၂၀၂၅ ဖေဖော်ဝါရီ ၁၄
အမေရိကန်နဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံရေးမှာ မစိမ်းတဲ့နိုင်ငံတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ဘယ်တုန်းကမှ ကောင်းကျိုးမပေးတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံလို့ ဆိုရပါလိမ့်မယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်သွားတာကို တွေ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလို့ပဲ ဆိုရမလား။ စစ်နိုင်တဲ့အုပ်စုရဲ့ ကမ္ဘာကြီးကို ဆက်လက် လွှမ်းမိုးထားချင်လို့ လက်ဝါးကြီးအုပ် ဆောင်ရွက်ချက်တွေအရ ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလို့ပဲ ဆိုရမလား။ ဘယ်လိုပဲဆိုဆို ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်လိုတဲ့ အမေရိကန် ဦးဆောင်တဲ့ လက်ယာအုပ်စုနဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေကို ထိုးဖောက်ပြီး ရင်ပေါင်တန်းနိုင်အောင် ကြိုးစားနေကြတဲ့ လက်ဝဲအုပ်စုတို့ရဲ့ အားပြိုင်မှုတွေဟာ အခုချိန်ထိ အရှိန်အဟုန်ကောင်းကောင်းနဲ့ ရင်ဆိုင်လျက်ပဲ ရှိပါသေးတယ်။ ဒီအားပြိုင်မှုတွေအရ အင်အားကြီး နိုင်ငံအချို့ ပြိုကွဲသွားကြသလို ကြားညှက်တဲ့ ဒဏ်ကိုခံနေရတဲ့ နိုင်ငံငယ် လေးတွေလည်း ရှိကြပါတယ်။
မြန်မာနိုင်ငံကလည်း ကြားညှပ်တဲ့ နိုင်ငံထဲမှာ ပါပါတယ်။ လွတ်လပ်ရေးရပြီးချိန် မြန်မာနိုင်ငံအတွင်းမှာ လက်ဝဲညီညွတ်ရေး ပြိုကွဲပါတယ်။ ဆိုရှယ်လစ်အုပ်စုနဲ့ ကွန်မြူနစ်အုပ်စုပါ။ လက်ယာဘက်ကို ယိမ်းတဲ့အုပ်စုက အင်အားမရှိသလောက် ဆိုပေမယ့် လက်ယာအယူအဆကို အားသန်တာက ဦးနုတို့ အုပ်စုပဲ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပါလီမန်ဒီမိုကရေစီစနစ်ကို အခြေခံပေမယ့် စီးပွားရေးစနစ်က အရင်းရှင်စီးပွားရေးစနစ် မဟုတ်ဘဲ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အခြေခံပါတယ်။ တကယ်တမ်း အကောင်အထည်ဖော်တဲ့အခါမှာ အောင်မြင်သလား ဆိုတော့လည်း မအောင်မြင်ခဲ့ပါ။ လွတ်လပ်ရေးရပြီး မြန်မာ့တပ်မတော်အတွက် လက်နက်ဝယ်ယူရေး၊ လေ့ကျင့်ရေးကို အင်္ဂလိပ်က ကိုင်ထားပါတယ်။ မြန်မာ့စီးပွားရေးကလည်း သူ့လက်ထဲမှာပဲ ရှိပါသေးတယ်။ ဒါကြောင့်လည်း ကွန်မြူနစ်တွေက အတုအယောင်လွတ်လပ်ရေးဆိုပြီး တောခိုခဲ့ကြတာပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ ကရင်လူမျိုးအတွက် နယ်မြေတစ်ခါတည်း ထည့်သွင်းမထားခဲ့ပါဘူး။ အဲဒီအတွက် သီးခြားနယ်မြေရရှိရေး ရည်ရွယ်ချက်နဲ့ NUG တို့ လက်နက်ကိုင်လမ်းစဉ် နောက်ကို လိုက်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
