အမေရိကန်ရဲ့ထုတ်ပြန်ချက်က အကြမ်းဖက်သမားများရဲ့ဇာတ်သိမ်းအတွက် နိဒါန်းလေလား

၂၀၂၃ ဒီဇင်ဘာ ၁၂
  အောင်ငြိမ်းချမ်း(မြဝတီ)
  PDF ဆိုတာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ဆိုပေမယ့် တစ်ကယ်တမ်းကျတော့ ပြည်သူလူထုအကျိုးယုတ်စေမယ့် အကြမ်းဖက်လုပ်ရပ်များကိုသာ တစ်စိုက်မတ်မတ်လုပ်လာတဲ့ အကြမ်းဖက်သောင်းကျန်းသူစစ်စစ်ဖြစ်ပါတယ်။
  သူတို့ကို နောက်ကွယ်ကနေစေခိုင်းနေသူများက အမျိုးသားညီညွတ်ရေး အစိုးရလို့ ကိုယ့်ကိုယ်ကိုယ်ခေါင်းစဉ်တပ်ပြီး အကြမ်းဖက်သမားတွေကိုလက်ခံရာ နိုင်ငံမှာနေထိုင်ကာ မြန်မာနိုင်ငံကြီးအလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေတဲ့ NUG ဆိုတဲ့အဖွဲ့ပါပဲ။
  NUG တို့ PDF တို့ဆိုတာ သူတို့ကိုထောက်ပံ့မှုမရှိရင် ဘယ်လိုမှရပ်တည်ခြင်းငှာ မစွမ်းသာတဲ့ တစ်နည်းဆိုရရင် ကိုယ့်စွမ်းကိုယ်စနဲ့မရပ်တည်နိုင်တဲ့အဖွဲ့တွေဖြစ်တာကြောင့် သူတို့ကိုနောက်ကွယ်ကနေထောက်ပံ့ပေးနေသူတွေက ဘယ်သူတွေလည်းဆိုတာကို လိုက်လေ့လာကြည့်တော့ အားလုံးခန့်မှန်းထားတဲ့အတိုင်းပဲ တစ်ကမ္ဘာလုံးကိုစစ်မီးတောက်အောင် လိုက်ပြီးမီးမွှေးနေတဲ့ အမေရိကန်အပါအဝင် အကြမ်းဖက်အားပေးနိုင်ငံတွေပါပဲ။
  အဲဒီနိုင်ငံတွေက အဓိကအားဖြင့် ငွေကြေးထောက်ပံ့မှုတွေပေးပါတယ်။ စစ်လက်နက်ပစ္စည်းတွေဝယ်ယူနိုင်အောင် ချိတ်ဆက်ပေးပါတယ်။ ထောက်လှမ်းရေး သတင်းအချက်အလက်တွေပေးပါတယ်။ နောက်ပြီးတော့ နည်းလမ်းတွေ၊ နိဿယ တွေပေးပါတယ်။ ညွှန်ကြားချက်တွေပေးပါတယ်။ ရှင်းရှင်းပြောရရင် သူတို့ကြိုးဆွဲရာကမယ့် ရုပ်သေးရုပ်များကို ငွေပေးပြီးဝယ်လိုက်တာပါပဲ။ ကျွန်တော်တို့မြန်မာစကားပုံမှာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ဆိုရိုးတစ်ခုရှိပါတယ်။ အဓိပ္ပာယ်က ကိုယ့်တစ်ဘို့ကောင်းစားဖို့အတွက် ဘယ်သူတွေဒုက္ခရောက်ရောက် ကိုယ်ကနေသာသလိုနေမယ်၊ လုပ်ချင်သလိုလုပ်မယ်ဆိုတဲ့သဘောပါ။ အခုဆိုရင် NUG နဲ့ PDF တွေဟာ သူတို့လုပ်ချင်တာလုပ်သမျှအားလုံးက အမှန်ဖြစ်ပြီး ပြည်သူတွေ ဘယ်လိုဒုက္ခရောက်ရောက် သူတို့နဲ့မဆိုင်ဘူးဆိုတဲ့သဘောနဲ့ အကြမ်းဖက်မှုလုပ်ငန်းများ၊ အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြတာ မြင်တွေ့ရမှာပါ။


  အမေရိကန်နဲ့အပေါင်းအပါများဟာ NUG၊ PDF တို့ရဲ့ ဒီလိုလုပ်ဆောင်မှုတွေကို နောက်ကွယ်ကနေ မသိကျိုးကျွံပြုပြီး လက်ခုပ်တီးမြှောက်ပေးလာခဲ့တာ တော်တော်ကြာနေပါပြီ။ အခုတော့ အမေရိကန်က ဘာစိတ်ကူးပေါက်လည်းမသိပါဘူး။ မကြာသေးခင်ကမှ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်လာပါတယ်။ အဲဒီအစီရင် ခံစာမှာ NUG၊ PDF တို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အံ့အားသင့်ဖွယ်ကောင်းစွာ ဖော်ပြလာတာတွေ့ရပါတယ်။ တစ်ကယ့်ကို ကျားသားမိုးကြိုးပါပဲ။
  အစီရင်ခံစာရဲ့ခေါင်းစဉ်က “၂၀၂၂ ခုနှစ်အတွက် နိုင်ငံအလိုက်အကြမ်း ဖက်မှုဆိုင်ရာ အစီရင်ခံစာ” ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။ ဒီအစီရင်ခံစာအတွက် ကိုးကားထားတဲ့အချက်အလက်တွေကတော့
Global Terrorism Trends and Analysis Center – GTTAC ကထုတ်ပြန်ထားတဲ့ စာရင်းဇယားပါ။ ဒီတော့ အဲဒီထဲမှာ ဘာတွေရေးသားထားလဲ၊ အမေရိကန်ရဲ့ သဘောထားကရောပြောင်းသွားပြီလားဆိုတာကို ကျွန်တော်တို့ဆက်ပြီးလေ့လာ လိုက်ကြရအောင်။ အရင်ဆုံး GTTAC ရဲ့ထုတ်ပြန်ချက်ပါအကြောင်းအရာများကို မူရင်းအတိုင်းတင်ပြသွားပါမယ်။
  ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်စုစု ပေါင်း ၃၉၁ ခုရှိပါတယ်။ အသေအပျောက်ပမာဏက ၂၁၃၀ ပါ။ ဒီပမာဏဟာ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တစ်ကမ္ဘာလုံးမှာဖြစ်ပေါ်ခဲ့တဲ့ အသေအပျောက် ပမာဏအနက် ၁၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကထက် ၂၀၂၂ ခုနှစ်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားမှုက ၁၀ ရာခိုင်နှုန်းနဲ့ အသေအပျောက်ပမာဏက ၅၀ ရာခိုင်နှုန်းတိုးလာတာကို တွေ့ရပါတယ်။
  အဲဒီဖြစ်စဉ်တွေထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုများကို အများဆုံးကျူးလွန်သူက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ သူတို့ကိုယ်သူတို့အမည်ပေးပြီး ခေါင်းစဉ် တခြားလုပ်ရပ်တလွဲနဲ့လုပ်နေကြတဲ့ PDF အဖွဲ့ဖြစ်ပါတယ်။ သူတို့ကြောင့်ဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုအရေအတွက်က ၁၉၈ ကြိမ်ပါ။ ဒါဟာ ၂၀၂၂ ခုနှစ်အတွင်းဖြစ် ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများအနက် ၅၀ ရာခိုင်နှုန်းတောင်ရှိပါတယ်။ တခြားအကြမ်းဖက်သောင်းကျန်းသူအဖွဲ့များဖြစ်တဲ့
Chinland Defense Force – CDF က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ၂၉ ခုနဲ့ ၇ ရာခိုင်နှုန်း၊ Karenni Nationalities Defense Force – KNDF က ဖြစ်စဉ် ၂၇ ခုနဲ့ ၇ ရာခိုင်နှုန်း၊ ကျန်တာက တော့ Karen National Liberation Army – KNLA နဲ့ အမည်မဖော်ပြနိုင်တဲ့အဖွဲ့များ ရဲ့လက်ချက်ဖြစ်ပါတယ်။ ကြမ်းဖက်မှုအတွက် အသုံးပြုခဲ့တဲ့နည်းလမ်းများထဲမှာ ပစ်ခတ်မှုက ၃၈ ရာခိုင်နှုန်း၊ မြေမြှုပ်မိုင်း သို့မဟုတ် ဒေသန္တရဖောက်ခွဲရေးပစ္စည်းများ အသုံးပြုမှုက ၂၁ ရာခိုင်နှုန်းနဲ့ ဗုံးခွဲတိုက်ခိုက်မှုက ၁၉ ရာခိုင်နှုန်းရှိတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 
 
၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများအနက် ၅၈ ရာခိုင်နှုန်းက တပ်မတော်ကို ပစ်မှတ်ထားတာဖြစ်ပေမယ့် ကျန်တဲ့ ၄၂ ရာခိုင်နှုန်းက သူတို့အချင်းချင်းနဲ့ သာမန်ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု တွေလုပ်ခဲ့တာပါ။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားမှုအများဆုံးဒေသတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့ဖြစ်ကာ ရာခိုင်နှုန်းအား ဖြင့် ၂၇၊ ၁၁ နဲ့ ၉ ရာခိုင်နှုန်းစီအသီးသီးရှိပါတယ်။
  ဒီထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူအသေအပျောက်အနည်းအများအပေါ်မူတည်ပြီး အသေအပျောက်အများဆုံး ၁၀ နိုင်ငံကို ဖော်ပြထားပါသေးတယ်။ ဒီတော့ မြန်မာနိုင်ငံက အဆင့်ဘယ်လောက်မှာပါမယ်လို့ ထင်ပါသလဲ။ အဆင့် ၃ မှာပါနေတာပါ။ မြန်မာနိုင်ငံရဲ့အထက်မှာ ကွန်ဂိုနဲ့ နိုင်ဂျီးရီး ယားတို့ပဲရှိပါတော့တယ်။ ISIS အကြမ်းဖက်သမားတွေ ဝင်ရောက်ခြေကုပ်ယူသွား ပါတယ်ဆိုတဲ့ ဆီးရီးယားနိုင်ငံတောင်မှ မြန်မာနိုင်ငံအောက်မှာပဲရှိတာတွေ့ရပါတယ်။


  အဲဒီထုတ်ပြန်ချက်ထဲမှာဖော်ပြထားချက်တွေအရ အကြမ်းဖက်တိုက်ခိုက် မှုများလုပ်ဆောင်သူတွေထဲမှာ ISIS လိုမျိုး တစ်ကယ့်နာမည်ကြီး အကြမ်းဖက်သမားတွေအပြင် အယ်ကိုင်ဒါလိုမျိုး အကြမ်းဖက်သမားတွေရဲ့ ကမ္ဘာတစ်ဝန်းတိုက်ခိုက်မှုတွေကို စုစည်းဖော်ပြထားတာဖြစ်တဲ့အတွက် ပြည်သူ့အကျိုးကိုဖော်ဆောင်နေတယ်ဆိုပြီး နေရာတကာမှာ အလှူခံနေကြတဲ့ PDF တွေ၊ CDF တွေ၊ KNLA တွေ၊ KNDF တွေဟာလည်း လူတကာရွံမုန်းကြတဲ့ ISIS အကြမ်းဖက်သမားတွေနဲ့ တစ်တန်းတည်းဖြစ်သွားပါပြီ။
  နောက်တစ်ခုသတိထားမိတဲ့အချက်က အမေရိကန်အနေနဲ့ သူတို့ထောက်ပံ့ပေးထားတဲ့ NUG၊ PDF အဖွဲ့ရဲ့ လုပ်ရပ်တွေကို ဘာကြောင့် အကြမ်းဖက်လုပ်ရပ်အဖြစ် ဖော်ပြလာတာလဲ။ လူကောင်းအဖြစ် ဟန်ဆောင်တာပဲလား။ NUG၊ PDFတို့အပေါ် ထောက်ပံ့မှုတွေရပ်တန့်ပစ်ဖို့ ရမယ်ရှာခြင်းလား။ ဒါကိုတော့ အမေရိကန်ကိုယ်တိုင် သာလျှင် အသိဆုံးဖြစ်ပါလိမ့်မယ်။
  အမေရိကန်က NUG၊ PDF တို့ကိုထောက်ပံ့ပေးနေတယ်ဆိုတာ တရားလက်လွတ် အထောက်အထားမဲ့ ပြောနေတာမဟုတ်ပါဘူး။ မကြာသေးခင်ကမှ ထုတ်ပြန်ထားတဲ့ အမေရိကန်အစိုးရရဲ့
Burma Act ဆိုတဲ့ဥပဒေထဲမှာကို အတိအလင်း ကြေညာထားတာပါ။ NUG ကို ထောက်ပံ့မှုတွေပေးသွားမယ်ဆိုပြီးတော့ပေါ့။
  မိမိတစ်ဦးတည်းအမြင်နဲ့ ပြောရမယ်ဆိုရင် ပထမတစ်ချက်က အမေရိကန်ရဲ့ အကြမ်းဖက်မှုဆိုင်ရာအစီရင်ခံစာက မြေပြင်အနေအထားနဲ့အများကြီးကွာနေပါတယ်။ အကြမ်းဖက်သောင်းကျန်းသူတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူအသေအပျောက်စာရင်းက အခုထုတ်ပြန်ထားတာထက် များစွာမြင့်မားနိုင်သလို ဒီဖြစ်စဉ်တွေရဲ့ အဓိကလက်သည်အဖြစ် PDF တွေက ၈၀ ရာခိုင်နှုန်းလောက်အထိပါဝင်နေဖွယ်ရှိပါတယ်။
  နောက်တစ်ချက်က အမေရိကန်က သူတို့မွေးထားတဲ့မျောက်ကို သူတို့ကိုယ်တိုင်မနိုင်တော့တဲ့သဘောနဲ့ ထောက်ပံ့မှုတွေရပ်တန့်ဖို့ ရမယ်ရှာလာတာလားဆိုပြီး တွေးမိတာဖြစ်ပါတယ်။ အခုဆိုရင် အမေရိကန်က သူကိုယ်၌က အကြွေးတွေနဲ့ ရပ်တည်နေရချိန် တစ်ဖက်မှာလည်း ရုရှားလိုမျိုး အင်အားကြီးနိုင်ငံနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ယူကရိန်းကို ကြားခံထားပြီး စစ်ပွဲဆင်နွှဲနေတဲ့အတွက် ကုန်ကျစရိတ်အင်မတန်များနေပါတယ်။
  ဒီအချိန်မှာ ဘာမဟုတ်တဲ့ အကြမ်းဖက်သမားလေးတွေလောက်ကို ထောက်ပံ့မယ့်အစား တခြားမဟာဗျူဟာကျတဲ့နေရာတွေမှာ တိုးမြှင့်ထောက်ပံ့ခြင်းဖြင့် သူတို့ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်သွားတော့မှာလားလို့ တွေးစရာရှိလာပါတယ်။ NUG၊ PDF ဆိုတာ သူများပေးစာ၊ ကမ်းစာကိုသာ မျှော်ကိုးနေရပြီး တစ်ဖက်ကထောက်ပံ့ပေးသူတွေ ဝမ်းသာအောင် အသေခံပြီးတိုက်ကွက်ဖော်နေရတဲ့ အဆင့်မျှသာရှိပါတယ်။ တစ်ကယ်လို့များ သူတို့ကို အမေရိကန်အပါအဝင် တခြား နိုင်ငံတွေက ထောက်ပံ့မှုတွေမပေးတော့ဘူးဆိုရင် သူတို့ရဲ့ရပ်တည်မှုဟာလည်း အားနည်းချိနဲ့လာမှာအမှန်ပါပဲ။
  ဒါကြောင့် အခုလိုအချိန်မှာ အမေရိကန်ရဲ့ထုတ်ပြန်ချက်က ဘယ်လိုသဘောထားရှိသည်ဖြစ်စေ NUG၊ PDF အပြင် တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဘယ်လောက် အတိုင်းအတာအထိကျူးလွန်နေတယ်ဆိုတာကို ကမ္ဘာကသိမြင်သွားပါပြီ။
  ဒီလိုထုတ်ပြန်ပေးတာနဲ့ပတ်သက်ပြီး အမေရိကန်ကိုကျေးဇူးတင်လားဆိုတော့ ကျေးဇူးတင်စရာအကြောင်းတော့မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့မွေးထားတဲ့မျောက်တွေအကြောင်းကို သူတို့ကိုယ်တိုင်ပြန်ဖော်တာဖြစ်တဲ့အတွက်ပါပဲ။ ဒါပေမဲ့ အမေရိကန်ရဲ့ထုတ်ပြန်ပေးမှုကြောင့် မိမိတို့နိုင်ငံအတွင်းက ပကတိအမှန် တရားတစ်ခုကို ကမ္ဘာကသိမြင့်ခွင့်ရသွားခြင်းကတော့ အမြတ်ပါပဲ။
  ဒါဆိုရင် NUG၊ PDF နဲ့ တခြားတိုင်းရင်းသားအမည်ခံလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများကိုပဲ ပြောစရာကျန်ပါတော့တယ်။ ကမ္ဘာမှာ ဘယ်လိုအကြမ်းဖက်သောင်းကျန်းသူကမှ သက်ဆိုးမရှည်ကြပါဘူး။ ဥပမာအားဖြင့် ISIS ကိုကြည့်ရင်သိမှာပါ။
  သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုက လူလို့တောင်မှမခေါ် ထိုက်တဲ့အထိပါပဲ။ ဒါပေမဲ့လည်း အချိန်တိုအတွင်းမှာ သူတို့အဖွဲ့ဟာနေရာတွေကွဲပြီး ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ ဒါကြောင့် အကြမ်းဖက်သမားများမည်သည် ဘယ်သောအခါမှ သက်ဆိုးမရှည်ကြဘူးလို့ဆိုချင်တာဖြစ်ပါတယ်။
 ဒါကြောင့် အမေရိကန်က သူတို့ကိုယ်တိုင်ထောက်ပံ့ပေးထားတဲ့ NUG၊ PDF တို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သူတို့ကိုယ်တိုင်ပြန်ပြီးဖော်ကောင်းလုပ်ပေး လာတာကိုကြည့်ခြင်းအားဖြင့် အကြမ်းဖက်သမားတွေရဲ့ဘဝဟာ သိပ်မကြာခင်မှာ ဇာတ်သိမ်းတော့မယ့်အလားအလာတွေမြင်နေရပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက် ရပါတယ်။     ။

Total Views ~ 374

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42848

© 2022 - 2025 News. All Rights Reserved.