မီဒီယာဖျက်၍ ပြည်ပျက်ရမည်လား

၂၀၂၅ ဇန်နဝါရီ ၃၀

သုံးခွက်တစ်စက် မတင်သူများ
    "သူပြောတဲ့စကားများ မြစ်ထဲ ရေရှိတယ်ဆို ရင်တောင် ငါတော့ သွားကြည့်ပြီးမှ ယုံမယ်" ဆိုသည်မျိုး ကျွန်တော်တို့ အရပ်ထဲတွင် ပြောလေ့ ရှိကြသည်။ ထိုကဲ့သို့သူများက "မင်း ကြားပြီးပြီလား" ဟု အစချီကာ ဟုတ်၏ မဟုတ်၏ မစူးစမ်းဘဲ အရပ်ထဲ ကြားသမျှသတင်း အခမဲ့ဖြန့်ချိသူများ ဖြစ်သည်။ မင်းကြားပြီးပြီလားဟု အစချီပြီး မြို့ပေါ်မှာတော့ စစ်သားတွေက ခရမ်းချဉ်သီးသွားပို့သည့် သုံးဘီးယာဉ်ကို တားပြီး ခရမ်းချဉ်သီးများ ဓားပြတိုက်ယူသွားပြီ ဆိုသကဲ့သို့ သတင်းမျိုးကို ပြောတတ်သောသူ ဖြစ်သည်။ ကျွန်တော့်ကို လာပြောစဉ်က "ဓားပြတိုက်စရာ ရှားလို့ကွာ တိုက်မယ့်တိုက် ခရမ်းချဉ်သီး သုံးဘီးကို တိုက်မလား၊ နာမည်အပျက်ခံလို့ ရွှေဆိုင်ကို တိုက်မှာပေါ့။ နာမည်ပျက်မည့် အတူတူ"ဟု ဘု ပြောလိုက်လျှင် မျက်နှာပျက်သွားတတ်လေသည်။ သည်လိုမျိုးဖြစ်စဉ်က ဘာဟုတ်သေးလို့လဲ၊ အရပ်ထဲ၊ ဇာတ်ထဲ ပြောသမျှသာဖြစ်၍ ကျိုးကြောင်းဆင်ခြင် စဉ်းစားတတ် သူနှင့်တွေ့၍ ပြန်ပြောလိုက်လျှင် ထိုသူတို့ ခွေးအလှည်းနင်းသကဲ့သို့၊ ကြက်လည်လိမ်သကဲ့သို့ ဖြစ်သွားတတ်စမြဲ ဖြစ်သွားကြ ရသည်။ ဧည့်ထောက်ခံ စကားပြောလိုက်လျှင်တော့ အရည်မရ အဖတ်မရ အလုပ်ပျက် အကိုင်ပျက်နှင့် ကုသိုလ်လည်းမတိုး အကျိုး နည်းဖွယ်ရာပင် မဟုတ်လား။ ထိုကဲ့သို့ သူမျိုးများအတွက် အချိန် မပေးနိုင်ပေ။ အချိန်ကို လွန်စွာ အကျိုးရှိအောင် သုံးတတ်သူ မဟုတ်ပေမယ့် အကုသိုလ်အလိုလို တိုးနိုင်သောကြောင့်ပင် ဖြစ်သည်။ 
    ရှိသေးသည်။ အားလပ်ချိန်အချို့တွင် လူမှုကွန်ရက်ပေါ် ရောက်တတ်ရာရာများကို ကြုံရာကျပန်း ကြည့်ဖြစ်သည်။ ထိုသို့ကြည့်နေရာမှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဆိုသူပြောနေသည့် စကားအချို့ကို တွေ့လိုက်ရသည်။ တစ်ခုပြောလိုပါသည်။ တပ်မတော်မှ အငြိမ်းစားယူသောသူသာ ကိုယ်၏ရာထူးနှင့် ဂုဏ်ယူစွာ ရာထူးအမည်နာမကိုတပ်၍ ပြောဆိုတတ်ကြရဲ့ မဟုတ်လား။ သူကတော့ ထိုသို့မဟုတ် ဗိုလ်ကြီးဟောင်း ဆိုကတည်းက ပြစ်မှုရှိ၍ တပ်မတော်က ထွက်ခွာခဲ့ရသည်ကို ယခုအထိ ဗိုလ်ကြီးဟောင်းဆိုသည့် နာမ်စားက ရှက်စရာမှန်းမသိ ဂုဏ်ယူစွာ ပြောဆို သုံးနှုန်းနေလေသည်။ သူပြောဆိုခဲ့သည့် စကားများနှင့်ပတ်သက်၍ မှားယွင်းခဲ့မိကြောင်း မည်သည့်အချိန်က တောင်းပန်နေ မှန်းမသိပါ။ အချက်အလက် တစ်ခု၊ နှစ်ခုကို မှားယွင်းခဲ့ကြောင်း တောင်းပန်နေလေသည်။ ထို Movie ကို အပြီးထိမကြည့်ဘဲ သူပြောခဲ့သည့်စကား ဘယ်တုန်းက မှန်ခဲ့လို့လဲဟု စိတ်ထဲက ရယ်ချင်ပက်ကျိ ဖြစ်မိသွား၏။ ခဏလေးစောင့်၊ နည်းနည်းလေးစောင့်၊ တစ်လ မကြာတော့ဘူး၊ နှစ်မကုန်ဘူး စသဖြင့် နည်းမျိုးစုံပြောပြီး နောက်ဆုံးတော့လည်း မိဘပြည်သူများ အလှူငွေလေး ထည့်ဝင်ပါဦးနှင့် အဆုံးသတ် သွားလေ့ရှိရဲ့ မဟုတ်လား။ သို့မို့ကြောင့် သူပြောသည့်စကား သုံးခွက် တစ်စက်ပင် တင်ရိုးထုံးစံမရှိသူ နှုတ်က ထွက်သည့်အရာ အချိန်ကုန်ခံပြီး မကြည့်ဖြစ်ဟုသာ ပြောချင်ပါသည်။ ထိုကဲ့သို့ သုံးခွက်တစ်စက် မတင်သူက ပြောသည့်စကားများကို မိဘပြည်သူများလည်း လျှာအရိုးမရှိ ပြောတိုင်း နားအရသာ ခံမနေကြပါနှင့်ဟု ဆိုချင် ပါသည်ဗျာ။

သူများ လှိမ့်သမျှ မခံကြရဖို့
    လူမှုကွန်ရက်ဆိုသည်မှာလည်း လိမ်ညာ၍ အလွန်ကောင်းသည့်နေရာ ထင်ပါ၏။ ဆိုကြပါစို့ နာမည်ကြီးမင်းသမီး ဘယ်သူ ဟိုခရိုနီ၏ သားနှင့် Movie ထွက်ပေါ် ပေးထားသည့် စာသားလေးကိုနှိပ်၍ ဝင်ပါဟုဆိုကာ လူစိတ်ဝင်စားစေရန် ခေါင်းစဉ်မျိုးစုံတပ်၍ တင်ဆက်နေကြလေသည်။ ထိုကဲ့သို့ အရာမျိုးတွင် Like များ၊ View များလည်း အလွန်များနေသည်ကို အံ့သြနေရသည်။ ဘယ်အနုပညာရှင်က သည်မေးခွန်းများ မှန်အောင်ဖြေလျှင် တစ်ယောက် ကျပ်ငါးသောင်းပေးမည်ဟုဆိုလျှင်လည်း ကြည့်ရှုသူက များနေကြသည်။ ဖုန်းနံပါတ်များ ချရေးခဲ့ပါ၊ ဖုန်းနံပါတ်ရေးသူတိုင်း ဘေလ်ငါးထောင်စီ ထည့်ပေးချင်လို့ ဟုဆိုလျှင်လည်း ဘုမသိ ဘမသိ မိမိ၏ ဖုန်းနံပါတ်များကို ချ၍ ရေးကြကုန်လေသည်။ သည် ခေတ်ကလည်း Tik Tok, YouTube များတွင် ကြည့်ရှုသူများသည့်အပေါ်တွင် ငွေကြေးရသူများက လူစိတ်ဝင်စားအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေကြလေသည်။သူတို့ လူကြည့်များအောင် လုပ်သည်က အရေးမကြီး၊ လူကြည့်များ ပြီးရောဟုဆိုကာ အနုပညာရှင်များလည်း  အကြိမ်ကြိမ် သေရ၏။
    နာမည်ကြီး လူရွှင်တော် သရုပ်ဆောင် ခင်လှိုင်သေဆုံး ရေဝေးတွင် သင်္ဂြိုဟ်ဆိုလျှင်လည်း နာရေးပုံများ၊ ငိုကြွေးနေသည့်ပုံများဖြင့် လုပ်နေကြသည်။ နာမည်ကျော် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဟာသပညာရှင် ဒိန်းဒေါင် နေအိမ်တွင် ကွယ်လွန် စသဖြင့် လူစိတ်ဝင်စားစေရန် မကြာခဏ ပြုလုပ် နေလေရာ ခင်လှိုင်တို့၊ ဒိန်းဒေါင်တို့ဆိုလျှင် ဘယ်နှကြိမ်မြောက်များ သေပြီးပြီပင် မသိတော့ပေ။ လူမှုကွန်ရက်မှ ပိုက်ဆံရှာသည်က အရေးမကြီးပေ။ မသိနားမလည်သူများ၏ စိတ်ဝင်စားမှုအတွက် နာမည်ကျော်များကို အသုံးချပြီး ငွေရှာနေခြင်းက လိပ်ပြာသန့်ရဲ့လားဟုပင် မေးချင်မိ၏။ မိဘပြည်သူများလည်း သူများလှိမ့်သမျှ မခံရစေရန် ထိုကဲ့သို့ အကြောင်းအရာ များတွေ့လျှင် အနည်းဆုံး Report လေးသာ ထုပေးပြီး လူမိုက်အားပေး မလုပ်ကြဖို့ လိုသည်ဟုသာ အကြံပြုလိုပါသည်။

ပရော်ဖက်ရှင်နယ် ကျရဲ့လား
    စိတ်ထဲတွင် တော်တော်လေး မတင်မကျဖြစ်နေသည့် အကြောင်းအရာတစ်ခု ရှိလေသည်။ ထိုအကြောင်းအရာက ပြည်ပသတင်းဌာနများ အထူးသဖြင့် ကချော်ကချွတ် သတင်းဌာန မဟုတ်ဘဲ ကမ္ဘာကျော် သတင်းဌာနကြီးများသည်ပင် မီဒီယာဆိုသည့်အလုပ်ကို စေတနာမှန်မှန် လုပ်ရဲ့လားဆိုသည့် အကြောင်းအရာ ဖြစ်ပါသည်။ စေတနာမမှန်ဟုသာ ဆိုချင်ပါသည်။ ပြည်သူများ၏ သတင်းသိ ပိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့်ဆိုသည့် စကားများကို လက်ကိုင်ထားသည့် ထိုဌာနကြီးများကိုယ်တိုင် သူတို့ တင်ဆက်နေသည့် ပြည်သူများကို မှန်သောသတင်း၊ မှန်သော အကြောင်းအရာ စေတနာ ပါရဲ့လားဟု ထိုဌာနတာဝန်ရှိသူများကို မေးကြည့်ချင်မိ၏။ ယုတ် စွအဆုံး အမည်နာမ ခေါ်ဝေါ်သုံးစွဲသည့် ကိစ္စလောက်ကိုပင် မှန်ကန်မျှတစွာ အသုံးမပြုနိုင်ကြသည်ကို တွေ့ရသည်။ မီဒီယာဆိုသည်မှာ ဘက်မလိုက်ရဟုဆိုပြီး ထိုမီဒီယာကြီးများ ကိုယ်တိုင်ပင် ဘက်လိုက်မှုကင်းရဲ့လားဟု မေးခွန်းထုတ်ရ မည်ဖြစ်သည်။ အမည်နာမတပ်သည့် ကိစ္စသေးသေးလေးပင် ကြည့်ပါဦး။
    မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပေါင်းများစွာ ရှိကြသည်။ ထိုလက်နက်ကိုင်များစွာ၏ အမည်နာ မကိုခေါ်လျှျင် ဥပမာ ရခိုင်ကဆိုလျှင် အာရက္ခတပ်တော်၊ ကချင်ဆိုလျှင် ကချင်လွတ်မြောက်ရေး တပ်မတော် စသဖြင့် တိတိကျကျ ခေါ်ဝေါ်ပြီး တပ်မတော်ဘက်ကဆိုလျှင် စစ်ကောင်စီ၊ ထို့ထက်ပို၍ အာဏာသိမ်းစစ်ကောင်စီဆိုပြီး နာမ်စားမျှကို ညီတူညီမျှ မသုံးစွဲနိုင်သည်ကို တွေ့ရသည်။ ဤကဲ့သို့ အသုံးအနှုန်းလေးကအစ မျှတမှုမရှိသည့် သတင်းဌာနများက ထုတ်လွှင့်သည့် သတင်းများကို မှန်ကန်မျှတမည်ဟု ယုံကြည်နိုင်ပါ၏လော။ မည်သည့် အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်မျိုးမဆို တရားဝင်ခေါ်ဝေါ်သုံးစွဲရန် အမည်နာမများ ပေးထားပြီး ရာပေါင်းများ စွာသော လက်နက်ကိုင်များကိုမူ နာမည်အတိအကျခေါ်ဆိုပြီး