အမေရိကားရောက် ထွက်ရပ်ပေါက်များ

၂၀၂၄ ဖေဖော်ဝါရီ ၂၃

    တော်လှန်ရေးခေါင်းဆောင်ကြီးတွေ လောကီကျင့်စဉ်တွေကို တော်တော်လေးအဆင့်မြင့်မြင့် ကျင့်ကြံအားထုတ်ထားပြီးဖြစ်သည်ဟု ထူးမြတ်ကတော့ယုံကြည်သည်။ တချို့ကလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေကို မနာလိုမရှုဆိတ်ဖြင့် ပြည်ပနိုင်ငံများကို ထွက်ပြေးသွားကြောင်း၊ လူငယ်တွေကို တောထဲမှာ ပစ်ထားကာ အလှူခံစားနေကြောင်း ပုတ်ခတ်စော်ကားကြသည်။ ထူးမြတ်ကတော့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေကို မစော်ကားရဲပေ။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေရဲ့ ကျင့်စဉ်တွေက အဆင့်တော် တော်မြင့်နေပြီး မြေလျှိုးမိုးပျံနိုင်သည့် အဆင့်ရောက်နေခြင်းကြောင့်ဖြစ်သည်။ ဒီ့ထက်ပိုအဆင့်မြင့်သည်က လောကဓာတ်ပညာဖြင့် စီမံထားသော ဖေ့စ်ဘုတ်တည်းဟူသည့် စာမျက်နှာထက်တွင် ပေါ်လိုက်ပျောက်လိုက် လုပ်နိုင်စွမ်းရှိသော အတတ်ပညာများကိုပါ တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်ကြလေသည်။
    ခေါင်းဆောင်ကြီးတွေရဲ့ လောကီကျင့်စဉ်တွေက ဟိုယခင်ကတည်းက ကြိုကျင့်ထားတာ ဖြစ်မည်ထင်သည်။ နွေဦးကာလ ဆန္ဒပြစဉ်ကတည်းက ခေါင်းဆောင် ကြီးတွေကျင့်စဉ်သည် တော်တော်လေး အဆင့်မြင့်နေပုံရသည်။ ဆန္ဒပြလူအုပ်ကြီးတွေကြား ဟိုနေရာပေါ်လာလိုက် ဖေ့စ်ဘုတ်မှာ တင်သွားလိုက်၊ ဒီနေရာပေါ်လာလိုက် ဖေ့စ်ဘုတ်မှာ တင်သွားလိုက်လုပ်ပြီး ဆန္ဒပြရာကလက်ပါ ခြေပါ တွေ ဖြစ်လာတော့ လုံခြုံရေးတွေက ဖြိုခွင်းချိန်တွင် ခေါင်းဆောင်ကြီးတွေ မြေလျှိုးမိုးပျံကာ ဈာန်ပျံ ထွက်ပြေးသွားကြသည်။ ထိုစဉ်ကတည်းက ကျင့်စဉ်တွေက တော်တော်လေးကို ပေါက်မြောက်နေပြီ ဖြစ်သည်။ တချို့က လှည်းတန်း၊ တချို့က ဆူးလေ၊ တချို့က မြေနီ ကုန်းမှာ ဆန္ဒပြလို့ကောင်းနေတုန်း ခေါင်းဆောင်ကြီးတွေ စရဏတန်ခိုးဖြင့် မြေလျှိုးမိုးပျံသွားလိုက်တာ ကျင့်စဉ်အဆင့်အလိုက် တချို့ကလည်း တောထဲ၊ တချို့ကလည်း မဲဆောက်ရောက်ကြလေတော့သည်။ ထိုထက်ကျင့်စဉ် အဆင့်မြင့်သော ခေါင်းဆောင်ကြီးတွေကတော့ အမေရိကားလိုလို၊ သြဇီလိုလို မြေလျှိုးမိုးပျံ ကုန်ကြသည်အထိ အစွမ်းထက်လှသည်။
