လေယာဉ်ဆီတွေ ကုန်ပြီလားဟေ့….

၂၀၂၄ ဇူလိုင် ၁၂

    ထူးမြတ်တို့နိုင်ငံက လက်နက်ကိုင်အဖွဲ့တွေ စစ်တိုက်ရတာ တော်တော်သဘောကျပုံရသည်။ တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်အကြိမ်ကြိမ်နဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်နေတုန်းကလည်း ငြိမ်းချမ်းရေးထက် သေနတ်လေးတပြင်ပြင်နဲ့ စစ်တိုက်ချင်နေကြသည်။ ဟော တကယ်တမ်း စစ်တွေတိုက်ကြ မယ်ဆိုတော့ မြို့တွေကို စစ်တလင်းဖြစ်အောင် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲကြလေတော့သည်။ မြို့သိမ်းဆိုတော့ ဒေသခံပြည်သူတွေကို ငဲ့ရကွက်ရနဲ့ တပ်မတော်က ထင်သလောက် မလုပ်နိုင်ပေ။ လူနေရပ်ကွက်ထဲကျမှာ စိုးရိမ်ရ၊ မလိုရင်မလိုသလို အနောက် နိုင်ငံတွေက ထုတ်ထုတ်ပြောတဲ့ ဂျနီဗာကွန်ဗင်းရှင်းဆိုတာကြီးကို မဖတ်ဖူး၊ မမြင်ဖူးတဲ့ နိုင်ငံရေးသမားအချို့က ထထအော်မှာလည်း စိုးရိမ်ရပြန် သည်။ ဒီတော့ စစ်တိုက်တယ်ဆိုတာ တိုက်ချင်သလို တိုက်မရဘူးလို့ဘဲ ထူးမြတ်တို့လို လူပြိန်းတွေ နားလည်ရပြန်သည်။ ဒီတော့လည်း ဟိုမြို့တွေ သိမ်းပြီဆိုရင် ငါတို့နိုင်တော့မှာ၊ ဒီမြို့တွေ သိမ်းပြီဆိုရင် ငါတို့နိုင်တော့မှာ ဆိုပြီး ထထအော်ရတာ သုံးနှစ်ကျော်၊ လေးနှစ်နီးပါး ရှိ လာပြီဖြစ်သည်။ ဒီကြားထဲ မြို့တွေကို သိမ်းလိုက်၊ တပ်မတော်က ပြန်သိမ်းလိုက်နဲ့ အီလည်လည်တော်လှန်ရေးကြီးက ရွာဘုရားရွှေချဖို့ အလှူခံလိုက် ဂေါပကချမ်းသာလိုက် ဆိုသလိုဖြစ်နေတော့သည်။ 
    စစ်တိုက်သည်ဆိုခြင်းက ကိုယ်ကနိုင်မှသာ ကောင်းသည်ဟူသော ကင်းဝန်မင်းကြီးစကားကြားတိုင်း အမေရိကား၊ သြဇီ၊ မဲဆောက်ကနေ စစ်ပြင်နေတဲ့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဦးဆောင်ပြီး မြို့တွေသိမ်းဖို့ စစ်ကြောင်းကြီးတွေ ခွဲမဝင်လာသေးတာ မနိုင်သေးဘူး ထင်နေတာကြောင့် ဖြစ်မည်ထင်သည်။ ဒါကြောင့်လည်း ပြည်တွင်းမှာ အီအီတွေ ရခိုင်ကို ပတ်မွှေနေရင်လည်း အမေရိကားလောက်ကနေ ငါတို့ အီအီကွဆိုပြီး ညာသံပေးကြသည်။ ရှမ်းမြောက်မှာ ၁၀၂၇ ဆိုပြန်တော့လည်း ငါတို့ တင်နီလာအေးကွ၊ ငါတို့ ပဒက်တွေကွဆိုပြီး ညာသံပေး၊ မြှောက်ပေးနေကြတာ ဖြစ်မည်ထင်သည်။ ခေါင်းဆောင်ကြီးတွေကတော့ ပြည်ပမှာ သာသာယာယာ စစ်ပြင်နေပြီး ဖေ့စ်ဘုတ်မှာ စစ်ဗျူဟာတွေခင်း၊ စစ်ချီတေး စစ်သည်တွေနဲ့ မြှောက်ပင့် ပေးနေသော်လည်း အောက်ခြေမှာ တော်တော် မာလကီးယားနေကြသည်။ ဒီတော့ ခေါင်းဆောင်ကြီးတွေ ဒီအတိုင်း ကြည့်နေကြမည် ထင်သလား၊ ခေါင်းဆောင်ကြီးတွေသေချာသုံးသပ်ပြီး အဖြေထုတ်လိုက်သည်က တပ်မတော်ကို လေယာဉ်ဆီတွေ မရောင်းဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။ 
