၂၀၂၅ မတ် ၇
မိတ်ဆွေ အပေါင်းအသင်းများကို ရင်းရင်းနှီးနှီး ရင်ဖွင့်ပါရစေ။ သံယောဇဉ်က အတော်မလွယ် တာဗျနော်။ ဟိုး ကျွန်တော်ငယ်ငယ်က ကျွန်တော်တို့အိမ်မှာ ကျေးလေးတစ်ကောင် ရှိတယ်ဗျ။ သူက တီတီတာတာ စကားပြောတယ်တယ်။ အဲဒီတော့ တစ်အိမ်လုံးရဲ့ အချစ်တော်ပေါ့ဗျာ။ သူ့ကို ခရမ်းချဉ်သီးကျွေးတယ်။ ငရုတ်သီး ကျွေးတယ်။ သူကြိုက်တဲ့ အစားအစာတွေပဲ ကျွေးကြတာကိုး။ တစ်ရက်မှာဗျာ အဲဒီကျေးလေးကို ကြောင်က ချောင်းပြီး ကိုက်ရောဗျ။ ဖရိုဖရဲနဲ့ဗျာ မကြည့်ရက်ဘူး။ ကိုယ်က သံယောဇဉ်ဖြစ်နေတာကိုး။ ကျွန်တော်က ကလေးဆိုပေမယ့် အဖေနဲ့အမေကို ပြောလိုက်တယ်။ ကျွန်တော် ဘာကောင်မှ မမွေးချင်တော့ဘူး။ သူတို့ တစ်ခုခုဖြစ်တာနဲ့ ခံစားရလို့ဗျာ။ ဒါပေမဲ့ အိမ်မှာ မျက်မှန်ဆိုတဲ့ ခွေးတစ်ကောင်က ရှိသေးတယ်ဗျ။ သစ္စာရှိချက်ဗျာ။ တစ်မိသားစုလုံးကို သူက စောင့်ရှောက်တာဗျ။ ကျွန်တော်တို့မိသားစု မြို့ကိုသွားမယ်ဆိုရင် သူက လိုက်လိုက်လာတာဗျ။ သူ့ကိုရှောင်ပြီး ပုန်းပြီးထွက်မယ် ဆိုရင်လည်း မရဘူးဗျာ။ ချင်းတွင်းမြစ်ကို ကျွန်တော်တို့က လှေနဲ့ဖြတ်ကူးချိန် အဲဒီမျက်မှန်ကြီးက ရေကူးပြီး လိုက်လာတာဗျာ။ လှေဆရာကို ကျွန်တော်တို့က မသွားချင်တော့ဘူး။ မျက်မှန်ကြီး လိုက်လာလို့ဆိုပြီး ကျွန်တော်က ကလေးအရွယ်ဆိုတော့ ငိုပြီးပြော ရော။ အဲဒီလိုအချိန်က ကျွန်တော် စိတ်ဆင်းရဲပြီလေ။ မျက်မှန်ဆိုတာလည်း သူက တစ်ကိုယ်လုံး အမည်းရောင်ဗျ။ မျက်လုံးနှစ်လုံးနေရာပဲကွင်းပြီး အဝါရောင်လေးနဲ့မို့ မျက်မှန်လို့ ခေါ်ကြတာကိုး။ သူ့အသိဉာဏ် မသေးဘူးဗျ။ ထမင်းကျွေးတယ် မဟုတ်လား။ ငါးမိနစ်လောက် နောက်ကျပြီး ကျွေးမိ ရင်ကို သူက စိတ်ဆိုးတယ်ဗျ။ သူ့ထမင်းပန်ကန်ရှေ့မှာ ပုံ့ပုံ့လေးဝပ်ပြီး မစားဘဲနဲ့နေတာ။ ယင် ကောင်လာနားရင်လည်း ဒေါသတကြီးနဲ့ ကိုက်တယ်ဗျ။ သူ့ထမင်းလည်း သူမစားဘူး။ ဘယ်သူ့မှလည်း အစားမခံဘူးဗျာ။ အဲဒီလို စည်း ကမ်းကြီးတော့ သူ့ကိုကျွေးဖို့ အမြဲ ဂရုစိုက်ရတယ်ဗျ။
တစ်ရက်မှာဗျာ။ ခွေးသူခိုးတွေက မျက်မှန်ကြီးကို လုပ်ကြံသွားရောဗျာ။ ကျွန်တော်တွေ့ လိုက်ရတာက အရေခွံနဲ့ ခေါင်းလေးပဲဗျာ။ အမေ့ကို ကျွန်တော်က ပြောတယ်။ "အမေ ဘာကောင်မှ မမွေးချင် တော့ဘူး၊ သူတို့ အဲဒီလိုဖြစ်သွားရင် ကျွန်တော်ပဲ ခံစားရတာ"လို့ဆိုတော့ အမေက "အေးပါ...သား ရယ်"ဆိုပြီး သံယောဇဉ်ကြီးတတ်လို့ မမွေးတော့ဘူးဗျ။
ဒါပေမဲ့လည်းဗျာ။ အိမ်ဘေးက အမေသန့်က ခွေးလေးတစ်ကောင် မွေးထားတယ်။ သူကတော့ သူ့ခွေးကို ရန်အန္တရာယ်ကင်းအောင် 'ကိုက်ပုံ'ဆိုတဲ့နာမည် ပေးထားတာဗျ။ တကယ်တမ်းကြဗျာ ကိုက်ပုံက ဘယ်သူ့မှ မကိုက်ဘူးရယ်။ ကျွန်တော်ထမင်းစားရင် ကိုက်ပုံက အောက်က မော့ကြည့်နေ တာ။ ကိုယ်က မျိုမကျ။ကိုယ် စားသလို သူ့ကိုလှမ်းပြီး ပစ်ကျွေးတယ်။ အံ့သြဖို့ကောင်း တာက မြေမကျ လှမ်းပြီး ဖမ်းစားတာဗျ။ သူက အဲဒီလို စားတတ်လေ ကျွန်တော်ကလည်း ကျွေးလေ။ တိုင်ပင် ကိုက်နေတာ။ အဲဒီလိုဖြစ်တော့ ခွေးရှင်က မကျေနပ်ဘူး ထင်ပါတယ်။ ကိုက်ပုံကိုဗျာ ခွေးသားစားတဲ့ သူတွေဆီ ရောင်းလိုက်တယ်တဲ့ဗျာ။ ကျွန်တော် ဘယ်လိုလုပ် စိတ်ကောင်းမလဲဗျာ။ သြော်... ကိုယ်မမွေးပေမယ့် ကျွေးထားတဲ့ သံယောဇဉ်က မရဘူးဗျ။
ကျွန်တော်က ထမင်းစားတိုင်း ကိုယ်စားသလို ခွေးလေးတွေ၊ ငှက်လေးတွေ၊ ကြက်လေးတွေကို ကျွေးဖြစ်တယ်။ မှတ်မှတ်ရရဗျာ။ ခွေးမွဲလေး၊ အဝါရောင်လေးနဲ့ ငတ်ငတ်ပြတ်ပြတ် ပုံစံလေးနဲ့ သနားစဖွယ်လာရော။ ကျွန်တော်ကလည်း ကိုယ်စားသလို ကျွေးလိုက်တာ။ သူက သူ့သခင်အိမ်ကို မပြန်တော့ဘူး။ မင့်မပြန်ရင်လည်း နေပါကွာဆိုပြီး ကျွေးမွေးနေတာပေါ့။ သူ့နာမည်ကို ကျွန်တော်က ဒေါ်ဘီဆိုပြီး ပေးမယ်လို့ စိတ်ကူးထားတာ။ ဟယ်ရီပေါ်တာ ဇာတ်ကားထဲက ဒေါ်ဘီဆိုတာ အိမ်ကို စောင့်ရှောက်တဲ့ နတ်အိုလေးလေ။ ကျွန်တော့် တူလေးက ဒိုလေးလို့ နာမည်ပေးချင်တာတဲ့။ ကိုယ်ကလည်း တအားမငြင်းပါဘူး။ အဲဒီကောင်ကို အလယ်မှာ ထားလိုက်မယ်။ မင့်က ဒိုလေးလို့ ခေါ်ကွာ။ ငါက ဒေါ်ဘီလို့ ခေါ်မယ်။ သူလာတဲ့ဘက်က နာမည်အတည်ပဲဆို ပြီး လုပ်ကြရော။ ကျွန်တော့်တူကလည်း ဒိုလေး ဒိုလေးခေါ်၊ ကျွန်တော်ကလည်း ဒေါ်ဘီလို့တစ်ခွန်းပဲခေါ်တယ်။ကျွန်တော့် ဆီလာတယ်ဗျာ။ အဲဒါ ဒေါ်ဘီဖြစ်သွားပြီနော်လို့ ပြောရတာ။ ကျွန်တော့်တူကလည်း လက်ခံပါတယ်။ သူက ချစ်တာ ချစ်တာ။ မကျွေးဘူးလေ။ အဲဒီတော့ ကျွန်တော့်ဆီ လာပြီပေါ့။ ဘယ်လောက် ချစ်စရာ ကောင်းလဲဆိုရင်လေ ကျွန်တော်အိပ်ရာက မထသေးရင် တဝူးဝူးနဲ့ နှိုးတယ်ဗျ။ ကျွန်တော် ကျောင်းက ပြန်လာရင် ဒီကောင် ဘယ်လိုသိလဲမသိဘူး လာကြိုတာဗျ။ ကျွန်တော်က အိမ်ကို အရင်မဝင်ဘဲ ကွမ်းယာဆိုင်ကို ဝင်ရင် သူကလာပြီး ခြေထောက်ကို ဖွဖွလေးကိုက်ပြီး အိမ်ကိုခေါ်တာဗျ။ ကျွန်တော် သံယောဇဉ် ဖြစ်ပြီ ပေါ့ဗျာ။
မှတ်မှတ်ရရ ၂၀၁၀ ဧပြီလမှာ။ ကျွန်တော်က ကိုရင်ဝတ်တယ်ဗျာ။ ကိုယ်ရင်ဝတ်တော့ ဘုန်းကြီးကျောင်းမှာ နေရတာလေ။ အဲဒီတော့ ဒေါ်ဘီကို မကြည့်မိသလို ဖြစ်တာပေါ့။ ဒါပေမဲ့ အိမ်ကကျွေး မွေးနေပါတယ်။ အဲဒီမှာဗျာ ခွေးရှင်က သူတို့အိမ် ပြန်မလာလို့ဆိုပြီး ဒေါသထွက်တယ် ထင်ပါတယ်။ သူတို့အိမ်က လာခါစကဗျာ ဖရိုဖရဲ မွှေးစုတ်ဖွားလေးနဲ့။ ကျွန်တော်က ကျွေးမွေးထားတော့ တောက် တောက်ပြောင်ပြောင် ဖြစ်နေတာလေ။ အဲဒီလို တောက်တောက်ပြောင်ပြောင်ဖြစ်မှ ခွေးလေးကို ဖမ်းပြီး သတ်စားတဲ့သူဆီ ရောင်းလိုက်တယ်တဲ့ဗျာ။ လွန်သွားမှ သိရတာပါဗျာ။ ကျွန်တော်က သွားပြောတယ်ဗျာ။ ပိုက်ဆံလိုချင်ရင် ကျွန်တော် ခွေးဖိုးပေးပါ့မယ်ဗျာ။ ကျွန်တော် ကျွေးနေတာမို့ စိတ်မကောင်း လို့ပါဆိုတော့ ဘာပြန်ပြောတယ်ထင်လဲ။ ပိုက်ဆံမလိုချင်ဘူး၊ အိမ်မကပ်လို့ ရောင်းစားတာတဲ့ဗျာ။ ပြီးရောလေ။ ကိုယ်က သံယောဇဉ် တွေဖြစ်နေပေမယ့် ကံရှိသလောက်ပဲ ရတာကိုးဗျ။
ကျွန်တော့်သူငယ်ချင်း သွားဆရာဝန်။ သူနဲ့ ကျွန်တော်နဲ့ ဒဿနတွေ ဆွေးနွေးဖြစ်တယ်ဗျ။ ခွေးသားကို ဘာလို့မစားသင့်လဲဆိုတဲ့ အကြောင်းပေါ့ဗျာ။ သူကတော့ ဘုရားဟောထဲမှာပါတဲ့ အကြောင်းရယ်၊ ဒီကောင်တွေက အညစ်အကြေးတွေပါစားလို့ ခွေးသားမစားသင့်ဘူး ပြောတာပေါ့။ ကျွန်တော်က အဲဒီလိုမထင်ဘူး။ ခွေးတွေဟာ လူအပေါ်သစ္စာရှိပြီး သံယောဇဉ်ဖြစ်နေလို့ မစားသင့်တာလို့ ပြန်ပြောတော့ သူတော်တော်လန့်သွားတယ်ဗျ။ ဟာ ဟုတ်လိုက်လေ၊ ကျွန်တော်အဲဒီတစ်ချက် မစဉ်းစားမိလိုက်ဘူးဗျာတဲ့။ သံယောဇဉ်ပဲလေ။
ကျွန်တော်တို့နေတဲ့ နေရာနားမှာ ကိုယ်က မမွေးဘဲ လာနေတဲ့ ခွေးလေးတွေ ရှိတယ်ဗျ။ အဲဒီတော့ သနားလို့ ကျွေးထားတာ။ ကိုယ်က သနားလို့ ကျွေးထားတော့ ဒီကောင်တွေ မပြန်တော့ဘူး။ မပြန်တော့ ဆက်ကျွေးရတာပေါ့ဗျာ။ ကျွေးလေ မပြန်လေဖြစ်ရော။ အဲဒီလိုကျွေးလိုက်တာ မပြန်တော့ ဘယ်လို လူယုတ်မာတွေက အမြင်ကပ်နေလဲ မသိပါဘူးဗျာ။ သူတို့က သူခိုးတွေဗျ။ ခိုးချင်တော့ ဟိုကောင်တွေ ရှိနေတာ သူတို့အတွက် ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်နေရော။ သူတို့က ခိုးချင်လို့ ကပ်လာ၊ ဒီကောင်တွေက အကပ်မခံ။ သူခိုးက လူသိမခံချင်ဘူးလေ။ ကိုယ့်မှာ အရိပ်တကြည့်ကြည့် ကျွေးထားတဲ့ ကောင်တွေဗျာ။ အဲဒီကောင်တွေက ငါးဟင်းမစားဘူးဗျာ။ အသားစိမ်း ကြိုက်တယ်။ မုန့်ထုပ်ဆိုရင် Junction က သုံးသောင်းနီးပါး ပေးရတဲ့ဟာ အမြဲကျွေးတယ်ဗျာ။ ကိုယ်က သံယောဇဉ် ဖြစ်နေတာကိုး။ ကျွေးရတာပေါ့။ သူတို့ ခြင်ကိုက်ခံရမှာစိုးလို့ ခြင်ဆေးထွန်းပေး။ ဆောင်းတွင်းအေး မှာစိုးလို့ ဂုန်နီအိတ်ခင်းပေး၊ သူတို့ နေထိုင်စရာ လုပ်ပေး၊ ကာကွယ်ဆေးတွေ ထိုးပေး လုပ်ထားတာဗျာ။ သူခိုးနှစ်ကောင်က ကျွန်တော်တို့ အကောင်တွေကို အနှောင့်အယှက်လို့ မြင်တာကိုး။ အဲဒီတော့ သူခိုးနှစ်ကောင်က ဒီကောင်တွေ မစားချင်စားချင်အောင် အမဲသားထင်တယ်ဗျ။ အမဲသားကို အဆိပ်ခပ်ပြီး ကျွေးတာဗျာ။ တော်တော်ပြင်းထန်တဲ့ အဆိပ်ထင်တယ်။ နောက် ခြေထောက်တွေက မခိုင်တော့ဘူး။ ယိုင်တယ်၊ အမြီးကုပ်တယ်။ တုန်နေတာ။ လက်ပံပွင့်ချိန် ကိုယ့်ကောင်တွေများ ရူးသွားသလားလို့ ထင်မိတာပေါ့ဗျာ။ မကြည့်ရက်ပါဘူးဗျာ။ သူတို့က အသိစိတ် မလွတ်ဘူး။ သူတို့ခန္ဓာထဲမှာ အဆိပ်ရောက်နေတော့ ကိုယ့်ကိုအားကိုးတဲ့ မျက်လုံးလေးနဲ့ ကြည့်နေတာ။ ဆရာဝန်သွားခေါ်၊ ဆရာဝန်လည်း မအားဘူးတဲ့ဗျာ။ တတ်သမျှ မှတ်သမျှ ကန်စွန်းရွက်တွေ ကြိတ်ချေထောင်းတိုက်၊ ထန်းလျက် တွေခွံ့၊ ကြက်ဥတွေတိုက် ပြန်များအန်မလား ဆိုပြီးတော့၊ မဟာဖြေဆေးတွေပါတိုက်။ မရပါဘူးဗျာ။ တကယ် မကြည့်ရက်ဘူး။ ပဋ္ဌာန်းရွတ်တဲ့သူကရွတ်။ သြော်...သူတို့ နောက်ဘဝများမှာဖြင့် ဒီလို မခံစားရအောင်ပေါ့။ ကျွန်တော်က ကျွေးတာ ကျွေးတာ၊ အဲဒီလို ဖြစ်နေရင် မကြည့်ရက်လို့ မကြည့်တော့ပါဘူးဗျာ။ သူခိုးတွေကတော့ လမ်းကြောင်း ရှင်းသွားပြီ ထင်မှာပေါ့။ အဲဒီ သူခိုးတွေကိုတွေ့ရင် ကျွန်တော်က ပြောချင်ပါသေးတယ် ။ "လိုချင်ရင် ပြောပါကွာ၊ ငါတို့ တတ်နိုင်တာ ပေးပါ့မယ်၊ သူများ အသက်ကိုတော့ မသတ်ပါနဲ့"။
(ရွှေထီး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၇) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )