၂၀၂၅ ဇန်နဝါရီ ၂၅
ကြက်သွန်နီကို မြန်မာများသာမက ကမ္ဘာကပါ စားသုံးကြပါသည်။ ကြက်သွန်နီသည် လက်မခန့် အရွယ်ဥငယ်မှ လက်သီးဆုပ်ပမာဏခန့်ရှိ ကြက်သွန်နီ ဥကြီးများအထိ အရွယ်အစား အမျိုးမျိုးရှိသည်။ ကြက်သွန်နီတွင် ထူးခြားဆန်းကြယ်သော အာဟာရဓာတ်များများစွာ ပါဝင်ပါသည်။ ကမ္ဘာတွင် စားသုံးနေကြသော ဟင်းသီးဟင်းရွက်များအနက် ကြက်သွန်နီကဲ့သို့ နည်းပေါင်းစုံ အမျိုးမျိုးအဖုံဖုံ အရသာမျိုးစုံအောင် ချက်ပြုတ်ကြော်လှော် စားသုံးနိုင်သော အခြားစားဖွယ်အသီး အရွက်ဟူ၍ မပေါ်ပေါက်သေးဟု ဆိုပါသည်။
မြန်မာအပါအဝင် အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ပြင်သစ်၊ အင်္ဂလိပ်၊ ဂျာမန်၊ အမေရိကန်၊ ရုရှားမှစ၍ ကမ္ဘာပေါ်ရှိ စားကောင်းသောက်ဖွယ် ကြိုက်တတ်သော လူမျိုးအားလုံးသည် ကြက်သွန်နီကို ပင်တိုင်ဟင်းလျာ၊ စွပ်ပြုတ်စသည်က တစ်မျိုးဟင်းလျာတွင် အနှစ်နှင့်အမွှေးအကြိုင်အတွက် တစ်ဖုံ၊ ကြာရှည်ခံ အခြောက်၊ အကြော်၊ အချဉ်ပါမကျန် နည်းမျိုးစုံ ချက်ပြုတ်စီမံ ဖန်တီးစားသောက်ကြသည်မှာ အမျိုးပေါင်း ထောင်ကျော် သည်ဟု ဆိုပါသည်။
ထို့ပြင် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်စစ်တပ်အား ပြောက်ကျားစစ်ဆင်ရန် မြန်မာပြည်မြောက်ပိုင်း တောနက်ကြီးများအတွင်းသို့ ရောက်လာကြသော မျက်နှာဖြူစစ်သားများအနက် တပ်သားတစ်ဦးသည် မောဟိုက်ပျော့ခွေ ညှိုးနွမ်းပြီး ခြေလက်မသယ်နိုင် အောင်ဖြစ်နေစဉ် သူတို့အား ဦးဆောင်ခဲ့သူ 'ဗိုလ်ချုပ် ဝင်းဂိတ်'က ကြက်သွန်နီ ဥကြီးတစ်လုံးကို လှမ်းပေးပြီး 'ရော့ ကိုက်စားလိုက် စမ်း'ဟု အမိန့်ပေးခဲ့ဖူးသည်ဟု ဆို ပါသည်။
ရောမခေတ် ရောမစစ်သားများ ကျော်ကြားစဉ်က တပ်တွင်း၌ စစ်သားများ အာဟာရဖြည့်တင်းရာတွင် သံဓာတ်လုံလောက်စွာ ရရှိနိုင်စေရန် ကြက်သွန်နီများကို ရာရှင်စနစ်ဖြင့် ဝေငှစားသောက် စေခဲ့ဖူးလေသည်။
ဂရိလူမျိုးတို့ကလည်း ကြက်သွန်နီအကြောင်း ကျမ်းပြုကာ အတွဲပေါင်းများစွာ ချီးကျူး ဖွဲ့နွဲ့ရေး သားခဲ့ပါသည်။
ပညာရှိတစ်ဦးဖြစ်သူ 'ဖရန်စစ် ဘေကွန်'က ဘာမျှမစားရဘဲ ရက်သတ္တပတ်ပေါင်းများစွာ ကြက်သွန်နီအနံ့ကိုသာ ရှူရှိုက်ပြီး အသက်ရှင်နေခဲ့သည့် လူတစ်ယောက်အကြောင်းကို ရေးခဲ့ပါသည်။
အီဂျစ်နိုင်ငံရှိ ပိရမစ်ခေါ် ကြီးမားသော တြိဂံပုံအဆောက်အအုံကြီးများကို ပူပြင်းသည့် သဲကန္တာ ရများအတွင်း၌ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ တည်ဆောက်ကြရာ၌ အလုပ်ကြမ်းသမားများအား ကျွေးမွေးသော အဓိက စားဖွယ်ဟင်းလျာမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် မုန်လာဥဖြူဟုဆိုပါသည်။
အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကူးရန် လေ့ကျင့်ကြသော ရေကူးသမားများသည် ကြက်သွန်နီကို မှန်မှန်စားပြီး လေ့ကျင့်ကြသည်။
ဘဲလေး ကချေသည်များသည် သူတို့၏ကိုယ် ခန္ဓာအချိုးအစား နွဲ့နှောင်းပျော့ပျောင်းမှု မပျက်စီးစေရန်နှင့် အမောအပန်းခံနိုင်စေရန် လေ့ကျင့်ခန်းမဆင်းမီ ကြက်သွန်နီစွပ်ပြုတ်ကို သောက်ကြရသည်။
ထိုမျှလောက် အရေးပါ အရာရောက်သော ကြက်သွန်နီတွင် မည်သည့် အာဟာရဓာတ်များ ပါဝင်သည်ကို သိပ္ပံပညာရှင်တို့ စူးစမ်းလေ့လာချက်အရ ကြက်သွန်နီတွင် ဓာတ်သတ္တုဆားများ၊ သကြားဓာတ်၊ (Mucilage) ခေါ် ဟင်းသီးဟင်းရွက်ကော်တစ်မျိုးနှင့် (Albumen) ခေါ် ကြက်ဥအကာကဲ့သို့သော အာဟာရ ဓာတ်တစ်မျိုးပါဝင်သည်။ အသေးစိတ်အားဖြင့် ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ ဘီအုပ်စုဝင် ဗီတာမင်များ၊ ဗီတာမင်စီနှင့် ကယ်လိုရီ ဓာတ်များအပြင် ကြက်သွန်နီဥ တစ်လုံးခေါ် ဥအသေးတွင် အဆီဓာတ်နှင့် ဗီတာမင်အေဓာတ် ပါဝင်လေသည်။
ကြက်သွန်နီတွင် ပါဝင်သော အာဟာရဓာတ်များ၏ စွမ်းအားကြောင့် စားသုံးသူအား ခန္ဓာ ကိုယ်တည်ဆောက်ရေးကို အကျိုးပြုခြင်း၊ ခွန်အားကို ဖြစ်စေခြင်း၊ ကိုယ်ခံဓာတ်အားကောင်းခြင်း၊ အရိုးအဆစ်ကြီးထွားသန်မာမှုကို အားပေးခြင်း၊ သွားနှင့်သွားဖုံးများကို ခိုင်မာစေခြင်း၊ သွားဖုံးပြည်ယိုခြင်း၊ သွေးထွက်ခြင်းမှကာကွယ် ခြင်း၊ သွေးအားကို ဖြစ်စေခြင်း၊ သွေးသန့်ရှင်းစေခြင်း၊ လန်းဆန်းရွှင်ပျစေခြင်း၊ အကြောနှင့်ကြွက်သားများ သန်စွမ်းစေခြင်း၊ မျက်စိအမြင်ကို အားပေး၍ မျက်စိဝေဒနာကို ကာကွယ်စေခြင်း၊ အသားအရေကောင်းခြင်း၊ အနာကျက်မြန်ခြင်း၊ ယားနာ၊ ပွေး၊ ဝဲစို၊ ဝဲခြောက်များ မပေါက်စေခြင်း၊ အရေပြားနာများကို ကာကွယ်စေခြင်းစသော အကျိုးထူးများကို ခံစားရရှိနိုင်ပါသည်။
ခေတ်မီဆေးဝါးများ မပေါ်မီက အနောက်နိုင်ငံတွင် ကြက်သွန်နီသည် ပြိုင်ဘက်ကင်းသော ဆေးဖက်ဝင်ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါသည်။ ကြက်သွန်နီကို စားသုံးခြင်းဖြင့် နှာစေး၊ အအေးမိခြင်းကို ခုခံကာကွယ်ခဲ့ကြသည်။ ပွန်းပဲ့ထိရှသော ဒဏ်ရာများတွင် သွေးတိတ်စေရန်နှင့် လျန်မြန်စွာ အနာကျက်စေရန် ကြက်သွန်နီကိုလှီး၍ ကပ်ခဲ့ကြသည်။ နားကိုက်လျှင် ကြက်သွန်နီအရည်ကို နားတွင်းသို့ ညှစ်ထည့်ခြင်းဖြင့် သက်သာမှုရ စေခဲ့ကြပါသည်။ အရေပြားပေါ်တွင် ဖြစ်လေ့ဖြစ်ထရှိကြသော ပွေးဝဲနှင့်ယားနာများကို ကြက်သွန်နီလှီး၍ ထွက်လာသော အစေးဖြင့် ပွတ်တိုက်၍ ပျောက်ကင်းချမ်း သာရာရစေခဲ့ကြပါသည်။
နာနာနယ အာဟာရစွယ်စုံကျမ်းတွင် ကြက်သွန်နီနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပါရှိသည်-
၁။ သွားကိုက်လျှင် ကြက်သွန်တစ်စိတ်ကို ကိုက်သောသွားပေါ်တွင် တင်ထားပါ။
၂။ အကျိတ်အနာနှင့် သက်တန့်ရောဂါများတွင် ကြက်သွန်နီကို မီးအုံးပေးပါ။
၃။ နားကိုက်သော် မီးအုံး၍ အရည်ညှစ်ထည့်ပါ။
၄။ ကင်း၊ ပျား၊ ပိုးစသည်တို့ကိုက်သော် ကြက် သွန်နီကို အလယ်မှဝိုင်း၍ ကိုက်သောနေရာကို နာနာပွတ်ပါ။
၅။ ငှက်ဖျားရောဂါဖြစ်လျှင် ငရုတ်ကောင်းနှင့် တစ်နေ့ သုံးကြိမ် စားပါ။
၆။ ချောင်းဆိုးသွေးပါ အဆုတ်နာ ရောဂါသည်များ ကြက်သွန်နီဥကို အစိမ်းစားပါ။
၇။ ညအိပ်မပျော်သူများ ကြက်သွန်နီဥကို မီးဖုတ်၍ဖြစ်စေ၊ ပေါင်း၍ဖြစ်စေ စားသုံးပါ။
၈။ ခေါင်းတွင် ဖြစ်တတ်သော ဗောက်များ စင်ကြယ်လိုပါက ခေါင်းလျှော်သည့်အခါ ကြက် သွန်နီနှင့် ပွတ်တိုက်ပေးပါ။
ရှုတော်မူဆေးကျမ်းတွင်လည်း-
ကြက်သွန်နီဥသည် လေ၊ သလိပ်၊ သည်းခြေ၊ ဂုတ္တပိတ်နာ၊ အဖျားမျိုးနာ၊ ချောင်းဆိုး၊ ကုတ်ဟီး နာတို့ကို နိုင်၏။ ဆီးကို ရွှင်စေတတ်၏ဟု ဆိုပါသည်။
အိန္ဒိယနိုင်ငံ၌ ကြက်သွန်နီကို အားဆေး၊ ဆီး ရွှင်ဆေး၊ ချောင်းဆိုးဆေး၊ ကျောက်ကပ်ရောဂါ၊ လိပ်ခေါင်း၊ လေပွ၊ ဘေးထိုးရင်ကျပ်နှင့် မီးယပ်ရောဂါများအတွက် သုံးသည်။ ကလေးများကို ကြက်သွန်နီအစိမ်းများများကျွေး၍ သန်ကောင်ဖြစ်သော ရောဂါမှ ကာကွယ်ကြသည်။
ကြက်သွန်နီဥအတွင်းတွင် အလွန်စူးရှသော အနံ့ရှိသည့် အဆီအနှစ်တစ်မျိုး ခိုအောင်းနေလေ့ ရှိပါသည်။ ထိုအဆီအနှစ်မှာ ဆာလဖာ၊ ကာဘွန်နှင့် ဟိုက်ဒရိုဂျင်တို့ စုပေါင်းထားသော ဓာတ်သ ဘာဝတစ်မျိုး ဖြစ်သည်။ ထို့ကြောင့် ကြက်သွန်နီဥကိုဓားဖြင့် လှီးချလိုက်လျှင် ထိုဓာတ်သဘာဝက အငွေ့အဖြစ်ထွက်လာပြီး မျက်စိစပ်ခြင်း၊ မျက်ရည်ယို စီးကျရခြင်းဖြစ်သည်။ ကြက်သွန်နီမှ အငွေ့ထွက်လာခြင်း၊ မျက်စိစပ်ခြင်း၊ မျက်ရည် ယိုခြင်းတို့ကို ကာကွယ်ရန် နည်းအမျိုးမျိုး ရှိပါသည်။
အနောက်နိုင်ငံမှ အိမ်ရှင်မများသည် တစ်နေ့စာစားသုံးရန် ကြက်သွန်နီများကို ရေခဲသေတ္တာထဲတွင် ကြိုတင်ထည့်ထားပြီးမှ လှီးခါနီးတွင် ယူထုတ်၍ လှီးကြသည်ဟုဆိုပါသည်။ အလွယ်ကူဆုံးနည်းမှာ ကြက်သွန်နီ တစ်နေ့စာ ချက်ပြုတ်စားသုံးလိုသမျှကို ကြိုတင် ရေစိမ်ထားပြီး လှီးသည့်တုံးပေါ်တွင် ဆားဖြူးထားပါက လှီးသူသည် မျက်စိစပ်ခြင်း၊ မျက်ရည်ယိုခြင်း မဖြစ်နိုင်ပါ။
ကြက်သွန်နံ့ မစွဲစေရန်အတွက်မူ လှီးသော ဓားနှင့်လက်များ ကြက်သွန်နံ့စွဲလျှင် ဆားဖြင့်ပွတ်ပြီး ရေနွေးနှင့်ဆေးပါ။ ကြက်သွန်နီ များများစားသဖြင့် ပါးစပ်တွင် အနံ့စွဲနေမည်စိုးလျှင် ဆန်စိမ်းကိုဝါး၍ ထွေးပစ်ခြင်း၊ သံပရာရည်သောက်ခြင်း၊ နွားနို့စိမ်း သောက်ခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါသည်။
တစ်ဖန် အနောက်နိုင်ငံမှ စိုက်ပျိုးရေးသမားများသည် ကြက်သွန်နီအခွံကို ကြည့်ပြီး အခွံပါးလျှင် ဆောင်းရာသီတွင် အချမ်းပေါ့မည်။ အခွံထူလျှင် ဆောင်းရာသီတွင် အအေးလွန်ကဲမည်။ ရာသီဥတုကြမ်းတမ်းမည်ဟု ကြိုတင်တွက်ချက်ထားတတ်ကြပါသည်။
အခန်းများတွင် ဆေးသုတ်ပြီးပါက ဆေးနံ့ပျောက်ပြီး အခြောက်မြန်စေရန်အတွက် ရေအေးထည့်ထားသော ရေပုံးထဲ၌ ကြက်သွန်နီကို ထက်ခြမ်းခြမ်းထည့်၍ ဆီဆေး အသစ်သုတ်ထားသော အခန်းအလယ်တွင် ချထားပါက ဆေးနံ့များ မကြာမီပျောက်သွားနိုင်ပါသည်။ ထိုအတိုင်း တစ်ည သိပ်ထားပါက ဆေးများလျင်မြန်စွာ ခြောက်သွေ့သွားနိုင်ပါသည်။
ကြက်သွန်နီဥကို ချိုင်းကြားတွင် ညှပ်ထားပါက မဖျားဘဲနှင့် ကိုယ်ပူစေပါသည်။
ကြက်သွန်နီဥအသေး သို့မဟုတ် ကြက်သွန် သုံး၊ လေးဥကိုဝါးစား၍ ရေအဝသောက်ပြီး နေပူကျဲကျဲတွင် ခရီးသွားသော် ပူမှန်းမသိ အပူရှိန်ကိုခံနိုင်သည်ဟု ယူနာနီ ဆေးပညာက ဆိုပါသည်။
ဆံပင်ကျွတ်သည့်နေရာတွင် ကြက်သွန်နီဖြင့် ပွတ်ပေးခြင်းဖြင့် ဆံပင်ပေါက်စေပြီး ဆံပင်ဖြူလျှင် ကြက်သွန်နီဖြင့် နေ့စဉ်ပွတ်ပေးပါက ဆံပင်မည်းသည်ဟု နာနာနယစွယ်စုံ ကျမ်းကဆိုသည်။
သစ်သီးဝလံစိုက်ပျိုးသော ခြံများတွင် ကြက်သွန်နီဥကြီးကြီးကို ခြမ်းပြီးအခြမ်းလိုက် ချိတ်ဆွဲထားပါက သီးနှံဖျက်ငှက်များကို ဝေးဝေးက ရှောင်ပြေးစေသည်ဟု သိရပါသည်။
ဆေးဖက်လည်းဝင်၊ စားသောက်ဖွယ်လည်းဖြစ်၊ အထွေထွေအသုံးချ၍လည်းရသည့် အာနိသင်ရှိသော ကြက်သွန်နီကို မြန်မာနိုင်ငံတွင် စိုက်ပျိုးရန် မခဲယဉ်းပါ။ မြေဆွေး (သို့မဟုတ်) နွားချေးမြေဆွေးရလျှင် အပင်သန်သည်။ ကဆုန်လမှ သီတင်းကျွတ်လအတွင်း စိုက်ပျိုးမည်ဆိုလျှင် ပိုမို ဖြစ်ထွန်းသည်။ ကြက်သွန်နီ ဥကိုစိုက်လျှင် မျိုးစေ့ရသည်။ မျိုးစေ့ကို ပျိုးထောင်စိုက် ပြီးလျှင် တစ်လသားတွင် စိုက်ခင်း၌ ခြောက်လက်မခန့်စီ ခွာ၍ ပြောင်းစိုက်ရပါသည်။ ကြက်သွန်မြိတ် စားလိုသူများ ဥသေးသေးကို ရွေးပြီးစိုက်ပါ။ ကြက်သွန်မြိတ်လည်းရသည့်အပြင် အမြိတ်ဖြတ်ပြီး ကြက်သွန်ဥ ငယ်ကိုပါ စားသုံးရပါသည်။ ကြက်သွန်နီကို မိမိ၏ အိမ်ရှေ့၊ အိမ်ဘေး၊ အိမ်နောက်ဖေး စသည့် ရရာမြေကွက်ငယ်တွင် မြေဆွေးထည့်ပြီး တစ်အိမ်ထောင်စားသုံး၍ ဖူလုံစေရန် လွယ်ကူစွာ စိုက်ပျိုးနိုင်ကြသည်ဖြစ်၍ ဖတ်မှတ်သိရှိခဲ့ရသည့် ကြက်သွန်နီ၏ အာနိ သင်အချို့ကို မျှဝေလိုက်ရပါသည်။
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )