အမေရိကန်သမ္မတ အသစ်ကြောင့် ပြည်ပြေးသတင်းထောက်များ အလုပ်ပြောင်းကြရပြီ

၂၀၂၅ ဖေဖော်ဝါရီ ၁၄

လူကြမ်းကြီးကြောင့်တဲ့ ဗျာ
    နိုင်ငံခြား ရောက်နေသည့် သူငယ်ချင်းတစ်ယောက်နှင့် အွန်လိုင်းမှ စကားပြောဖြစ်သည်။ သူနှင့် စကားပြောဖြစ်မှ စိတ်မကောင်း ဖြစ်ရမည်လား၊ စိတ်ချမ်းသာသည်ဟု ပြောရမလား ဝေခွဲမရတောင် ဖြစ် သွား၏။
    "ပြောကို မပြောချင်တော့ဘူး"ဟု ဒေါ်ဂွက်ထော် အသံနှင့် ပြောရမလိုဖြစ်နေသည်။ "ပြောကို မပြော ချင်တော့ဘူး"ဟု ပြောမိချိန် ဟိုးတုန်းက အစ်မကြီးတစ်ယောက်ကို သတိရမိသွား၏။ ကျွန်တော်တို့ ရန်ကုန်တွင် တစ်ရုံးတည်းအတူတူ အလုပ်လုပ်စဉ်က ဖြစ်၏။ တစ်နေ့သောအခါ ထိုအစ်မကြီးက ရုံးကို နောက်ကျပြီး ချွေးသံရွှဲ ရွှဲဖြင့် ရောက်လာလေသည်။ ထိုသို့ ဖရိုဖရဲမြင်ကွင်းကို မြင်တွေ့ချိန် ကျွန်တော်လည်း နှုတ်မဆက်၍ မကောင်းသောကြောင့် "အစ်မ ဒီနေ့ နောက်ကျပါလား"ဟု နှုတ်ခွန်းဆက်စကား စ၍ ဆိုလိုက်မိသည်။ အဲဒီလိုလေး စနှုတ်ဆက်မိလိုက်ချိန် ထိုအစ်မက သူ၏ စလင်းဘတ်အိတ်ခေါ်သလား၊ တိုလီမုတ်စထည့်သည့် အိတ်လေးကို ကျွန်တော်ထိုင်နေသည့် စားပွဲပေါ်ချကာ"မောင်လေးရယ် ပြောမပြောချင်တော့ဘူး"ဟု ဖရိုဖရဲနှင့် ဆိုလေသည်။ ကျွန်တော်ကလည်း သူ့ကို စချင်နောက်ချင်နေသည် ဖြစ်သောကြောင့် "အစ်မရာ မပြောချင်လည်း မပြောနေပါနဲ့"ဟု ဆိုလိုက်သောအခါ "ဟဲ့ ငါကပြောချင်လို့ အဲဒီစကား စပြောနေတာ သေနာလေးရဲ့"ဟု ပြောလိုက်လေ ရာ ရုံးထဲကလူများပါ လိုက်၍ရယ်ကြကုန်သည်။ ကျွန်တော်သိလိုက်သည်။ ထိုကဲ့သို့ အဖြစ်သနစ်မျိုးက မင်္ဂလာစကား မဟုတ်နိုင်။ "ပြောပါဗျာ"ဟုဆိုသောအခါ ထိုအစ်မက လူကျပ်ကျပ် ဘတ်စ်ကားပေါ်တွင် ခါးပိုက်နှိုက်ခံရ၍ ဖုန်းနှင့်ငွေ အချို့ ပါသွားသောကြောင့် ရုံးနောက်ကျရ သည်ဟု ပြန် ပြောပြလေသည်။
    ယခုလည်း နိုင်ငံခြားက သူငယ်ချင်းက "မင့် ဒေါ်နယ်ထရမ့်လုပ်တာ ဒုက္ခတွေ ရောက်နေတာ ဟေ့"ဟု ဆိုလေသည်။ ဒေါ်နယ်ထရမ့်ကိုတောင် ကျွန်တော့် ဒေါ်နယ်ထရမ့်တဲ့ ခင်ဗျာ။ ကျွန်တော်လည်း ထရမ့်ကို မဲမပေးခဲ့ရပါဘူး။ အဲသည်လူကြီးကို လူကြမ်းကြီးဟုဆိုပြီး ကိုကိုလူကြမ်း ထရမ့်ကြောင့် ဒုက္ခရောက်နေရသည်ဟု ဆိုလေသည်။ သူပြောသည့်စကားများ နောက်ဆုံး အပိုင်းမှ ပြန်ပြောပါရ စေဗျာ။