တပ်မတော်ကျမှ အာဏာသိမ်း စစ်ကောင်စီဆိုသည့် နာမ်စားကို အကြိမ်ကြိမ် အထပ်ထပ် ပြောဆိုနေခြင်းက သူတို့၏ ရည်ရွယ်ချက်သည်ဘာလဲဟု သဘော ပေါက်သင့် သည်။ ပြည်သူ့အတွက်ဟုဆိုကာ လူစိတ်ဝင်စားအောင် လုပ်နေသည့် အထက်က တင်ပြခဲ့သော သတင်းဌာနများနှင့် ဘာများ ထူးမည်နည်း။ သည်ရက်ပိုင်း ပြည်သူ့ပါတီက ဦးကိုကိုကြီး ပြောသည့် စကားလေး ဝေမျှလိုပါသည်။
    "အနောက်နိုင်ငံက သတင်းဌာနတွေဆိုတာကိုလည်း ကျွန်တော်တစ်ခုပြောချင်တယ်၊ ကျွန်တော်တို့က သတင်းတွေကို တောက်လျှောက်မပြတ် လေ့လာနေတာ၊ တင်ဆက် ထုတ်လွှင့်လိုက်တဲ့ သတင်းတွေကိုကြည့်လိုက် ပြည်သူ့အတွက်၊ ငြိမ်းချမ်းရေးအတွက် တစ်ခုမှမပါဘူး။ ဘယ်သူက ဘယ်သူ့ကို သတ်လိုက်ပြီ၊ ဘယ်နေရာ ဘယ်လိုဖြစ်သွားပြီဆိုတဲ့ အနိဋ္ဌာရုံသတင်းတွေကိုပဲ အမြဲမပြတ် ထုတ်လွှင့်နေတယ်။ လူငယ်လူရွယ်တွေ ကို သွေးမကြွကြွအောင် သွေးထိုးမြှောက်ပင့်တဲ့ သတင်းတွေပဲ တောက်လျှောက် ထုတ်လွှင့်နေတယ်"ဟု ပြောသည်ကို တွေ့လိုက်ရသည်။ လူ့အခွင့်အရေး၊ ဒီမိုကရေ စီအရေးဟုဆိုကာ စဉ်ဆက်မပြတ် ဆိုနေပေမယ့် ထိုအနောက်နိုင်ငံက သတင်းဌာနကြီးများ အနေဖြင့် သည် နိုင်ငံက ပြည်သူနှင့် နိုင်ငံ့ကောင်းကျိုးအတွက် ဆောင်ရွက်ပေးနေသည်ဆိုသည်ကို ယုံကြည် နိုင်ပါ့မလား။ ဘာအတွက်များ လုပ်ပေးမလဲဟုမေးလျှင် အထက်တွင်ဆိုခဲ့သည့် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက်ဟု ဆိုပါလိမ့်မည်။ အမှန်က သူတို့အခွင့်အရေး၊ သူတို့ အကျိုးအတွက် အချိန်နှင့်ငွေကို အသုံးချနေသည်ဟုသာ တပ်အပ်ပြောရမည်ဖြစ်သည်။ သည်နိုင်ငံ၊ သည်တိုင်းပြည်၊ သည်ပြည်သူလူထုအကျိုး အမှန်တကယ် အကျိုးပြုလုပ် ငန်းလုပ်နေပါသည်ဟု သစ္စာရေသောက်နိုင်ပါမည်လော ဟုဆိုသည့် မေးခွန်းမျိုးပင် မေးလိုက်ချင်ပါသည်။ ၈၈ တုန်းကလည်း လုံ/ထိန်း တပ်ဖွဲ့ဝင်များက ကျောင်းသူများကို မုဒိမ်းကျင့်ပါသည်ဟု လုပ်ကြံဇာတ်ခင်းပြီး ပြည်တွင်းကို ထုတ်လွှင့်ခဲ့ဖူးသည်မှာ မဝေးသေးသော သမိုင်းဖြစ်ပြီး ထိုအချိန်က လူများ ယခု သက်ရှိထင်ရှား ရှိနေပါသေးသည်။ ပျားရည်တစ်စက်ကြောင့် ပြည်ပျက်ဟု ကြားဖူးပေမယ့် မီဒီယာဖျက်လျှင်လည်း ပြည်ပျက်နိုင်ကြောင်း ယနေ့ကဲ့သို့ ခေတ်ကြီးတွင် ဖြစ်နိုင်ပါသည်ဟု မိဘပြည်သူများလည်း သတိမူမိနိုင်ပါစေဟုသာ။
(ရွှေထီး)  
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42874

© 2022 - 2025 News. All Rights Reserved.