အဲဒီအချိန်က မြန်မာနိုင်ငံရဲ့သရုပ်ဟာ လက်ဝဲလည်းမဟုတ်၊ လက်ယာလည်း မဟုတ်တဲ့ အနေအထားမျိုးပါ။ အာရှတိုက်က ကျန်ကိုလိုနီနိုင်ငံတွေဟာ လက်ဝဲလက်ယာ ပြတ်သားကြပါတယ်။ မြန်မာတစ်နိုင်ငံတည်းသာ လက်ဝဲနဲ့လည်းချ၊ လက်ယာနဲ့လည်းချတဲ့နိုင်ငံလို့ ဆိုရပါမယ်။ ပြဿနာကြီးမှာ စိုးတဲ့အတွက် လက်ဝဲလက်ယာ ဘယ်ဘက်မှမပါတဲ့ ကြားနေရေးဝါဒကို ကိုင်စွဲလာခဲ့တာပဲဖြစ်ပါတယ်။ ကောင်းတာတွေလည်း ရှိသလို၊ အဆိုးတွေလည်း ခံရတာပါပဲ။ အုပ်စုကြီး နှစ်စုကြားညှပ်တဲ့ ပြဿနာက တရုတ်ပြည်တွင်းရေးက စတယ်လို့ ဆိုရမလားပဲ။ တရုတ်ပြည်မှာ လက်ဝဲကွန်မြူနစ်ပါတီနဲ့ လက်ယာ ကူမင်တန်ပါတီတို့ ချကြတော့ ကူမင်တန်တွေ ရှုံးတယ်။ ပြည်မက စွန့်ခွာတော့ မြန်မာပြည်နယ်စပ်မှာ ခိုကြတယ်။ တရုတ်ဖြူပြဿနာလို့ သမိုင်းမှာဆိုကြတယ်။ ကူမင်တန်ကို ကူညီတာက အမေရိကန်။ မြန်မာ့မြေပေါ်မှာ လွတ်မြောက်နယ်မြေ ရအောင်လုပ်ပြီး တရုတ်ပြည်မကြီးကို ပြန်သိမ်းဖို့ ကြံကြတာပါ။ ဒါကို မြန်မာက လက်မခံပါဘူး။ တပ်မတော်က တိုက်ထုတ်ပါတယ်။ နောက် ပိုင်း တရုတ်ကွန်မြူနစ်ပါတီ တပ်နီတော်နဲ့ ပူးပေါင်းတိုက်ထုတ်ရတဲ့ အဆင့်အထိ ရောက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အမေရိကန်နဲ့ အမျိုးသားရေး အားသန်တဲ့ တပ်မတော်တို့ အစေးမကပ်တဲ့ အနေအထားမျိုး ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ China Containment Policy အရ အမေရိကန်က သူ့ဘက်ပါစေချင်တယ်။ တရုတ်က သူ့လုံခြုံရေးနဲ့ အနောက်ဘက် ထွက်ပေါက် ပွင့်နေစေဖို့ မြန်မာကို သူနဲ့ ပေါင်းစေချင်တယ်။ ဒီလိုလား ချက်က တရုတ်ပဲ ဖြစ်ဖြစ်၊ အမေရိကန်ပဲ ဖြစ်ဖြစ်၊ အစိုးရတွေ ဘယ်လိုပဲပြောင်းပြောင်း မပြောင်းမလဲ စွဲကိုင်ထားမယ့် မူဝါဒသာ ဖြစ်ပါတယ်။
အခု ထပ်မံအရွေးခံရတဲ့ အမေရိကန်သမ္မတ ထရမ့်က မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံကို အန္တရာယ်အပေးဆုံး နိုင်ငံအဖြစ် တစ်နှစ်ဆက်လက် အတည်ပြုတယ်လို့ VOA က ထုတ်လွှင့်သွားတာ တွေ့ရပါတယ်။ သူတို့ရဲ့အဆိုက စစ်အစိုးရဟာ တရားဝင် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တယ်လို့ ပြောသွားပါတယ်။ တစ်ခုပဲ ပြောစရာရှိပါတယ်။ နစက တက်လာရခြင်း အကြောင်းရင်းဟာ NLD ရဲ့ မဲမသမာမှုကို အကြောင်းပြုပြီး နိုင်ငံတော်နဲ့ ပြည်သူအပေါ်မှာ တာဝန်သိတဲ့ စစ်သည်တွေက ဒီမိုကရေစီကို စောင့်ထိန်းဖို့ တာဝန်ရှိလို့ တက်လာရခြင်း ဖြစ်ပါတယ်။ အကြောင်းနဲ့ အကျိုးဟာ အမြဲ ဒွန်တွဲနေတာမို့လို့ မဲမသမာမှုက အကြောင်း၊ တိုင်းပြည် အာဏာထိန်းရတာက အကျိုးပါ။ ဒါကလည်း မလုပ်ရင် မဖြစ်တော့တဲ့ အခြေအနေအထိ ရောက်သွားလို့ပါ။ အဲဒီအခြေအနေကို မရောက်ဖို့ NLD မှာ အချိန်တွေ အများကြီး ရခဲ့ပါတယ်။ ပြင်မယ်ဆို ပြင်လို့ရနေတဲ့ အခြေအနေမှာ ရှိပါလျက်နဲ့ ပြင်ချင် စိတ်ကို မရှိလို့ ဖြစ်သွားခဲ့ရတာကို မစ္စတာထရမ့် သဘောပေါက်ဖို့တော့ လိုမယ် ထင်တယ်။