    စစ်တိုက်ရင် လေယာဉ်မသုံးကြေးဆိုတာက မည်သည့်ပညာရှိတွေ ဖွလိုက်သည်မသိ မြန်မာပြည်မှာ စစ်ဖြစ်တိုင်း ပြည်ပမီဒီယာတွေက အော်ကြဟစ်ကြပေးတာက လေယာဉ်သုံးပြီး ဗုံးကြဲနေပါတယ်၊ လေယာဉ်  တွေသုံးပြီး ဆော်ပလော်တီးနေပါတယ်ဆိုပြီး တွင်တွင် ရေးကြသည်။ တချို့လည်း ငါတို့နိုင်တော့မှာ လေယာဉ်မသုံးကြေးဆိုတာမျိုး ထအော်ကြလေသည်။ မြန်မာ့နိုင်ငံရေးသမိုင်းကလည်း ပြန်ကြည့်ရင် ယနေ့ချိန်ထိ တပ်မတော်ကို ဆော်ပလော်တီး ကလော်တုတ်နေရင် အလိုလိုနေရင်း နိုင်ငံရေးသမားဖြစ်ကာ နိုင်ငံရေးလုပ်တာပဲဖြစ်သည်။ နွေဦးကာလမြူမထခင် အိတ်ပူးဆိုသည့် ကာလကတည်းက နိုင်ငံရေးသမားတွေက ထစ်ခနဲရှိရင် တပ်မတော်ကို အရေးယူပိတ်ဆို့ဖို့၊ စစ်လက်နက်တွေ မရောင်းဖို့ ကမ္ဘာသိအောင် အော်ဟစ်လာခဲ့ကြတာ ယနေ့ချိန်ထိဖြစ်သည်။ နိုင်ငံတကာကလည်း နိုင်ငံတစ် နိုင်ငံရဲ့ တပ်မတော်ကို မိတ်ဝတ်မပျက် ဆက်ဆံရေးကရှိပြန်တော့ ပိုနေမြဲကျား နေမြဲသာနေကြသည်။ ဒီတော့ အော်တဲ့သူတွေသာ မောကုန်ကြပြီး ရွှေဘက ရွှေဘပဲဆိုပြီး ဖြစ်ကုန်ကြသည်။
    အခုလည်းကြည့်လေ နွေဦးကာလမြူထကတည်းက တပ်မတော်ကို အရေးယူဖို့၊ ပိတ်ဆို့ဖို့ အော်ကြ ဟစ်ကြ၊ UN တပ်တွေလာနေပြီ၊ R2P ဝင်တော့မှာ ခဏလောက် တောင်ခံထားကြဆိုပြီး UN တပ်တွေဝင်လာရင် ကြိုဖို့ အကြိုထောက်ဖို့လိုက်သွားသည့် တော်လှန်ရေး ခေါင်းဆောင်ကြီးတွေသာ အမေရိကားသာရောက်သွားတာ UN တပ်ဆိုတာ ဖြူသလား၊ မည်းသလားဆိုတာ ယနေ့ထိ မသိရတာ ဖြစ်သည်။ ဒီတော့ မထူးပါဘူးကွာဆိုပြီး ခေါင်းဆောင်ကြီးတွေ ပြည်ပကမြှောက်ပေး၊ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း နယ်မြေလုကြရင်း တိုက်ပွဲတွေက ဖြစ်တော့သည်။ ဒီတော့ ခေါင်းဆောင် ကြီးတွေရဲ့ လက်အောက်ခံ ပဒက်လေးတွေမှာ တိုက်ပွဲရဲ့ တပ်တော်ဦးကနေ လိုက်တိုက်လိုက်ကြတာ မြဝတီတိုက်ပွဲမှာ အတော်များများ ဘဝခြားကုန်လေတော့သည်။ ခေါင်းဆောင်ကြီးတွေကတော့ နယ်မြေတွေတော်တော် များများသိမ်းလိုက်ပြီဟု အော်နေလေတော့ သည်။ ဖေ့စ်ဘုတ်ပေါ်မှာ မြို့ထဲရွာထဲဝင်လာရင် ထမင်းပူပူ၊ ဟင်းပူပူ ချက်ထားမယ် လာခဲ့ကြနော်ဆိုတဲ့ လူတစ်စုလည်း တိုက်ပွဲတွေဖြစ်နေတော့ မနည်းအသက်လုပြေးနေရတော့ ကိုယ်တိုင်တောင် ထမင်း ငတ်နေရရှာသည်။ ဤမျှလောက် အရှိန်အဟုန် ကောင်းနေသော တော်လှန်ရေး ကြီးပင်ဖြစ်သည်။ 
    တော်လှန်ရေးအကြောင်း ပြောနေရင်းလေယာဉ်ဆီကိစ္စ စကားစပြတ်သွားသည်။ ဟိုအရင်ကတည်းက တပ်မတော်ကို လက်နက်တွေမရောင်းဖို့ ဘာညာ အော်ဟစ်ကြရင်း အခုအစိုးရလက်ထက် ပူပူနွေးနွေးလေး တင်တပ်မတော်က ရေငုပ်သင်္ဘောကြီးတွေ ဝယ်လိုက်ကာ တပ်တော်ဝင်လိုက်လေသည်။ ဒါတင်မကသေး တိုက်လေယာဉ်တွေကလည်း တပ်တော်ဝင်လိုက်တော့ နိုင်ငံတကာက တော်လှန်ရေးခေါင်းဆောင်ကြီးတွေ စကားနားမထောင်တာ သိသာပြန်သည်။ ဒီတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ စိတ်ကောက်ပြီး ငှက်ကင်ဖို့ ငှက်ကင်စက်ဝယ်မယ်ဆိုပြီး အလှူလိုက်ခံ လိုက်တာ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ယနေ့ထိအစ ရှာမရတော့သလို ငှက်ကင်စက်ကြီး အစအနပျောက်သွားပြီး လက်ဗလာနဲ့ အမေရိကန်ရောက် သုံးနှစ်အတွင်း အိုးပိုင်အိမ်ပိုင်၊ စတိုး ဆိုင်ပိုင်သည့် ကမ္ဘာ့အလှူခံနိုင်ဆုံး ပုဂ္ဂိုလ်ကြီးတစ်ဦးသာ အဖတ်တင်နေလေတော့သည်။ 
    အခုလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေ နိုင်ငံတကာကို တောင်းဆိုကြပြန်သည်။ တောင်းဆိုသည်က တပ်မတော်ကို လေယာဉ်ဆီ မရောင်းရေးပင် ဖြစ်သည်။ တောင်းဆိုမှုက အောင် မြင်သည်ဟုဆိုရမည် ဖြစ်သည်။ ဖေ့စ်ဘုတ်ပေါ်မှာ တပ်မတော်မှာ လေယာဉ်ဆီတွေ မရှိတော့ဘူးဆိုသည့် သတင်းကနေ့ချင်းညချင်း ပျံ့သွားလေတော့သည်။ လေယာဉ်ဆီမရှိမှတော့ လေယာဉ်တွေ မပျံနိုင်ဘူးဆိုပြီး တပ်မတော်စခန်းနား တွေကို လက်နက်ကိုင်တွေ၊ တော်လှန်ရေး ဘက်တော်သားတွေ ရဲရဲတင်းတင်း ကပ်ကုန်ကြသည်။ လေယာဉ်မရှိရင် ငါတို့နိုင်တော့မှာဆိုပြီး ဖြစ်ကုန်သည်။ ပြည်ပသတင်းဌာနကြီးတွေကလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေ နိုင်ငံတကာကို ပြောလိုက်တာ အခုလေယာဉ်ဆီတွေ ပြတ်ကုန်ပြီဟေ့ဆိုပြီး ထပ်မြှောက်ပေးလိုက် ပြန်သည်။ ဒီတော့ တိုက်ပွဲတွေ ပြင်ကြလေတော့သည်။သို့သော်လည်း ဝေါခနဲ တပ်မတော်လေယာဉ်ကြီးတွေ မည်သို့ ရောက်လာသည်မသိပြန်တော့ ခွေးပြေးဝက်ပြေး ပြေးရပြန်လေသည်။ ဒီတော့မှ ထူးမြတ်တို့လည်း စုံစမ်းရပြန်လေသည်။ လေယာဉ်ဆီတွေမရှိဘူးဆို အခုဘာလို့ လေယာဉ်ပျံတွေ ဝဲနေတာလဲဆို ပြီး ခေတ်သစ်တို့စုံစမ်း ရေးသတင်းရေးသလို တပ့်တွင်း သတင်းအရင်းအမြစ် တွေကို စုံစမ်းတော့မှ သိရလေတော့သည်။ ဒီတော့မှ  တော်လှန်ရေးခေါင်းဆောင်ကြီးတွေကို ဖရဲသီးစိတ် ကလေးမောင်ထူး မြတ်သိသမျှ ဤနေရာကဝေမျှလိုသည်။တပ်တွင်း သတင်းအရင်းအမြစ်အရ အခုသုံးနေတဲ့ လေယာဉ်တွေက ဆီဖြည့်စရာမလိုသည့် EV တိုက်လေယာဉ်တွေဟု သိရသည်။ ဒါကြောင့်လည်း လေယာဉ်ဆီမရှိတာတောင် ကောင်းကင်မှာ ပျံနိုင်တာဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေများ နိုင်ငံတကာကို  တောင်းဆိုစေလိုသည်။ တပ်မတော်ကို EV လေယာဉ်တွေ မရောင်းပေးဖို့ ဖြစ်သည်။ ( ထူးမြတ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

facebook Page

X(Twitter) Channel

Viber Channel

Telegram Channel

Youtube Channel

Tiktok Channel

 

Total Views ~ 425

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42983

© 2022 - 2025 News. All Rights Reserved.