၂၀၂၄ ဇူလိုင် ၁၉
ခုတလော တိုက်ပွဲသတင်းတွေကလည်း ခပ်စိတ်စိတ် ကြားနေရသည်။ စစ်ပွဲဆိုတာကို ရုပ်ရှင်တွေထဲမှာသာ မြင်ဖူးကြပြီး နဖူးတွေ့ဒူးတွေ့ဆိုတာ အားလုံးက ကြောက်ကြသည်။ ရှမ်းမြောက်လားရှိုးမှာတော့ အိမ်ပေါ်ကျရင် တပ်ကပစ်တာ၊ တပ်ကိုကျရင် တင်နီလာအေးတို့ ပစ်တာဆိုသည့် ထူးဆန်း သော ဗုံးကြီးများကြောင့် ပြည်သူအချို့တိုက်ပွဲများကြောင့် သေဆုံးရသည့်သတင်းများကို စိတ်မကောင်းဖွယ် တွေ့မြင်နေရသည်။ စစ်ဆိုတာက ရုပ်ရှင်ထဲကလို ကွန်ပျူတာအဖက်တွေနဲ့မဟုတ်ဘဲ ကျည်အစစ်တွေနဲ့ ပစ်တာဆိုတော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ပြည်သူတွေနိုင်တာသယ်၊ နီးစပ်ရာမြို့တွေ ပြေးရသည်။ ပြေးတဲ့အထဲ ထူးမြတ်မိတ်ဆွေတစ် ယောက်တောင် ပါသေးသည်။ နွေဦးကာလ ဖုန်ထတုန်းကတော့ မြို့ထဲရွာထဲ ပဒက်လေးတွေဝင်လာရင် ထမင်းပူပူ၊ ဟင်းပူပူလေး ချက်ထားမယ်ဆိုတဲ့ ပိုစ့်ကို ဖေ့စ်ဘုတ်ပေါ်တင်ဖူးတော့ ကျုပ်မိတ်ဆွေကြီး ဘာများချက်လဲ သွားမေးရသေးသည်။ သူတောင် ထမင်းမစားရတာ သုံးရက်ရှိပြီဟု ဆိုသည်။ စစ်ဖြစ်နေပါတယ်ဆို ထမင်းထိုင် ချက်နေရင် ရှော့ခ်တိုက်ဒုံးစာ မိသွားနိုင်သည်။ ဒီတော့လည်း တောထဲက ကလေးတွေ၊ မြို့ပေါ်လာရင် ထမင်းပူပူ၊ ဟင်းပူပူ လေးချက်ထားမယ်လို့ ပြောတဲ့သူတွေ အကုန်ပြေးကုန် ကြပြီဖြစ်သည်။ တောထဲက ကလေးတွေ ကတော့ တာဝန်ကျေရှာသည်။ ထမင်းဟင်း ပူပူလေးတွေများ ချက်ထားမလားဆိုပြီး အိမ်တံခါးတွေ သော့ရိုက်ဖွင့်ကာ ရှိတာလေးတွေ ယူသွားကြလေတော့သည်။
မြို့ရွာတွေထဲ စစ်ဖြစ်တော့ ရရာလေးယူကာ ပြေးကြတော့သည်။ လားရှိုးကနေ တောင်ကြီးရောက်ဖို့ ပြည်သူမှ ပြည်သူသို့ဆိုကာ ကားခတစ်ယောက် သုံးသိန်းကနေ ငါးသိန်းထိယူကာ ပို့ဆောင်ပေးကြရင်း စစ်တွင်းမှာ ကားသမားတွေ သူဌေးဖြစ်ကုန်ကြသည်။ ခုလို မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်းလေးတွေ တွေ့ရတော့ ကြည်နူးမျက်ရည်ကျမိသေးသည်။ စစ်ရှောင်ရင်း တခြားမြို့ရွာတွေရောက်တော့လည်း အိမ်ရှင်တွေကလည်း "ငါတို့မှာ ငါတို့ပဲရှိတယ်"ဆိုပြီး အိမ်ငှားခတွေ ဈေးတင်လိုက် ကြပြန်တော့ စစ်ဘေးရှောင်မိအေးတို့ခမျာ နှစ်ခါ၊ သုံးခါနာရပြန်လေသည်။ တချို့ကလည်း ငါတို့မြို့က စစ်ဘေးရှောင်လို့ မင်းတို့မြို့ကိုရောက်တာ မင်းတို့လုပ်ကြ ပေါ့ကွာ၊ မင်းတို့မြို့မှာ စစ်ဖြစ်တဲ့အခါ တွေ့ကြသေးတာ ပေါ့ဟုဆိုကာ ကြိမ်းဝါးကြပြန်သည်။ ဒီလို ပြည်သူတွေ ညီညီညွတ်ညွတ် မြင်ရတော့ အရမ်းအားတက်မိပြန်သည်။
အခုတလော ဘဏ်တွေ လှုပ်တုတ်တုတ်ဖြစ်နေ တယ်ဟုဆိုကာ ငွေတွေထုတ်ထားဖို့ ပြည်ပက တော်လှန်ရေးခေါင်းဆောင်မကြီးတွေက နှိုးဆော်ထားကြပြန်သည်။ ခေါင်းဆောင်မကြီးတွေက ပြည်ပမှာ တော်လှန်ရေးအတွက် ကြိုးပမ်းနေရသည့်ကြားက မြန်မာပြည်ကို စိတ်မချဖြစ်နေသည်။ ပြည်သူတွေပိုက်ဆံတွေ ထုတ်ထားကြဆိုပြီး ပြည်ပကနေ ဖေးလို့မလို့ မအေလို၊ နှမလို စိတ်ပူပေးကြပြန်သည်။ ဘဏ်တွေကတော့ သူ့အလုပ်သူ လုပ်နေကြသည်။ ပြည်သူတွေကတော့ တော်လှန်ရေးခေတ် ဦး ကြွေးကြော်သံတွေအတိုင်း "ကျွန်တော်တို့က ပြည် သူတွေပါ၊ ပြည်သူတွေမှာ အနာဂတ်ရှိတယ်၊ ငါတို့မှာ ငါတို့ပဲရှိတယ်"ဆိုကာ ငွေတွေကို ရာခိုင်နှုန်းတွေနဲ့ ထုတ်ပေးပြီး ရာခိုင်နှုန်းစားကာ တချို့တွေ ကြီးပွားကုန်ကြလေတော့သည်။ ဤမျှလောက် ပြည်သူတွေ တစ်ယောက်နဲ့တစ်ယောက် ရာခိုင်နှုန်းတွေယူကာ ဖေးမကြတာ မြင်ရပြန်တော့ ဝမ်းသာမျက်ရည်လေးပင် ကျမိပြန်သည်။
တချို့တွေကလည်း ကောလာဟလတွေကြောင့် ပုဂ္ဂလိကဘဏ်တွေက ငွေတွေထုတ်ပြီး အစိုးရ ဘဏ်တွေဆီ ပြေးအပ်ကြပြန်သည်။ ဤနေရာတွင် ပြည်သူတွေ စိတ်ချရသည့် ဘဏ်ကို မေ့နေပုံရသည်။ အမေရိကန် နိုင်ငံမှာ အခြေစိုက်သည့် နွေဦးဘဏ်လေးကို မေ့နေကြ ပုံရသည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေကိုယ်တိုင် တည်ထောင်ထားသည့် ဘဏ်မှာ ငွေတွေသွားအပ်ထား ကြဖို့ တိုက်တွန်းလိုသည်။ နုကြည် Pay ဆိုတာလေးကလည်းရှိတော့ စိတ်ပူစရာတော့မလိုပေ။ အမေရိကားလို နိုင်ငံကြီးမှာ အခြေစိုက်တာဆိုတော့ ပြည်တွင်းမှာလို တိုးဝှေ့ပြီး ငွေထုတ်စရာမလိုသလို ပြည်တွင်းက ငွေထုတ်ပေးတဲ့ဆိုင်တွေမှာလည်း နုကြည်ဏပေ ဆိုတာမရှိသလို ရာခိုင်နှုန်းနဲ့ ထုတ်ပေးမယ့်လူ မရှိတာကြောင့် ကိုယ့်ငွေနဲ့ကိုယ် စိတ်ဆင်းရဲစရာမလိုပေ။ တော်လှန်ရေးပြီးရင်တော့ ငွေတွေ ပြန်ထုတ်လို့ ရနိုင်သည်။ တော်လှန်ရေးကတော့ ဘယ်တော့ပြီးမလဲလို့မေးရင်တော့ ခေါင်းဆောင်ကြီးတွေ ပြန်လာရင်ပြီးပြီဟု ယူဆနိုင်သည်။
ခေါင်းဆောင်ကြီးတွေကလည်း တော်လှန်ရေးအောင်ဖို့ ကြိုးပမ်းလာလိုက်တာ တစ်လှိုင်းပြီး တစ်လှိုင်းလာရကာ ခုရက်ပိုင်းမှာတော့ နောက်ဆုံးလှိုင်း အိမ်ပြန်မယ့်လှိုင်းဆိုပြီး ဟစ်ကြွေးပြန်လေတော့သည်။ ခေါင်းဆောင်ကြီးတွေ လှိုင်းစီးတာများပြီး မူးမှာတောင် စိုးရိမ် ရသည်။ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေမှာ တော်လှန်ရေးအောင်မြင်ဖို့ တစ်ယောက်တစ်မျိုးစီတော့ ကြိုးစားကြသည်။ တစ် ယောက်ကလည်း တွဲတိုင်းမှာ စက်ခေါင်းပါတယ်ဆိုပြီး စက်ခေါင်းအပြည့်နဲ့ ရထားကြီး မောင်းသွား လိုက်တာ ဘယ်ရောက်နေမှန်းမသိချေ။ တစ်ယောက်ကလည်း နိုင်မြင်းကြီးကိုစီးကာ တိုက်ပွဲဝင်နေတာ ခုတလော ပျောက်နေသည်။ တစ်ယောက်ကတော့ လှိုင်းစီးကာ တိုက်ပွဲဝင်နေပြန်သည်။ အခု တစ်ကြိမ်မှာတော့ တောထဲက ကလေးတွေ လက်ကလေးတွေကို လှိုင်းပုံသဏ္ဌာန်လုပ်ကာ အုပ်စုလိုက်ကြီး "နောက်ဆုံးလှိုင်း၊ အိမ်ပြန်မယ့်လှိုင်း"ဆိုပြီး ဟစ်ကြွေးကြသည့် ဗီဒီယိုဖိုင်လေးတွေ့မိသည်။ ထိုဗီဒီယိုဖိုင်ကို အမေရိကားက ဆရာကြီးက ဖေ့စ်ဘုတ်ပေါ်တွင်ရှဲလ်ကာ နောက်ဆုံးလှိုင်း၊ အိမ်ပြန်မယ့်လှိုင်းဟု ထပ်မံတပ်လှန့်ကာ မီးစထိုးပေး လိုက်သည်။
ဟိုတလောက မဲဆောက်က ခေါင်းဆောင် ပေါက်စလေးတွေ အုပ်စုလိုက်ကြီး လေယာဉ်ပေါ် တက်ကာ အိမ်ပြန်သွားကြလေသည်။ မြန်မာပြည်က သူတို့ အိမ်တွေ ချိတ်ပိတ်ခံထားရတာကြောင့် သြဇီတို့၊ နော်ဝေတို့၊ အမေရိကားတို့က တတိယအိမ်တွေ ပြန်ကြတာဟုဆိုသည်။ ဒီလိုဆိုရင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေနဲ့ တောထဲက ကလေးတွေကြား နားလည်မှုလွဲမှာစိုး ရိမ်မိသည်။ "နောက်ဆုံးလှိုင်း အိမ်ပြန်မယ့်လှိုင်း"ဆိုပြီး ခေါင်းဆောင်ကြီးတွေက တတိယနိုင်ငံမှာရှိတဲ့ အိမ်အသီး သီးကို ပြန်နေကြပြီး တောထဲက ကလေးလေးတွေက ဘယ်အိမ်ပြန်လို့ပြန်ရမှန်းမသိဘဲ ဖြစ်နေမှာစိုး ရိမ်မိသေးသည်။ ဒါကြောင့် ခေါင်းဆောင်ကြီးတွေဘက်က ဘယ်အိမ်ပြန်မှာလဲဆိုတာ သေချာပြောသင့် သည်။ မဲဆောက်က အိမ်ကိုပြန်မှာလား၊ ဘန်ကောက်ကအိမ်ကို ပြန်မှာလာ၊ သြဇီက အိမ်ကိုပြန်မှာလား၊ အမေရိကားက အိမ်ကို ပြန်မှာလားဆိုတာ သေချာပြောသင့်သည်။ ဘာကြောင့်လဲဆိုတော့ ခေါင်းဆောင်ကြီးတွေက ခုတလော တတိယနိုင်ငံက အိမ်တွေပြန်ရေး ကြိုးပမ်းနေကြတာပဲ တွေ့ရ တာကြောင့်ဖြစ်သည်။ ( ထူးမြတ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
Facebook Page
X (Twitter) Channel
Viber Channel
Telegram Channel
Youtube Channel
Tiktok Channel