    တော်လှန်ရေးခေါင်းဆောင်ကြီးတွေ စွမ်းပုံက လွတ်လပ်ရေး ကြိုးပမ်းစဉ်က တောင်သူလယ်သမားခေါင်းဆောင်ကြီး ဆရာစံဝင်စားသလား ထင်ရသည်။ အင်း အိုင်လက်ဖွဲ့တွေနဲ့ တောထဲက ပဒက်လေးတွေ မန်းမှုတ် ထားပုံရသည်။ တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီး အင်းတွေ လည်း ထိုးပေးခဲ့ပုံရ သည်။ မယုံရင် တော်လှန်ရေးအားပေး သတင်းဌာနက သတင်းတွေကို ဖတ်ကြည့်စေလိုသည်။ တစ်နေ့တစ်နေ့ ရေးလိုက်တဲ့ တိုက်ပွဲသတင်းတွေတွင် တပ်မတော်ကသာ ကျဆုံးပြီး ပဒက်လေးတွေ တစ်ယောက်မှ ကျဆုံးတာ မတွေ့ရပေ။ သုံးနှစ်သုံးမိုးလောက် တပ်မတော်ကြီးနဲ့ တိုက်လာတာ ပဒက်လေးတွေ တစ်ကောင်မှ မသေသေးတာကြောင့် ခေါင်းဆောင်ကြီးတွေရဲ့ အစွမ်းက လျှော့တွက်လို့ မရတာဖြစ်သည်။ ခုနေများဆရာကြီး သခင်ကိုယ်တော်မှိုင်းရှိရင် ဂဠုန်ပျံဒီပနီဋီကာ ရေးခဲ့သလို တော်လှန်ရေး ခေါင်းဆောင်ကြီးတွေရဲ့ နုကြည်အဖွဲ့အတွက် "သြော် မြန်မာပြည်တစ်ဝန်းတွင်ဖြင့် အမေရိကားစခန်းဆီက အာဇာနည်အစွမ်းတွေဟို လာရင်ရမန်က ဗဟိုရ်ပလ္လင်ပျံမှာ သမထ မတိမ်းအောင် လို့တဲ့ သြဇီဝင်ခံကာ မြန်မာ့ကိန်းတွေနှင့် မြစိမ်းတောင် ညိုညိုတောထဲက ပဒက်တပည့်တို့မှာဖြင့် ဥုံ အရဟံ သစ္စာကတိတွေနှင့်  နုကြည် သရဏံ ဂစ္ဆာမိကြလေတော့"ဟု ရေးသားချင်ရေးသား သွားနိုင်သည်။
    တချို့ကလည်း ထူးမြတ်တစ်ယောက်ရူးပြီး နိုင်ငံခြားမှာ အလှူခံစားနေတဲ့ ကောင်တွေကို သမထ ပေါက်နေတယ်လို့ ပြောနေတာပါလို့ ပြောနိုင်သည်။ ဒါမျိုး စိန်ခေါ်လို့ကတော့ ထူးမြတ်တစ်ယောက် သက်သေ တောင်ပြလိုက်ချင်သေးသည်။ ခုပဲကြည့်လေ အများက ဆန္ဒတွေပြချိန်မှာ ရှောင်သွားလို့ ကျောင်းသားခေါင်း ရှောင်ကြီးဟု လှောင်ပြောင်ကြသော ခေါင်းဆောင်ကြီး ဆိုရင် ခုတလော လောကဓာတ်ပညာဖြင့် စီမံထားသော ဖေ့စ်ဘုတ်ပေါ် ပြန်ရောက်လာသည်။ တော်လှန်ရေး ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ဆံပင်မုတ်ဆိတ်အရှည် ကြီးတွေနဲ့တောထဲက ဓာတ်ပုံတွေ ထုတ်ပြ လိုက်သည်။ ဒါကိုတချို့က ဒီခေါင်းရှောင်ကြီးက အမေရိကားရောက် သွားပြီလေ ဘာလို့တောထဲက ပုံတွေ တင်နေတာလဲဟု မှတ်ချက်ပြုကြသည်။ ထူးမြတ်ကတော့ ခေါင်းဆောင်ကြီးတွေရဲ့ မြေလျှိုးမိုးပျံအစွမ်း ရုပ်ခွာ၊ နာမ်ခွာအစွမ်းတွေကို လက်ဖျားခါမိသည်။ အစိုးရက စစ်မှုထမ်းဥပဒေအတည်ပြုလိုက်တော့ ကျောင်းသားခေါင်းရှောင်ကြီး မနေသာတော့ဘဲ အမေရိကားတွင် ရုပ်ကြီးကိုထားခဲ့ကာ နာမ်ကပဲ တောထဲကို အရောက်လာပြီး ပဒက်တွေနဲ့အတူ တိုက်ပွဲ လာဝင်တာဖြစ်နိုင်သည်။ ကဲဘယ်လောက်စွမ်း သလဲ ဆိုတာ ကြည့်ရုံနဲ့သိနိုင်သည်။ မိုင်ထောင်ချီဝေးတဲ့ အမေရိကားနဲ့ မြန်မာကို မိနစ်ပိုင်းအတွင်း ဖေ့စ်ဘုတ်ပေါ်မှာ အသွားအပြန် လုပ်ပြသွားတာဖြစ်သည်။
    တချို့ဝိဇ္ဇာ လောကီပညာစိတ်ဝင်စားသူတွေ မေးကြည့်ရင် သိနိုင်မည်ဖြစ်သည်။ ကြားဖူးနား ဝပြောရရင် အဘဝိဇ္ဇာတွေ ဝလုံးတစ်လုံးဆွဲပြရင် ဝလုံးတွေ အများကြီးဖြစ်သွားသလို တော်လှန်ရေး ခေါင်းဆောင်ကြီးတွေလည်း ပွားတတ်သည်။ နွေဦးကာလ မည်သည့်အချိန်က ထွက်ရပ်လမ်းမြန်း သွားမှန်း မသိသော်လည်း မြန်မာငွေလေး သိန်းဂဏန်းဖြင့် အမေရိကားကိုအရောက် လှမ်းသွားသည်။ ဟိုလည်းရောက်ရော တော်လှန်ရေး ခေါင်းဆောင်မကြီးက မြန်မာငွေသိန်းဂဏန်းကို အဆင့်မြင့် ကျင့်စဉ်တွေနဲ့ ပွားများလိုက်တာကြောင့် နှစ်အနည်း ငယ်အတွင်း စတိုးဆိုင်ကြီးပိုင်သွားသလို ဒေါ်လာသန်းချီ အိမ်ကြီးလည်း ပိုင်သွားသည်။ အမေရိကားမှာ နှစ်ဆယ် ချီနေသူတွေတောင် အိမ်ငှား ဘဝက မကျွတ်သေးဘဲ သုံးနှစ်လောက်သာ ရှိသေးသည့် တော်လှန်ရေးခေါင်း ဆောင်ကြီးက အိုးပိုင်၊ အိမ်ပိုင်ဖြစ်သွားတာ ကျင့်စဉ်တွေ ဘယ်လောက် အဆင့်မြင့်သလဲဆိုတာ လက်တွေ့ပြခြင်း ဖြစ်သည်။ တချို့ကလည်း သူခိုးမကြီးတော်လှန်ရေးငွေ တွေခိုးတာဟု စွပ်စွဲကြသည်။ ထူးမြတ်ကတော့ မစွပ်စွဲရဲပေ။ အမေရိကားနိုင်ငံရှိရာ မျက်နှာမူပြီး ကိုးပြစ်ရှိရင်လည်း ကျေပါစေ၊ ဆယ်ပြစ်ရှိရင်လည်း ကျေပါစေ၊ အမိုက်အမဲလေးတွေကို ခွင့်လွှတ်ပါလို့ တောင်းပန်တိုး လျှိုးရသည်။
    တချို့ကလည်း ခေါင်းဆောင်ကြီးတွေကို စော်ကားပုံများပြောပါတယ်။ လေယာဉ်ပစ်တွေဝယ်ဖို့ အလှူခံထားတဲ့ ဒေါ်လာသန်းချီ ဘယ်ရောက်သွားလဲဟု မကြောက်မလန့် မေးခွန်းထုတ်ကြသည်။ ဒါကလည်းခေါင်း ဆောင်ကြီးတွေ နောင်သာသနာအတွက် သိုက်သဖွယ် သတ်မှတ်ပြီး သိမ်းထားတာ လည်း ဖြစ်ချင်ဖြစ်နိုင်သည်။သိုက်ဆိုတာကလည်း တော်ရုံတန်ရုံလူ မမြင်ရအောင် သိုက်နန်းရှင်၊ သိုက်ချုပ်သိုက်ဘီလူးတွေက ဖွက်ထားတာ ဖြစ်မည်ထင်သည်။ အားလုံးဝိုင်းလှူလိုက်ကြသော ငွေတွေကို တော်လှန်ရေးခေါင်းဆောင်ကြီးတွေက သိုက်ဘီ လူးကြီးများသဖွယ် အမေရိကားသိုက်မှာ သိမ်းထားတာ ဖြစ်နိုင်သည်။ သိုက်ဆိုတော့လည်း စာရင်းစစ်ဝင်လို့ မရတာဖြစ်မည်ထင်သည်။ ဒါကြောင့်လည်း စာရင်းစစ်ချင် သူတွေ ဖေ့စ်ဘုတ်ပေါ်က အကောင့်တွေ ပျောက်ချင်း မလှ ပျောက်သွား ကုန်သည်။ ဒါကလည်း သိုက်စောင့်ဘီလူးတွေက အကောင့်တွေကို တန်ခိုးနဲ့ဖျက်ပစ်တာ ဖြစ်နိုင်သည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေကို ထူးမြတ်ကတော့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ကြီးတွေလို့ထင်သည်။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ ပြည်ပကို ဘယ်အချိန်၊ ဘယ်ကာလက  ထွက်ရပ်လမ်း မြန်းသွားသည်ဟု မသိရခြင်း၊ အချိန်အခါ ကျလာပါက မုတ်ဆိတ်ဆံပင်ရှည်ကြီးတွေနဲ့ တောထဲကို  ကို လာလာရပ်ပြကာ ဖေ့စ်ဘုတ်ပေါ်တင်ခြင်း၊ ပေါက် မြောက်ပုံများ အင်္ဂလန်ထီ ၄၆ ခါပေါက်သလို နေ့ချင်းည ချင်းကြီးပွားသွားခြင်းတို့က "ထွက်ရပ်ပေါက်"ပုဂ္ဂိုလ်များဟု မှတ်ယူရမည် ဖြစ်သည်။ နောက်ပြီး ကနေ့ချိန်ထိ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အလှူရေစက် လက်နဲ့မပြတ် ကြချေ။ ထစ်ခနဲရှိ အလှူရှင်တွေလှူချင်အောင်  အလှူခဏခဏခံပြသလို အလှူရေစက်လက်နဲ့မကွာ ကြ တာကြောင့် လူသူတော်ကောင်းကြီးများ ဖြစ်နေကြသည်။
    ဒါကြောင့် လှူဒါန်းထားသူတွေလည်း ငါတို့ ငွေတွေနဲ့ အိမ်တွေ၊ ကားတွေဝယ်သလားဟု အကုသိုလ် သံသယဝင်နေမည့်အစား အမေရိကားသိုက်ရှိ သိုက် ဘီလူး သိုက်နန်းရှင်တွေကို အာရုံပြုကာ လက်သုံးချောင်းထောင်ပြီး "ငါတို့နိုင်တော့မှာ"ဟု ဂါရဝသာ လှမ်းပြုကြ စေလိုသည်။
 ( ထူးမြတ် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 571

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42922

© 2022 - 2025 News. All Rights Reserved.