ထောက်ချောက်တိုင်းဟာ ဆွဲဆောင်မှုရှိသည်
    ကျွန်တော့်စာကို ဖတ်မိသည့်သူအချို့က ပြန်ပြောသည်။ "မင်းက သူငယ်ချင်းတွေနဲ့ တွေ့လှ ချည်လား"ဟု ဖြစ်သည်။ ဟုတ်လည်း ဟုတ်သည်။ သူတို့နှင့် ပြောမနာ ဆိုမနာ  ဆိုစကားများက ဉာဏ်ပွင့်တတ်၏။ထို့ကြောင့် သူငယ်ချင်းများနှင့် မတွေ့ဖြစ်ပါက အွန်လိုင်းမှနေ၍ လိုင်းပေါ်ရှိသည့် သူငယ်ချင်းများကို Video Call ခေါ်ဆို၍ စကားပြောဖြစ်သည်။ ယခု ပြောမည့်သူငယ်ချင်းကတော့ Video Call ဖြင့်ခေါ်သည့် သူငယ်ချင်းမဟုတ် အိမ်တိုင်ရာရောက်လာပြီး လက်ဖက်ရည်ဆိုင် သွားရအောင် ခေါ်သော သူငယ်ချင်းဖြစ်သည်။ လက်ဖက်ရည် ဆိုင်ရောက်မှ စကားက လွတ်လွတ်လပ်လပ် ပြော၍ ကောင်းသည် မဟုတ်လား။ သို့နှင့် လက်ဖက်ရည်ဆိုင်သို့ ယွန်းဖြစ်၏။ သူစိတ်မကောင်းဖြစ်နေ သည်ကို ကျွန်တော်က သိနေသည်။ မည်သည့် အကြောင်းအရာကိုသာ မသိဟု ဆိုရမည်။ လက်ဖက် ရည်ဆိုင်သို့ရောက်မှ "ဘယ်လိုတွေ ဖြစ်ကုန်ကြတာတုန်း"ဟု အဆက်အစပ်မရှိ ဆိုလေသည်။ ထိုအချိန် မအူမလည် ဖြစ်ရသည်က ကျွန်တော် ဖြစ်သွားရသည်။ "ဘာအကြောင်းလဲ"ဟူ၍ ပြန် မေးယူရသည်။ ထိုအချိန်ရောက်မှ သူအားကိုးတကြီး ဖတ်ခဲ့ရသည့် မီဒီယာများသည် USAID အထောက်အပံ့နှင့် ကလိမ်ကကျစ်ကျခဲ့သည့် အကြောင်းများ သိလာရသောကြောင့် ကျွန်တော့်ကိုလာ၍ ပြောရခြင်းဖြစ်သည် ဟု ဆိုလေသည်။ သည်လိုကောင်မျိုး ရှည်ရှည်ဝေးဝေး ရှင်းပြနေလျှင် မတန်ဟု ယူဆသောကြောင့် "ထောင်ချောက်တိုင်းက ဆွဲဆောင်မှုရှိတာ သိလား"ဟု ပြန်၍ မေးခွန်း ထုတ်ဖြစ်သည်။
    ဆွဲဆောင်မှုမရှိသည့် ထောင်ချောက် ဘယ်သတ္တဝါမှ ဝင်လိမ့်မည်မဟုတ်။ အရောင်အသွေး၊ အနံ့၊ အရသာ၊ အပြင်အဆင် မြင်ကွင်းကစ ဆွဲဆောင်မှုရှိမှ ထိုထောင်ချောက်ထဲ လိုလိုချင်ချင် ဝင်ကြ မည် မဟုတ်လား။ ထို USAID အထောက်အပံ့ မီဒီယာများက မြန်မာနိုင်ငံကို စေတနာနှင့်ကူညီနေသည်ဟု ယုံကြည်ခဲ့လားဟူ၍ ပြန်၍မေးဖြစ်ခဲ့သည်။ ပျက်နေသည့်မျက်နှာ ပို၍ ပျက်သွားလေသည်။ ချွေးပင်ထွက်လာလေသည်။ USAID ဝန်ထမ်းများ သနားစရာ မကောင်းဘူးလားဟု ပြန်၍ ပြောလေသည်။ သည်ကောင်၏ အမျိုးထဲတွင် USAID ဝန်ထမ်းများ ရှိနေလားမသိ။ သူပြန်ပြောမှ "အဲဒီဝန်ထမ်းတွေ သနားနေပါလား၊ သူတို့ရဲ့ စနက်မကင်းမှုကြောင့် တို့နိုင်ငံလို လူသန်း ၅၀ ကျော်တောင် လှိမ့်ပိန့်ခက်ခဲ ကုန်တာ တစ်ကမ္ဘာလုံးနဲ့ဆို ဘယ်လောက် ဒုက္ခများကြမလဲ"ဟု ပြန်၍မေးခွန်းထုတ်မိ၏။ သူတို့က ငွေကြေးအကူအညီ အရင်လာပြီး နောက်မှ ရိုက်စရာ တုတ်လာသည်ဟု ပြောဖြစ်၏။ ဖွံ့ဖြိုးစနိုင်ငံ ငယ်များကို ရွေးကောက်ပွဲအတွက် ကူညီမည်ဟုပြောပြီး သူတို့ကူညီသည့် နိုင်ငံတိုင်းဟာ ပြဿနာ အကြီးကြီးဖြစ်၍ ကျန်ခဲ့ကြောင်း အားမနာတမ်း ပြောလိုက်မိသည်။ "မလှတဲ့ ထောင်ချောက်ကို ဘယ်သူမှ မဝင်ဘူး၊ ထောင်ချောက်လှအောင် လုပ်ထားတာ သိတဲ့သူက နည်းတယ် ငါ့ကောင်ရ ဟု ပြောဖြစ်မိ သည်။
    ထပ်၍ ပြောဖြစ်သည်က "အဲဒီဝန်ထမ်းအချင်း ချင်းတစ်ယောက် မကောင်းကြောင်း၊ တစ်ဖွဲ့ မကောင်းကြောင်း မကြားချင်မှအဆုံး လာတော့မယ်၊ မယုံရင်နားစွင့်ထား"ဟု ပြောဖြစ်သည်။ မိတ်ဆွေများလည်း သတိထားကြည့်ကြပါကုန်။ အဝေမတည့်လျှင် ဆဲကြသည့် ထုံးစံကို သူတို့အဖွဲ့များ ဆက်ခံပါလိမ့်မည်။ ဥပမာစိန်သီးဆိုသည့် လူရွှင်တော်ကိုကြည့်ပါလား။ ယောက်ျားကြီးတန်မဲ့နှင့် သူများ မကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်းတွေကို အများပြည်သူကို ပြောပြနေသည်မှာ နားထောင်ရသည့် ကျွန်တော်ဖြင့် ရှက်လှသည်။ အဝေမတည့်  မညီညွတ်သည့်အချိန်တွင် ဖော်ကောင်ဘညွန့် လုပ်နေသည်ကို သူသည်ပဲ သူတော်ကောင်းဟု ထင်စေရန်ပြော နေခြင်းက မြင်ရ၊ ကြားရသည်မှာ အဆင်မပြေလှ။ သူကပြောသေး၏။ ပြည်သူအတွက် ပြည်သူများ သိသင့်သောကြောင့်ဟု စကားခံ၍ ဆိုလေသည်။ မေသက်ထားဆွေ ကဲ့သို့ ကလေးမလေး သီချင်းဆိုသည်ကအစ  အပြစ်ပြောနေသည့် ထိုစိန်သီးက ပြည်သူ့အတွက် စေတနာနှင့် ပြောသည်ဆိုသည်မှာ ယုံကြည်စရာ ရှိပါ့မလား။ သူ့အတွက် သူလုပ်နေခြင်း၊ သူ့အကျိုးစီးပွားအတွက် လုပ်နေခြင်းဆိုသည်ကို သဘောပေါက်ရန် လိုပါသည်။ သူက ထိုသို့ပြောမှ သူ့ Movie ကို လူကြည့်များမည်။ လူကြည့်များမှ သူ့ဝင်ငွေ မျိုးမျိုးမြက်မြက် ရမည်ဖြစ်သည်။ ထိုထောင် ချောက်ထဲလည်း မဝင်မိရန်အရေးကြီးသည်ဟု ဆိုပါရစေ။

ဇွတ်မိုက်မယ်
    အထက်တွင် ဆိုခဲ့သည့် နောက်ဆုံးအပိုင်းမှ ပြောရစေဆိုသည်ကို ပြန်ဆက်ပါရစေ။ "မတတ် နိုင်ဘူးဟေ့ ကိုယ်ရွေးတဲ့ လမ်းကိုယ်လျှောက်ရတော့မယ်" ဟု ပြည်ပြေးသတင်းထောက်က သူလက်ရှိ လုပ်နေရသည့် အလုပ်များကို ပြောပြလေသည်။ ထရမ့်လုပ်ချက်ကြမ်း၍ ယခုအခါ အချိန်ပိုင်း အလုပ်များ လုပ်နေရပြီဟု ဆိုလေသည်။ အမှိုက်များ လှည်းနေရသည်၊ စားပွဲထိုးနေရသည်ဟု ဆိုလေသည်။ သူအဲဒီလိုပြောမှ ကျွန်တော်တို့ရွာက ကလေးတစ်ယောက် ပြောသည့်စကားကို သတိရသွားသည်။ "ကျွန်တော်တို့က ဟိုနေ့က သူဌေးဗျ"ဟုပြောကာ ဆန်ပြုတ်တွေပြုတ်၍ သောက်နေလေသည်။ ဟိုနေ့က သူဌေးဆိုသည်မှာ ထိုကလေး၏ အဖေက ချဲပေါက်၏။ ချဲပေါက်ချိန် ခေါက်ဆွဲကြော်၊ တို့ဟူးသုပ်၊ ကွမ်းယာမျိုးစုံဝယ်၍ စားလေသည်။ ငါးရက်မကြာခင် မူလဒုံရင်း ပြန်မွဲသွားချိန် "ကျွန်တော်တို့က ဟိုနေ့က သူဌေး"ဟု ပြောပြခြင်းဖြစ်သည်။
    ကျွန်တော့် သူငယ်ချင်းကလည်း ထရမ့်မတက် ခင်က သူတို့ အဆင်ပြေနေပြီး မြန်မာပြည်ကို လွမ်းကြောင်း ထပ်ဖန်တလဲလဲ ပြောနေသူ ဖြစ်သည်။ ယခု မြန်မာပြည်ပြန်၍ မလာရဘဲ ဒုံရင်းပြန် ရောက်ကာ စားပွဲထိုး လုပ်လိုက်၊ သန့်ရှင်းရေးလုပ်လိုက်ဖြင့် ဇွတ်ဆက်၍ မိုက်ဦးမည်ဟု ဆိုရတော့လေ သည်။ သူနှင့်စကားပြောအပြီး မဒမ်ကို ထိုအကြောင်း ပြန်ပြောဖြစ်သည်။ "မြန်မာနိုင်ငံကို မကောင်းကြောင်း အစဉ်ပြောနေတဲ့သူက မြန်မာကို ပြန်ချင်တိုင်း ပြန်မရဘူး တွေ့လား၊ ဒါက သူစိုက်ပျိုးတာ သူရိတ်သိမ်းရတာပဲ"ဟု ဖြစ်သည်။ မဒမ်ကတော့ ခပ်ရွဲ့ရွဲ့ ပြန်ပြောလေသည်။ "ရှင်ပဲသိ ရှင်ပဲတတ်" ဟုဆိုလေရာ  "ရှင်သန်ရာနေ့တိုင်းမှာ စေတနာ၊ မေတ္တာ ကိုယ်ချင်းစာတရားနဲ့ နေထိုင်းရခြင်းလောက် လိပ်ပြာသန့်တာ ဘာမှမရှိ"ဟု တရားချဖြစ်၏။ ကိုယ်ချင်းစာတရား ကြီးမားကြပါစေဟုလည်း မေတ္တာ ရှေ့ထားကာ အစဉ်ဆုတောင်း ဖြစ်ပါသည်။

( ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 137

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42848

© 2022 - 2025 News. All Rights Reserved.