မစ္စတာထရမ့် ထပ်မံအရွေးခံဖို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတုန်းက ဒီမိုကရက်တွေ မဲမသမာမှု လုပ်တယ်လို့ ထင်တဲ့အတွက် အမေရိကန်စစ်ပြန် True Believers အဖွဲ့တွေက Capitol ကိုတောင် တက်သိမ်းခဲ့တာ မှတ်မိကြဦးမှာပါ။ မစ္စတာထရမ့်အနေနဲ့ အခုတစ်ခေါက် မဲနိုင်တာကလည်း အရင် ရွေးကောက်ပွဲမှာ မတရား အလုပ်ခံရတယ်လို့ ယူဆတဲ့အတွက် ပြည်သူက သူ့ဘက်က ရပ်ပေးတယ်လို့ ဆိုရင် ငြင်းလို့မရဘူးလို့ ထင်တယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီဘိုးအေ အမေရိကန်ရဲ့ စွပ်စွဲပြောဆို ချက်တွေဟာ ဒီမိုကရေစီနဲ့ ပြည်သူကို မလေးစားရာ ရောက်ပါတယ်။ ဒီမိုကရေစီ ခုတုံးလုပ်ပြီး မဲမသမာမှု ဆောင်ရွက်ခဲ့ကြတဲ့ သူတွေကို ထောက်ခံနေတဲ့ သက်သေအဖြစ် မှတ်ယူရမလိုဖြစ်နေပြီ ဖြစ်ပါတယ်။ တစ်ခုမေးလိုတာက မဲမသမာမှုကို လက်မခံတာက အမေရိကန် ရွေးကောက်ပွဲတစ်ခုတည်း အတွက်ပဲလား၊ ကျန်နိုင်ငံတွေမှာ ငါနဲ့နီးစပ်တဲ့အဖွဲ့တွေ ဘာလုပ်လုပ်ဆိုတဲ့ သဘောလားလို့ပါ။
မဲသမာမှုက စခဲ့တဲ့ ပြဿနာတွေကြောင့် မြန်မာနိုင်ငံက ထွက်ခွာသွားကြတဲ့ NLD နဲ့ နီးစပ်သူတွေဟာ အမေရိကန်က ဥပဒေပြုသူတွေက မစလို့ အမေရိကန်ကို ရောက်သွားခဲ့ရတာပါ။ အဲဒီပြည်ပြေးတွေကို ပြုစု စောင့်ရှောက်နေရတာက အမေရိကန်အစိုးရရဲ့ မူဝါဒ။ စရိတ်တွေက အမေရိကန်မှာ အခွန်ဆောင်နေရတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အခွန်ငွေ။ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သူတို့ပြန်ရမယ့် အခွင့်အရေးတွေထဲက မျှပြီး ကျွေးမွေး ပြုစုစောင့်ရှောက်နေရတာပဲ ဖြစ်ပါတယ်။ အဲဒီလို ကျွေးမွေး စောင့်ရှောက်ထားရတဲ့ သူတွေက အမေရိကန်နိုင်ငံထဲကနေ မြန်မာနိုင်ငံကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတာတွေ၊ အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရကြား ရန်တိုက်ပေးနေတာတွေ၊ တော်လှန်ရေး ရန်ပုံငွေဆိုပြီး ဥပဒေမဲ့ အလှူကောက်ခံနေတာတွေက အမေရိကန်အစိုးရနဲ့ ပြည်သူတွေအတွက် အန္တရာယ် ဖြစ်စေမှာပါ။ ကိုယ့်နိုင်ငံကို ပြန်တော်လှန်နေ တဲ့သူတွေကို အမေရိကန်နိုင်ငံအတွင်းကနေ တော်လှန်ဖို့ Spring Board အဖြစ် ကူညီထောက်ပံ့ပေးနေတာဟာ အမေရိကန်နိုင်ငံကို အကြမ်းဖက် အားပေးနိုင်ငံအဖြစ် နာမည်ပျက်စေမှာကို မြင်တတ်ဖို့ လိုပါလိမ့်မယ်။
NUG နဲ့ သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ PDF ဆို တာဟာ Dept of Defenceက ထုတ်ထားတဲ့ Glossary of Military Terms မှာ TERRORIST ဆိုတာကို အဓိပ္ပာယ်ဖွင့်ထားတဲ့ အချက်အလက်တွေနဲ့ တစ်ထပ်တည်း ကျနေတဲ့ အကြမ်းဖက်သမားတွေပါ။ မယုံရင် Google ခေါက်ကြည့်လိုက်ပါ။ နောက်တစ်ချက်က State Depar-tment က Outsource လုပ်ထားတဲ့ သုတေသနအဖွဲ့ တစ်ဖွဲ့ကလည်း NUG ဟာ Terrorist Organisation