ်လေ သူများ၊ ဝါးချက်ရွာ၊ ရွာထောင်ရွာများမှ ဆီးကြိုကပ်ကြလေသူများ၊ ရေတံခါးကြီး ပွင့်သွားလေတော့၏။ တစ်ဖန် အရှေ့ပရက္ကမ၏ ဓမ္မစကြာ စင်္ကြကျောင်းဒကာ၊ ကျောင်းအစ်မများ ကထိန်ခင်းရန် လာရောက်ကြရာ ဆွမ်းခံပြန်ချိန်နှင့် ဆုံမိ၏။ ဘိုးသီလက တွေ့ဆုံပေးသဖြင့် အလာပသလ္လာပ စကားခေတ္တမျှ ပြောကြားမိ၏' (စာ-၃၁၄)
    ကျောင်းအစ်မကား လေဖြတ်ခံထားရလေရာ စကားလည်း ပီအောင်မပြောနိုင်ရှာ၊ ခါးအောက်ပိုင်း အထိုင်အထလည်း ကောင်းကောင်းလုပ်မရ၊ ဒုက္ခကြီးလှတဲ့ ဒီဒကာမကလည်း ဆရာတော်ကို 'ရေကပ်' ပါတယ်။ ဆရာတော်က 'အနန္တရေစင်'အဖြစ် ပြန်လည်ချီးမြှင့်ပါတယ်။ ကျောင်းဒကာမ ယုံယုံကြည်ကြည် သောက်ပါတယ်။ အဲဒီ ဒကာမ မိုးကုတ်ရှိ မိမိနေအိမ်ပြန်ရောက်တဲ့ အခါ အနန္တရေစင်အစွမ်းနဲ့ စကားကောင်းကောင်း ပြောနိုင်ခဲ့လေပြီလို့ သိလိုက်ရပါတယ်။ အနန္တရေ စင်အစွမ်း အံ့မခန်းပါတကား။        ။

မောင်သွေးချွန်

( TREND News ဂျာနယ် အတွဲ(၃)၊ အမှတ် (၁) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 449

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42886

© 2022 - 2025 News. All Rights Reserved.