လူငယ်ထု၏ အမှားပြင်ဆင်ချက်နှင့် တိုင်းပြည်အနာဂတ်

၂၀၂၅ ၊ ဒီဇင်ဘာ ၁၃

    လူငယ်ဆိုသည်မှာ တိုင်းပြည်၏ အနာဂတ် ခေါင်းဆောင်များဖြစ်သလို လတ်တလောကာလတွင်လည်း တိုင်းပြည်၏ အားကောင်းမောင်းသန်လူသား အရင်းအမြစ်များဖြစ်သည်။ ထိုလူသားအရင်းအမြစ်များ မလိုလားအပ်ဘဲ ဆုံးရှုံးရခြင်းသည် တိုင်းပြည်အတွက် ကြီးမားသော နစ်နာမှုပင်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအလှည့်အပြောင်းတွင် အားကောင်း မောင်းသန် လူသားအရင်းအမြစ်များ များစွာဆုံးရှုံးခဲ့ရသည်။
    နိုင်ငံရေးအသိပညာ မကြွယ်သူ၊ စိတ်ဓာတ် ပြင်းပြသူ လူငယ်များကို နိုင်ငံရေးလူဝါးဝကြသူများက ရက်စက်စွာ ချနင်းခြင်းခံခဲ့ရသည်။ ၎င်းတို့၏ နိုင်ငံရေး အာဃာတအရ ဝါဒမှိုင်းတိုက်မှုက တော်လှန်ရေးဟု အမည်သညာ ပေးထားသည့် ၂၀၂၁ ခုနှစ် ကန့်လန့်ကာ အဖွင့်တွင် သိပ်မသိသာခဲ့သော်လည်း အချိန်ကာလ နှစ်ချီကြာမြင့်လာချိန်တွင် ထင်ရှားလာခဲ့သည်။ လူငယ်များ၏ မခံချင်စိတ်ကို အာဏာရမ္မက်တက် သူများက လိုသလို ပုံဖော်ကာ လက်နက်ကိုင်လမ်းစဉ်ကို အစပျိုးပေးခဲ့ပြီးနောက် ၎င်းတို့ကိုယ်တိုင်မှာ ကျည်ကွယ်မျက်ကွယ် တတိယနိုင်ငံများဆီသို့ သွား ရောက်ခဲ့ကြပြီး နောက်ကွယ်က ကြိုးကိုင်စေခိုင်းခဲ့ကြသည်။ လူငယ်ထုကို ကြိုးကိုင်ခြယ်လှယ်သူများ၏ ဝါဒမှိုင်းများမှာ ၂၀၂၀ မဲမသမာမှုကို ဖုံးကွယ်၍ ၎င်းင်းတို့သည်သာ ပြည်သူ့ထောက်ခံမှု အများဆုံး ရသူများဟူ၍ အချက်အလက် အမှားများဖြင့် စည်းရုံးသိမ်းသွင်းခြင်း၊ ၎င်းတို့ အာဏာလက်လွှတ်ရခြင်းကြောင့် လူငယ်ထု အနာဂတ်မဲ့သွားသယောင် ကြွေးကြော်သံများဖြင့် မြှောက့်ပင့်ပေးခြင်း၊ ၎င်းတို့ တတိယနိုင်ငံ ထွက် ပြေးတိမ်းရှောင်ဖို့ အချိန်ရစေရန် ဆန္ဒပြပွဲများကို မြှောက်ထိုးပင့်ကော်စကားလုံးများဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်စေရန် မီးလောင်ရာလေပင့်ပေးခဲ့ခြင်း၊ လူငယ်ထုကို လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့စေပြီး လူငယ်အချို့ ဆုံးရှုံးရ ခြင်းမှာ တပ်မတော်၏ လုပ်ရပ်ကြောင့်ဟု တစ်ဖက်သတ်ဝါဒဖြန့်ခြင်း၊ အနောက်ယိမ်း မီဒီယာစာမျက်နှာများမှတစ်ဆင့် တိုင်းပြည်တွင်း ဆူပူအုံကြွမှုများ ပိုမို ဖြစ်ပေါ်လာစေရန် သတင်းအချက် အလက်အမှား များ ဆက်တိုက်ထုတ်လွှင့်စေကာ လူငယ်ထုကို လမ်းမှားရောက်စေရန် ဆက်တိုက် တွန်းပို့ခဲ့ကြသည်။ ထိုအချိန်တွင် နောက်ကွယ်မှ မြှောက်ပင့်ပေးသူအများစုမှာ အိမ်နီးချင်းနိုင်ငံများမှ တတိယနိုင်ငံများသို့ သွားရောက်ရန် ကြိုးပမ်းနေခြင်း၊ အချို့မှာ တတိယနိုင် ငံများဆီသို့ ရောက်နှင့်နေကြပြီဖြစ်သည်။ ထိုကာလများက တပ်မတော်မှ နိုင်ငံတာဝန်ရယူခဲ့ရခြင်း အခြေခံအကြောင်း တရားများကို တိမ်မြုပ်ပျောက် ကွယ်စေရန် အကြံဖြင့် တိုင်းပြည်မတည်မငြိမ်ဖြစ်စေလိုသော လူတစ်စုက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြသည်။ ပြည်သူများသတင်းမှန်များဖြင့် အဆက်အသွယ်ပြတ်စေရန် ည ၈ နာရီတွင် သံပုံးတီး ဆူညံစေရန် သံပုံးတီးခိုင်းခြင်း၊ အစိုးရတစ်ရပ် ပြုတ်ကျစေနိုင်မည်ဟူသော အတွေးအခေါ်ဖြင့် နိုင်ငံ့ဝန်ထမ်းများကို သစ္စာမဲ့ဝန်ထမ်းများ ဖြစ်စေရန် နည်းမျိုးစုံသုံး ဟန့်တားနှောင့်ယှက်ခဲ့ကြသည်။ သစ္စာမဲ့ဝန် ထမ်းအဖြစ် ဆောင်ရွက်ပါက ထောက်ပံ့ပေးမည့် အစီအစဉ်များရှိကြောင်း၊ သစ္စာမဲ့ဝန်ထမ်းအရေအတွက် များလာပါက အစိုးရယန္တရား ပျက်စီးသွားပြီး အစိုးရရပ်တည်ရေးခက်ခဲသွားမည်ဟု မစားရဝခမန်း ပြော ဆိုကာ  နိုင်ငံ့ဝန်ထမ်းအချို့ကို ဆွဲဆောင်စည်းရုံးခဲ့သည်။ ၎င်းတို့၏ ထိုအချိန်က ပြောကြားခဲ့သော ကတိစကားများ၊ ပြောကြားချက်များက မဟုတ်မမှန်စကားများသာဖြစ်ကြောင်း ယနေ့ နယ်စပ်တစ်နေရာတွင် အတိဒုက္ခပေါင်းစုံကြုံတွေ့ နေရသော သစ္စာမဲ့ဝန်ထမ်းများက သက်သေပင်ဖြစ်သည်။အာဏာရမ္မက် တက်ခဲ့သော လူတစ်စု၏ ဖန်တီးခဲ့သော အကျိုးဆက်သက်ရောက်မှုက တိုင်းပြည်၏ လူ့စွမ်းအား အရင်း အမြစ်ဖြစ်သော လူငယ်များအပေါ် အကျိုးသက် ရောက်မှုများခဲ့သည်။ လူငယ်များကို တိုင်းရင်းသားလက် နက်ကိုင် နယ်မြေများသို့ အရောက်ပို့ခဲ့ရာမှ စတင်ခဲ့သည်။ တိုင်းပြည်အရေး အလှုပ်အခတ်ကို အခွင့်ကောင်းစောင့်နေသော တိုင်းရင်းသား လက်နက် ကိုင်များကလည်း လူငယ်ထုကို အသုံးချရန် ကြိုတင်စီမံခဲ့ကြသည်။ ထိုကာလက လူငယ်အများစုအနေဖြင့် နိုင်ငံရေးလုပ်စားကြသူများနှင့် လက်နက်ကိုင် ကိုယ်ကျိုးစီးပွားရှာကြသူများ၏ ရှေ့ခြေလှမ်းများကို ကြိုမမြင်ခဲ့ကြဘဲ တော်လှန်ရေးဟူသော ဝါဒမှိုင်းများဖြင့်သာ မိုက်ရူးရဲဆန်ခဲ့ကြသည်။ ယနေ့ဆိုလျှင် အချိန်အတိုင်းအတာတစ်ခု ရောက်ရှိလာခဲ့ပြီဖြစ်သည်။ လက်နက်ကိုင် အကြမ်းဖက်ဝါဒများကြောင့် လူငယ်များ အသက်၊ ခန္ဓာ၊ ဘဝများ အကျိုးမဲ့ ဆုံးရှုံးနေရပြီဖြစ်သည်။ အချို့လူငယ်များကလည်း လက်နက်ကိုင်လမ်းစဉ်ကို မလိုက်သော်လည်း ဝါဒမှိုင်းများ ကြောင့် အနာဂတ်မရေရာမှုကို ကြုံတွေ့နေကြသည်ကို တွေ့မြင်ရသည်။ ဤနေရာတွင် စာရေးသူနှင့် ပြင်ပတွင်ရော၊ လူမှုကွန်ရက်တွင်ပါ ရင်းနှီးသည့် လူငယ်တစ်ယောက် အကြောင်း ထည့်သွင်းပြောကြား လိုသည်။ ထိုလူငယ်လေးကို ၂၀၂၃ ခုနှစ်လောက်ကအထိ ပြည်တွင်း၌ မကြာခဏတွေ့မြင်ရသည်။ ယင်းနောက်ပိုင်း ထိုလူငယ်လေးနဲ့ မဆုံဖြစ်ကြတော့ချေ။
    မကြာသေးမီလပိုင်းက လူမှုကွန်ရက်ပေါ်တွင် အမေရိကန်တပ်ဖွဲ့၏ ယူနီဖောင်းနှင့် မြင်တွေ့ရသဖြင့် အံ့သြမှင်တက်သွားပြီး လူမှုကွန်ရက်မှတစ်ဆင့် နှုတ်ဆက်စကား သွားပြောခဲ့သည်။ အမေရိကန် နိုင်ငံသို့ မိဘဆွေမျိုးညီအစ်ကိုများကိုခွဲခွာပြီး ရောက်သွားရသည့် အကြောင်းအရင်းက ပြည်တွင်း၌ ကျင့်သုံးနေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ရှောင်ရှားလိုခြင်းကြောင့်ဟု ဆိုသည်။ ပြည်သူ့စစ်မှုထမ်း နှင့်ပတ်သက်၍ လူမှုကွန် ရက်မှ သတင်းမှားများကိုဖတ်ရှုပြီး အမေရိကားကိုရောက်ဖို့ ကြိုးပမ်းခဲ့ကြောင်း ပြောပြသည်။ အမေရိကားရောက်ပြီး Green Card  ဖြင့်နေထိုင်ကာ နိုင်ငံသားရရေးအတွက် အမေရိကန်တပ်ထဲသို့ ဝင်ရကြောင်း၊ ခြောက်လတာသင် တန်းတက်ရမည်ဖြစ်ပြီး သင်တန်းပြီးပါက နိုင်ငံသားဖြစ်ရေး မရေရာသော်လည်း သုံးနှစ် တာဝန်ထမ်းဆောင်ရမည်ဟု ပြောပြသည်။ ထပ်မံ၍ အမေရိကန်အစိုးရ၏ ပေါ်လစီအရ နိုင်ငံသားဖြစ်ခွင့်က ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေကြောင်း၊ သင်တန်းကာလ ပင်ပန်းဆင်းရဲကြောင်း၊ ကိုယ့်တိုင်းပြည်နှင့်မိသားစုကို သတိရကြောင်း၊ အထင်ကြီးမိသော အမေရိကား နိုင်ငံသားဖြစ်ခွင့်က မလွယ်ကူကြောင်း၊ ကိုယ့်တိုင်းပြည်ကာကွယ်ရေးကို တိမ်းရှောင်မိပြီး ပြည်ပနိုင်ငံသားဖြစ်ရေး စစ်မှု ထမ်းရခြင်းကို ရှက်မိကြောင်း ပြောပြသည်။ ထိုလူငယ်၏အဖြစ်က 'ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး'ဆိုသည့်စကားပုံနှင့် ခိုင်းနှိုင်းရမည် ဖြစ်သည်။ တော်လှန်ရေးဝါဒမှိုင်းများကြောင့် ပြည်ပနိုင်ငံ အသီးသီးတွင် အနာဂတ်မရေရာသော လူငယ်ထုများရှိနေသလို၊ တိုင်း ရင်းသား လက်နက်ကိုင်တို့၏ နယ်မြေကျူးကျော်မှု စစ်ပွဲများအတွင်း အသက်ခန္ဓာ အကျိုးမဲ့ပေးဆပ်ရသူများ၊ အသက်မဆုံးရှုံးသော်လည်း ခန္ဓာ ကိုယ်ချို့ယွင်းကာ လူတောမတိုးသည့်လူငယ်များ၊ အကြမ်းဖက်မှုကို အရသာတွေ့ကာ အမှောင်ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနေသော လူငယ်များက တိုင်းပြည်၏ ဆုံးရှုံးနေသော လူသားအရင်းအမြစ်များ ဖြစ်နေသည်။ ယခုချိန်ဆိုလျှင် လူငယ်များ သွေးအေးအေးဖြင့် ဘဝခရီး ဆက်ရန် တွေးတောနေပြီဟု ယူဆမိပြီး အသုံးချခံဘ၀များ ရောက်နေကြောင်းကိုလည်း နားလည်သဘောပေါက် လက်ခံရန် လိုအပ်နေပြီ ဖြစ် သည်။ ယခုထက် အချိန်မနှောင်းခင်လမ်းမှန်ကို ရွေးချယ်ရန် လိုအပ်နေပြီ ဖြစ်သည်။ လူငယ်များအပေါ် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က နားလည်မှု ကောင်းစွာပေးထားပြီး အမှောင်ထဲမှ ရုန်းထွက်လိုပါက လက်ခံမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ ဒီဇင်ဘာ ၄ ရက်က ကျင်းပခဲ့သော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲ အခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းတွင် လူငယ်များနှင့်ပတ်သက်၍ ထည့်သွင်းပြော ဆိုမှုက နိုင်ငံတော်အကြီးအကဲတစ်ဦးအနေဖြင့် နားလည်ခွင့်လွှတ်မှုများ ပါဝင်နေသည်။ လူငယ်ချင်းတူ သော်လည်း တပ်မတော် အရာရှိငယ်တစ်ဦးအဖြစ် ရာထူး၊ လစာ၊ ပေးအပ်တာဝန်များနှင့်အတူ နိုင်ငံ့တာ ဝန်ထမ်းဆောင်တော့မည့် အရာရှိလူငယ်များကို တွေ့ဆုံချိန်တွင် လမ်းမှားရောက်နေသော လူငယ်များကို လည်း လမ်းမှန်ရောက်စေရန် တိုက်တွန်းခဲ့သည်။ "၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဆိုးရွားစွာ ပြုလုပ်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် တပ်မတော်က အမျိုးသားနိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ရချိန်မှာ အကြမ်း ဖက် NUG? CRPH အဖွဲ့တွေက တပ်မတော်အနေနဲ့ ဒီမိုကရေစီနောက်ပြန်ဆွဲလုပ် ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်တွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေနဲ့အတူ အကြမ်းဖက် လက်နက်ကိုင် လမ်းစဉ်ဆီ တွန်းပို့ခဲ့ကြတယ်။ လက်နက်ကိုင်လမ်းစဉ်တွေကြောင့် မျှော်မှန်းတည်ဆောက်နေတဲ့ ပြည် ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်။ ဒီလိုလက်နက်ကိုင်လမ်း စဉ်နဲ့ ဖြေရှင်းတဲ့ ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ မည်သည့်ရလဒ်မျှ မထွက်ခဲ့တာကို သင်ခန်းစာယူဖို့လိုသလို ဒီမိုကရေစီ နောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင်လမ်းစဉ်ကြောင့် ဖြစ်တယ်ဆိုတာ အမှန်အတိုင်းရှုမြင်ဖို့ အချိန်ကျနေပြီဖြစ်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာဖို့ နိုင်ငံတော်က ကြိုဆိုဖိတ်ခေါ်ထား ပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားလိုတယ်"ဟု သင်တန်းဆင်းမိန့်ခွန်းတွင် ထည့်သွင်းပြော ကြားခဲ့ သည်။ မကြာမီရက်ပိုင်းအတွင်း၌ပင် နိုင်ငံ၏အပြောင်းအလဲတစ်ရပ်ကို မျက်ဝါးထင်ထင် တွေ့မြင်ရ တော့မည်ဖြစ်သည်။ ပါတီစုံအထွေထွေရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းတော့မည် ဖြစ်သည်။ နိုင်ငံအပြောင်း အလဲနှင့်အတူ ကျရှုံးသွားတော့မည့် ပြည်ဖျက်လိုသော လူတစ်စုက လတ်တလောတွင် သွေးရူးသွေးတန်းစကားများဖြင့် ရွေးကောက်ပွဲကို မလို လားကြောင်း ၎င်းတို့ မဲမသမာမှုပြုခဲ့သည့် ရွေးကောက်ပွဲရလဒ်သည်သာ ပြည်သူ့ဆန္ဒဟု ကြွေးကြော် နေကြသည်။ ထိုပြောကြားချက်များက ရွေးကောက်ပွဲ ကျင်းပပြီးစီးမည့် လပိုင်းအတွင်း ပျောက်ကွယ်သွားတော့မည့် စကားများဖြစ်သည်။ ၎င်းတို့၏ ပြည်ပလူနေမှုဘ၀ သာယာရေးအတွက် လူငယ်ထုကို နောက် ဆုံးအချိန်ထိ ချနင်းရေးအတွက် အရှက်တရားကင်းမဲ့စွာ မြှောက်ပင့်ပေးနေဆဲ ဖြစ်သည်။ ထို့ကြောင့် အမှောင်ထုတွင်းက လူငယ်များအနေဖြင့် အရှိတရားကို လက်ခံရပေလိမ့်မည်။ နိုင်ငံတော်အကြီးအကဲ ပြောကြားထားသလို ရည်မှန်းချက်တူပါက ပြည်ထောင်စုအကျိုးကို ရှေးရှုနိုင်ရမည်ဖြစ်သည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတစ်ရပ်အား ကောင်းမောင်းသန် ပေါ်ပေါက်လာရေး အတွက် နိုင်ငံ၏  လူစွမ်းအားအရင်းအမြစ်များ ယခုထက် ပိုမဆုံးရှုံးစေချင်သည်က ဆန္ဒမှန်ပင်ဖြစ်သည်။
    ယခုဆိုလျှင် PDF လူငယ်အများအပြား ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း သတင်းများကိုလည်း ကြားသိနေရသည်။ ဝါဒမှိုင်းများကြောင့် လမ်းမှားရောက်ခဲ့ကြသူများ၊ ပြည်ပနိုင်ငံအသီးသီး တွင် အတိဒုက္ခကြုံနေရသော လူငယ်ထု၏ အမှားပြင်ဆင်ချက်က တိုင်းပြည်အနာဂတ်အတွက် အင်အားသစ်များ ဖြစ်လာနိုင်မည်သာဖြစ်သည်။

(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ် ( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

 

Total Views ~ 24

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58923

© 2022 - 2025 News. All Rights Reserved.