ဖြစ်ကြောင်း မှတ်ချက်ပြုထားတဲ့ အစီရင်ခံစာ ရှိပါတယ်။ ဒီနှစ်ချက်နဲ့တင် ဘောင်မဝင်တဲ့ အဖွဲ့အစည်းကို Congress က Burma Act နဲ့ ငွေကြေးထောက်ပံ့နေတာ၊ US Aid တို့၊ NED တို့က ငွေပံ့ပိုးနေတာကို ကြည့်ရင် အမေရိကန် အစိုးရအနေနဲ့ အဆိပ်ပင် ရေလောင်းနေတာပဲ ဖြစ်ပါတယ်။ အလွန်မှားတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီအခြေအနေတွေအရကြည့်ရင် မြန်မာဟာ အမေရိကန်ကို ဒုက္ခပေးနေတယ်ဆိုတာ မှန်ပါတယ်။
သို့သော် မြန်မာနိုင်ငံက အစိုးရ၊ သာမန်ပြည်သူနဲ့ မြန်မာ့တပ်မတော်တော့ မဟုတ်ဘူး။ အမေရိကန်ကို သာမက မြန်မာပြည်သူတွေကိုပါ အမှန်တကယ် ဒုက္ခပေးနေတာက NUG သာ ဖြစ်ပါတယ်။ အခုနောက်ဆုံး NUG က Congress ကိုလိမ်ဖို့ ထပ်ကြိုးစားနေတာက "သူတို့ဟာ ဘာသာရေးအရ ခရစ်ယာန်တွေ ဖြစ်ကြောင်း၊ စစ်တပ်က ဘာသာရေးအရ စဖိနှိပ်လို့"ဆိုတဲ့ အကြောင်းပြချက်ကို စတင် အသုံးပြုနေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို ငပိန်းတွေ မသိတာက Patriot Act ပါ။ ဒီဥပဒေအကြောင်း ဒေါက်တာ မင်းဇော်ဦး ရှင်းပြထားတာ ရှိပါတယ်။ အကြမ်းဖက်လုပ်ရပ်နဲ့ ငြိဖူးသူဟာ ပြည်နှင်ဒဏ် ထိုက်ပါတယ်။ ဘယ်နည်းနဲ့မှ Citizen Eligible မဖြစ်နိုင်တာ ငပိန်းတွေရော US Legislators တွေပါ သိရမှာပါ။ ဒါကြောင့် တပ်မတော်ကို လက်ညှိုးမထိုးဘဲ တကယ့်တရား ခံအစစ်ဟာ NUG သာ ဖြစ်တယ်ဆိုတာ Mr. President သိသင့်ပါတယ်။
နှစ်ဖက်ကြားမှာ ကိုယ့်အကျိုး အမြတ်ထုတ်ဖို့ NUG နဲ့ ပင်းနေတဲ့ အမေရိကန် နိုင်ငံရေးသမားတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေကို ပြတ်ပြတ်သားသား အရေးမယူနိုင်ရင် မစ္စတာထရမ့်ကိုယ်တိုင် အကြမ်းဖက်အားပေးသူအဖြစ်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
China Containment Policy အရ NUG ကို ကိုယ့်ဘက်က ရှိသူတွေအဖြစ် အကူအညီပေးနေတာ ဖြစ်ပေမယ့် တကယ့်လက်တွေ့ အခြေအနေအရ နှစ်နိုင်ငံဆက်ဆံရေးကို ပိုဝေးသွားစေမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ဝေးသွားပြီး တစ်ဖက်ကို ရောက်သွားခဲ့ရင် သွားတဲ့သူရဲ့ အပြစ်မဟုတ်ဘူးဆိုတာ လက်ခံပေးရပါလိမ့်မယ်။ မြေပြင်မှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ ပြဿနာကို မှန်မှန်ကန်ကန်ရှုမြင်ပြီး မှန်မှန် ကန်ကန်ဖြေရှင်းပေးမှသာလျှင် အမေရိကန်ကို ကမ္ဘာတစ်ဝန်းက မြင်နေတဲ့ 'ဗိုလ်ကျစိုးမိုးရေးဝါဒကို ကိုင်စွဲပြီး နိုင်ငံငယ်လေးတွေကို နိုင့်ထက်စီးနင်း လုပ်နေတဲ့နိုင်ငံ'ဆိုတဲ့အမြင် ပျောက်သွားစေမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကျဆင်းနေတဲ့ အမေရိကန်ရဲ့ သိက္ခာကို ဆက်ပြီး ဆွဲချမှာက မြန်မာ့တပ်မ တော် မဟုတ်ဘူး။ NUG နဲ့ PDF အဖွဲ့တွေပါ။ ကမ္ဘာ့နိုင်ငံအတော်များများမှာ Proxy မွေးတတ်တဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒအရ အခုအခါမှာ အမေရိကန်ပြည်သူတွေ အကြွေးနွံနစ်နေရပြီ မဟုတ်လား။ ဒါကြောင့်လည်း မစ္စတာ ထရမ့်က Down Sizing နဲ့ Cost Saving လုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ အမေရိကန်ကို အန္တရာယ်ပေးမယ့် မြန်မာက ဘယ်သူတွေ ဖြစ်မလဲဆိုတာ အမေရိကန်အစိုးရနဲ့ ပြည်သူတွေ သိဖို့ကောင်းပါပြီ။ အမေရိကန် ပြည်ထောင်စုထဲရောက်ပြီး အမေရိကန်ပြည်သူတွေကို ဒုက္ခပေးနေသူတွေထဲမှာ မြန်မာ့တပ်မတော်သား တစ်ယောက်မှ မပါပါဘူး။ NUG နဲ့ NLD လိုလားသူများသာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ တကယ်ပဲ အမေရိကန်ပြည် ထောင်စုအတွက် အန္တရာယ်ပေးနိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဟုတ်ပါ့မလားဆိုရင် သာမန်အားဖြင့် အန္တရာယ်ပေးနိုင်တဲ့အဆင့်မှာ မရှိပါဘူး။ ဘင်လာဒင်ရဲ့ ၉/၁၁ ဇာတ်လမ်းလို လေယာဉ်တွေပြန်ပေးဆွဲ၊ World Trade Center တို့၊ ပင်တဂွန်တို့ကို ဝင်တိုက်ရအောင်လည်း ဘာသာရေးအရရော၊ လူမျိုးရေးအရရော ဘာရန်ငြှိုး ရန်စမှ မရှိဘူး။ ရှိလည်း လုပ်မယ့်သူမျိုးတွေ မဟုတ်ကြဘူး။ မြန်မာအစိုးရနဲ့ တပ်မတော်ကဆို ပိုလို့တောင် လုပ်ကြမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ မူဝါဒကိုက ဘက်မလိုက် နိုင်ငံခြားရေးဝါဒ ဖြစ်တဲ့အတွက် ဘယ်အုပ်စုထဲမှာမှ မပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်စည်းရိုးကိုသာလုံဖို့ ကြိုးစားနေကြတာ ပဲရှိတယ်။ မြန်မာအများစုက ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေဖြစ် ကြပေမယ့် ကျန်ဘာသာတွေကို စော်ကားလေ့ မရှိကြပါ။ ကိုယ့်ကိုလာထိ စော်ကားရင်တောင် အတိုင်း အတာတစ်ခုထိ သည်းခံတတ်ကြပါတယ်။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမကိုက 'မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား'ပါ။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်နေတာက ကိုးကွယ်ရာ သံဃာတော်တွေ ဖြစ်တဲ့အတွက် သူ့တပည့်သား ဒါယကာ ဒါယိကာမတွေ ကို ဘယ်အကုသိုလ်ကိုမှ လုပ်ဖို့ အားမပေးဘူး။ အခုချိန်ခါမှာ ပြည်တွင်းရေး မငြိမ်မသက်ဖြစ်နေတာတွေကို ဖြေရှင်းနေရဆဲကာလ ဖြစ်တဲ့အတွက် အစိုးရကရော တပ်မတော်ကပါ အားအားယားယား ဘယ်သူ့ကိုမှ လိုက်ပြီး ဒုက္ခပေးမှာ မဟုတ်ဘူး။ ပေးနိုင်တဲ့ အခြေအနေမှာလည်း မရှိဘူး။ သေသေချာချာ စဉ်းစားကြည့်ရင် အမေရိကန်တွေကို ဒုက္ခပေးနိုင်တာက NUG နဲ့ လောလောလတ်လတ် အမေရိကားကို ရောက်နေတဲ့ ပြည်ပြေး မြန်မာ (တိုင်းရင်းသားတွေ အပါအဝင်)တွေကသာ နည်းမျိုးစုံနဲ့ ဒုက္ခပေးကြမှာ ဆိုတာကို မစ္စတာထရမ့်ကြီး သိစေချင်ပါရဲ့ဗျာ။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )