ရဟန်းသံဃာနှင့် လူပေါင်းနှစ်ရာကျော် သတ်ခဲ့သည့် တန့်ဆည် PDF အဖွဲ့ခေါင်းဆောင်တစ်ဦး ဖမ်းမိထား

၂၀၂၄ ဇူလိုင် ၂၅

KIA နှင့် ပူးပေါင်းနေသည့် တန့်ဆည် PDF များ
    စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်ဝန်းကျင်တွင် အခြေပြုလှုပ်ရှားနေသည့် PDF ထိပ်ပိုင်းခေါင်းဆောင် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိထားသည်ဟု အဆိုပါအမှုကို လိုက်ပါကူညီ ဆောင်ရွက်နေသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ 
    အဆိုပါ PDF ထိပ်ပိုင်းခေါင်းဆောင်ဆိုသူမှာ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ငနုချောင်းအုပ်စု ညောင်ရင်းရွာတွင် နေထိုင်သူ ခင်သက်မော်ဆိုသူဖြစ်ပြီး ၎င်းကို ၂၀၂၃ တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ 
    "PDF ခေါင်းဆောင် ခင်သက်မော်ကို ရှမ်းပြည်(မြောက်ပိုင်း) လောက်ကိုင်မှာ ၂၀၂၃ ခုနှစ်ထဲမှာ ဖမ်းဆီးရမိခဲ့တယ်။ အခုတော့ လားရှိုးအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရပြီး အမှုရင်ဆိုင်နေတယ်။ သူ့ရဲ့ ထွက်ဆိုချက်တွေအရ တန့်ဆည်မြို့နယ်ထဲက ရဟန်းသံဃာနဲ့ လူနှစ်ရာကျော် သတ်ခဲ့တဲ့ အဖွဲ့ထဲက ထိပ်ပိုင်းခေါင်းဆောင်ဆိုတာ သိရတာပါ"ဟု ယင်းအမှုကို လိုက်ပါကူညီ ဆောင်ရွက်နေသည့် အကျိုးဆောင်ဖြစ်သူက ဆိုသည်။ 
    တန့်ဆည်မြို့နယ်တွင် PDF သုံးဖွဲ့ရှိနေပြီး တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အနောက်ပိုင်းအဖွဲ့များ ဖြစ်ကြသည်ဟု ဆိုသည်။ လက်ရှိဖမ်းဆီးရမိသည့် ခင်သက်မော် (ဘ- ဦဘငယ်) သည် တန့်ဆည် တောင်ပိုင်း PDF ဌာနချုပ်၏ ခေါင်းဆောင်ပိုင်းမှ ဖြစ်သည်ဟု ဆိုသည်။ ခင်သက်မော်၏ ထွက်ဆို ချက်အရ တန့်ဆည် (တောင်ပိုင်း) PDF အဖွဲ့သည် ညောင်းရင်းရွာ ဦးဝင်းနိုင်-ဒေါ် ခင်စိုးမော်တို့၏ နေအိမ်တွင်လည်းကောင်း၊ ကိုထွန်းစိုး လတ်-မခင်သက်ဦးနေအိမ်တွင်လည်းကောင်း၊ ဦးမှုံတင် -ဒေါ်ခင်တုပ်နေအိမ်တွင်လည်းကောင်း၊ ကိုမောင်အေး-မမာမာလှိုင်၏ နေအိမ်တွင်လည်းကောင်း၊ ကိုချစ်သဲ- မဌေးမော်နေအိမ်တွင် လည်းကောင်း၊ ကိုမောင်နိုင်- မခင်သက်မော်(ဖမ်းမိသူ)၏ နေအိမ်တွင်လည်း ကောင်း အခြေစိုက်ကာ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ကြခြင်းဖြစ်သည်ဟု ထွက်ဆိုချက်အရ သိရှိရသည်။ 
    ၎င်းတို့ အကြမ်းဖက် ဆောင်ရွက်ခဲ့ကြရာ၌ တန့်ဆည်(တောင်ပိုင်း) PDF အဖွဲ့သည် ငနုချောင်း အုပ်စု ညောင်းရင်းရွာနေ လူသုံးယောက်ကို ဓားပြတိုက်ပြီး သတ်ဖြတ်ခဲ့ကြောင်းလည်း ထွက်ဆိုခဲ့ သည်ဟုဆိုသည်။ 
    မြေပြင်သတင်း စုံစမ်းချက်အရ တန့်ဆည်မြို့နယ် ရွှေတကျေးရွာမှ လူနှစ်ယောက်ကိုလည်း သတ်ဖြတ်၍ ညောင်ရင်းရွာအနီးရှိ မြောင်းကြီးထဲသို့ ပစ်ချခဲ့ခြင်း၊ သပြေရင်းရွာ ငါးလောင်းပြိုင်လူ သတ်မှု၊ သရက်ကုန်းရွာ နှစ်လောင်းပြိုင်လူသတ်မှု၊ ကြည်ကုန်းရွာမီးရှို့မှုနှင့် နှစ် လောင်းပြိုင်လူသတ်မှု၊ တန့်ဆည်မြို့ ဦးတင်မြင့် ဆီဆိုင် နှစ်လောင်းပြိုင်လူသတ်မှု စသော အကြမ်းဖက်လုပ်ရပ် များကို အဆိုပါတောင်ပိုင်းအဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်ဟု မြေပြင်ဖော်ထုတ်ချက်အရ သိရှိရသည်။ တန့်ဆည်(တောင်ပိုင်း)အဖွဲ့ တစ်ဖွဲ့တည်းမှပင် လူပေါင်း ၅၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု မြေပြင်သတင်းအရ စုံစမ်းသိရှိရသည်။
    "ဒီလိုအချိန် ဒီလိုကာလကြီးမှာ မြေပြင်သတင်း စုံစမ်းဖို့က မလွယ်ဘူး။ ဘာကြောင့်မလွယ်လဲဆို ဒေသခံ လက်နက်မဲ့ပြည်သူဆိုတာ အကုန်ကြောက်နေ ကြတာ။ ကိုယ်ပြောလိုက်တာသိသွားရင်လည်း လက်နက် မဲ့ပြည်သူဆိုတာ အသတ်ခံရမှာ ကြောက်ကြတာကိုး။ ဒါပေမဲ့ ကိုယ့်အရပ်၊ ကိုယ့်ဒေသမှာ ဘယ်သူက PDF လုပ်နေလဲ၊ ဘယ်သူက PDF ခေါင်းဆောင်ဆိုတာ အကုန်သိနေကြတာပဲ။ နောက်တော့ သူတို့ရဲ့မလုံခြုံမှု၊ အကြောက်တရားတွေရယ် ခံရတာတွေများနေတော့ တချို့က အရဲစွန့်ပြီး ပြောလို့သိရတာ"ဟု မြေပြင်ကိုကွင်းဆင်း စုံစမ်းချက်များအရ သိရသည်။
    လက်ရှိ တန့်ဆည်(တောင်ပိုင်း)မှ အဓိက ခေါင်းဆောင်လှုပ်ရှားနေသည့် PDF များမှာ (၁)ထွန်း ဇော်ဦး(ဘ)ဦးရဲမြင့် ထောင်သင်းရွာ(အဆိုပါ PDF ခေါင်းဆောင် ထွန်းဇော်ဦးသည် ၂၀၂၃ နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် တန့်ဆည်မြို့တိုက်ပွဲကို တန့်ဆည်မြို့ရှိ ၎င်း၏မိဘနေအိမ်မှနေ၍ တိုက်ပွဲကို ဦးဆောင်ခဲ့သူဟု သိရသည်)၊ (၂)ထွန်းစိုးလတ် (ဘ)ဦးဘငယ်ညောင်ရင်းရွာ ငနုချောင်းအုပ်စု၊ (၃) သစ်လွင်(ဘ)ဦးဘမြိုင် လင်းတိပ် ရွာ ငနုချောင်းအုပ်စု၊ (၄)မောင်နိုင်(ဘ)ဦးယိမ်းမောင် ညောင်းရင်းရွာ ငနုချောင်းအုပ်စု၊ (၅)ဖိုးအို(ခ)တင့်နိုင် ထွန်း(ဘ)ဦးမှုံတင်၊ (၆) ပြည့်ဖြိုးအောင် (ဘ)ဦးချစ်သဲ ညောင်ရင်းရွာ၊ (၇)ဝေယံစိုး (ဘ)ဦးဝင်းနိုင် ညောင်ရင်းရွာ၊ (၈) ဖြိုးသီဟကျော်(ဘ)ဦးမောင်အေး ညောင်ရင်းရွာ၊ (၉)ခင်မောင်တင့် (ဘ)ဦးဘတင် ချောင်းဦးရွာ၊ (၁၀)တောက်ထွန်းလင်း(ခေါ်) မောင်တောက် (ဘ)ဦးကျော် ပေါက်တောရွာ၊ (၁၁) သန်းဇော်(ဘ)ဦးမြင့်စိုး ခရုတော ရွာ၊ (၁၂) မဖွေးအိနန္ဒာ ကျော် (ဘ)ဦးရဲမြင့် ညောင်ရင်း ရွာ၊ (၁၃) မခင်သက်ဦး (ဘ)ဦးမြင့်စန်း၊ (၁၄) မမာမာလှိုင် (ဘ) ဦးမှုံတင်၊ (၁၅) ခင်မောင်စိုး (ဘ)ဦးကြည်မြင့် သပြေရင်းရွာ၊ (၁၆) ညိုလင်း(ဘ)ဦးကံဆောင် ရွှေကြာ တန်းရွာ၊ (၁၇) ချစ်သဲ (ဘ)ဦးဘငယ် ညောင်ရင်းရွာ၊ (၁၈) ဇော်ညီညီထွန်း (ဘ) ဦးထွန်းဇော်ဦး ထောင်သင်းရွာ ကုန်စွာအုပ်စုတို့ ဖြစ်ကြောင်း မြေပြင်ကွင်းဆင်းစုံစမ်း အတည်ပြုချက်အရ သိရသည်ဟု အဆိုပါဖြစ်စဉ်အပေါ် လိုက်ပါကူညီ အကျိုးဆောင်သူထံမှ ပြောသည်။
    အဆိုပါတန့်ဆည်မြို့နယ်(တောင်ပိုင်း) PDF အဖွဲ့ဝင်ပေါင်း တစ်ရာကျော်ရှိသည်ဟု ဆိုသည်။ ထိုတန့်ဆည် PDF အဖွဲ့များသည် အဓိက ဆောင်ရွက်ချက်များ ထဲတွင် KIA အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ကြောင်း ခင်သက်မော်၏ ထွက်ဆိုချက်အရ သိရှိရသည်ဟုဆိုသည်။ 


အယုတ်မာဆုံး PDF အဖွဲ့ 
    တန့်ဆည် PDF (တောင်ပိုင်း)အဖွဲ့၏ ဒေသခံ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ် ရက်စက်မှုများအပြင် ယုတ်မာမှုများစွာလည်း ရှိခဲ့သည်ဟု မြေပြင်ကွင်းဆင်းစုံစမ်းခဲ့သူက ကြုံတွေ့ခဲ့ရသည်များကို ပြောပြသည်။ 
    တန့်ဆည် PDF (တောင်ပိုင်း)အဖွဲ့သည် တန့် ဆည်မြို့နယ် ငနုချောင်းအုပ်စု ညောင်ရင်းရွာကို ဓားပြတိုက်ခဲ့စဉ်က စစ်တပ်ဟန်ဆောင်ကာ ဓားပြတိုက်ခဲ့သည် ဟုဆိုသည်။ ညောင်ရင်းရွာနေ ဆန်စက်ပိုင်ရှင်များဖြစ်သော ဦးစိုးသိန်းနှင့် ဦးမိုးတင်တို့ကို ဆက်ကြေးတောင်း ခဲ့ကြသည်ဟု ဆိုသည်။ ဆန်စက်ပိုင်တို့ကလည်း ကျပ်သိန်း ၃၀ ပေးခဲ့ကြရသည်ဟု ဆိုသည်။ 
    ဆန်စက်နှစ်စက်မှ ဆက်ကြေးပေးပြီး နှစ်ရက်အကြာ ၂၀၂၁ ဒီဇင်ဘာ ၃ ရက် ည ၇ နာရီခန့်တွင်   "မင်းတို့ဟာ PDF တွေကိုထောက်ပံ့သူတွေ တန့်ဆည်ရဲစခန်းကို လိုက်ခဲ့ရမယ်"ဆိုကာ ဆန်စက်နှစ်စက်ကို တစ်ပြိုင်နက်တည်း ဝင်ရောက်ခဲ့ကြသည်။ 
    ဦးစိုးသိန်း(ခ)ဦးဇော်လတ်၏ နေအိမ်ဆန်စက် ထဲကိုဝင်၍ ဓားနှင့်ထောက်၊ သေနတ်နှင့်ချိန်ကာ ရှိသမျှ ရွှေ၊ ငွေတို့ကို လုယက်ယူဆောင်သွားလေသည်။ ငွေသား သိန်းငါးရာကျော်နှင့် ရွှေထည် ၉၀ သားခန့်ကို ယူဆောင်သွားသည်။ 
    ထိုနည်းတူ ဦးမိုးတင်ဆန်စက်ထဲသို့ ဝင်ရောက်ကာ ဓားထောက်၊ သေနတ်နှင့်ချိန်ကာ ကျပ်သိန်း ၁၂၀ ကျော်တို့ကို လုယူသွားကြသည်။ ထို့နောက် ဦးစိုးသိန်း(ခ) ဦးဇော်လတ်-ဒေါ်အေး(ခ) ဒေါ်ခင်နွဲ့မူ တို့ ဇနီးမောင်နှံနှစ်ဦးနှင့် ဦးမိုးတင်တို့ကို စစ်တပ်ဟန်ဆောင် ခြိမ်းခြောက်ခေါ်ဆောင်ပြီး သတ်ဖြတ်သွား ခဲ့ကြသည်။ 
    "မြန်မာနိုင်ငံမှာ PDF အဖွဲ့အမြောက်အမြားရှိပါတယ်။ ဒါပေမဲ့ တန့်ဆည် PDF လောက် ယုတ်မာတဲ့ အဖွဲ့မရှိဘူး။ တန့်ဆည် PDF က အယုတ်မာဆုံးလို့ ပြောလို့ရတယ်"ဟု မြေပြင်စုံစမ်း ဖော်ထုတ်သူက တွေ့ရှိချက် အဖြစ်ပြောသည်။


လက်ရှိအခြေအနေ 
    တန့်ဆည်မြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အနောက်ပိုင်း PDF အဖွဲ့များ၏ တန့်ဆည်နှင့် အနီးတစ်ဝိုက်တွင် ရဟန်းသံဃာများအပါအဝင် လူပေါင်းနှစ်ရာကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းကိုလည်း ဖမ်းဆီးရမိသည့် ခင်သက်မော်၏ ထွက်ဆိုချက်အရ သိရှိရခြင်း ဖြစ်သည်။
    ခင်သက်မော်သည် ယခု လားရှိုးအကျဉ်းထောင်တွင် တရားရင်ဆိုင်နေပြီး လားရှိုးအခြေအနေအရ နောက်ဆုံးအခြေအနေများကို စုံစမ်းမသိရှိရသေးဟု ဆို သည်။ 
    တန့်ဆည် PDF များ၏ တန့်ဆည်မြို့နယ် ပတ်ဝန်းကျင်တွင် အကြမ်းဖက်လုပ်ရပ်များမှာ ပြော၍မကုန်အောင်ပင် ဖြစ်နေပြီဟု မြေပြင်ကွင်းဆင်းစုံစမ်းဖော် ထုတ်သူက ပြောသည်။ "ဒေသခံ ပြည်သူဆိုတာ လက်နက်မဲ့တွေ၊ သူတို့က နှစ်ဖက်ကိုကြောက်ရတယ်။ ဘာလို့ နှစ်ဖက်ကို ကြောက်ရ သလဲဆိုရင် တပ်မတော်က ရွာထဲ ဝင်လာရင် တပ်က ဘာမှမလုပ်မှန်းတော့ သိတယ်၊ သို့ သော်လည်း သူတို့လာလို့ ထွက်မပြေးရင် စစ်ကြောင်းပြန် သွားတဲ့အခါ  မပြေးတဲ့သူတွေကို PDF က သတ်ပြစ်တယ်။ သူတို့ဝါဒ ဖြန့်ထားတာက စစ်တပ်လာရင်ပြေး၊ မလာရင် ဒလန်သတ်မှတ်ထားတယ်။ သက်ကြီး ရွယ်အိုတွေ မပြေးနိုင်လို့ ကျန်နေခဲ့ရင် PDF တွေ ဝင်လာချိန်မှာ မပြေးလို့ဆိုပြီး သူတို့ အိမ်သူအိမ်သား တွေရှေ့မှာ ဓားနဲ့ သုံးပိုင်းပိုင်းပြီး သတ်တဲ့ဖြစ်စဉ်တွေရှိတယ်။ အဲဒီတော့ တပ်ကလာလည်း ပြေးမှ ရတော့တယ်"ဟု ဆိုလေသည်။ ထိုတန့်ဆည်တောင်ပိုင်း PDF အဖွဲ့သည် မြို့ရွာနှင့် သုံးမိုင်ခန့် အကွာတွင် စခန်းချနေထိုင်နေပြီး ကျေးရွာများတွင် သေနတ်လွယ်ကာ ပေါ်ပေါ်တင်တင် သွားလာနေ ကြသည်အထိ ဖြစ်နေသည်ဟုဆိုသည်။ ထို့ကြောင့် မြေပြင်ကွင်းဆင်းဖော် ထုတ်ရသည်မှာ မလွယ်ကူသကဲ့သို့ ဖြေကြားမည့်သူများအတွက်လည်း အသက်အန္တရာယ် ရှိနေလေသည်။ ယင်းကဲ့သို့ အခြေအနေကြားမှပင် ရဟန်းသံဃာနှင့်လူပေါင်း နှစ်ရာကျော် သတ်ခဲ့သည့်ဖြစ်စဉ်ကို စုံစမ်းသိရှိရပြီး အမှန်တကယ်မြေပြင်တွင်သည့် ထက်ပိုသည့်အရေအတွက် များပြားနိုင်သည်ဟုလည်း သုံးသပ်သည်။ 


လက်နက်မဲ့ပြည်သူများ၏ လိုလားချက် 
    "မကြားဖူးတဲ့စကားပြောရရင် အံ့သြသွားလိမ့်မယ်။ ကျွန်တော်မြေပြင်ကို ကွင်းဆင်းတော့ လက်နက်မဲ့ ပြည်သူတွေက ခံရတာများနေတော့ သူတို့တောင်းဆိုတာက အကြမ်းဖက်မှုကိုနှိမ်နင်းပေးပါ၊ မြေကျန်ရင်ရပြီဆိုပြီးတော့ကို မခံမရပ်နိုင်ပြောတာ။ တန့်ဆည်တောင်ပိုင်းနဲ့ အနောက်ပိုင်းက အခုထိ တရားဥပဒေမစိုးမိုးဘူး။ တန့်ဆည်မြောက်ပိုင်းက ၅၅၀ ဆရာတော်ရဲ့ ပြည်သူ့စစ် အင်အားကောင်းနေတော့ အဲဒီဘက်မှာ အကြမ်းဖက်မှု တော်တော်နည်းသွားပြီ၊ အကြမ်းဖက်တွေမြောက်ပိုင်းမှာ အခွင့်မသာတော့ဘူးလို့ ပြောလို့ရတယ်။ တောင်ပိုင်းနဲ့အနောက်ပိုင်းက တရားဥပဒေမစိုးမိုးဘူး၊ အဲဒီတော့ တရားဥပဒေမစိုးမိုးတဲ့ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အကုန်နောက်ကျကျန်ခဲ့ပြီ။ ဒေသခံပြည်သူတွေက နောက်ဆုံးမြေကျန်ရင်တောင်ရပြီဆိုပြီး တောင်းဆိုကြတာ၊ မခံနိုင်တော့လွန်းလို့ပါ၊ လုပ်ရင်လည်း မစို့မပို့မလုပ်ပါနဲ့၊ ထိထိရောက်ရောက်လုပ်ပေးပါလို့ သူတို့ရင်ထဲကစကားကို ပြောလိုက်တယ်။ ဒါကျွန်တော် ကွင်းဆင်းခဲ့တဲ့နေရာတိုင်းက ကြားရတဲ့ အသံပါ။ မှန်သော စကားပါလို့ အာမခံပါတယ်"ဟု မြေပြင်ကွင်းဆင်းခဲ့သူက ကြုံတွေ့ခဲ့ရသည်များကို ပြောပြပါသည်။
(ရွှေထီး )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 517

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42996

© 2022 - 2025 News. All Rights Reserved.