၂၀၂၅ ဇန်နဝါရီ ၂၅
တပ်မတော်အပေါ် မုန်းတီးစိတ်ကို အခြေခံကာ တော်လှန်ရေးခေါင်းစဉ်တပ်ပြီး ကျည်ကွယ်မျက်ကွယ် ပြည်ပမှာနေပြီး လူငယ်ထုကို သွေးထိုးမြှောက်ပင့်နေကြသည့် NUG အမည်ခံ အကြမ်းဖက်ခေါင်းဆောင်များ၏ ကျဆုံးခန်းက တဖြည်းဖြည်း နီးကပ်လာပြီဟု သုံးသပ်ရသည်။ ပြည်သူအချို့ တပ်မတော်အပေါ် မုန်းတီးစိတ်ဖြစ်စေရန် ဝါဒဖြန့်လှုံ့ဆော်ကာ အလှူခံ၍ သာသာယာယာ တော်လှန်နေကြ သူများနှင့်စစ်ကို နဖူးတွေ့ ဒူးတွေ့တွေ့နေရသည့် ၎င်းတို့၏ သွေးထိုးမှုကြောင့် စစ်နွံအတွင်း ရောက်ရှိသွားသော လူငယ်တို့၏ ဘဝနေထိုင်မှုများက အချိန်ကာလ လေးနှစ်ခန့်အရောက်တွင် သိသိသာသာ ပေါ်လွင်ထင်ရှားလာခဲ့ပြီ ဖြစ်သည်။ ပြည်ပနိုင်ငံအသီးသီးသို့ ထွက်ပြေးသွားကြပြီး မိုးရွာတုန်း ရေခံ၊ သွေးဆူတုန်း အလှူခံကြပြီးနောက် ၎င်းတို့ ပြည်ပတွင် ဘဝနေထိုင်ရေး ခိုင်ခိုင်မာမာဖြစ်စေရန် ကြိုးပမ်းမှုများက ပိုမိုသိသာ ထင်ရှားလာခဲ့သည်။ တော်လှန်ရေးအမည်ခံ စီးပွားရေးသဖွယ် ဆောင်ရွက်မှုများကိုလည်း ယနေ့ကာလတွင် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူ နိုင်ငံသားအသီးသီး အမြင်မှန်ရရှိလာကြပြီး အလှူခံရရှိမှုများမှာလည်း လျော့နည်းလာချိန်တွင် မင်းသားခေါင်းဆောင်းထားသည့် ဘီလူးတို့၏ သရုပ်မှန်က ပေါ်ထွက်လာသည်။ ၎င်းတို့ဘ၀ ရပ်တည်ရေး ခိုင်မာစေရန် စီးပွားရေး လုပ်ငန်းများ အပြိုင်အဆိုင်ထူထောင်လာခြင်း၊ ပြည်ပနိုင်ငံ အသီးသီးတွင် အခြေချနေထိုင်ရေး ကြိုးပမ်းလာမှုများက ဖုံးမနိုင်ဖိမရ ဖြစ်လာသည်။
အခြေအမြစ်မရှိတဲ့ စကားလုံးများနှင့်စတဲ့တော်လှန်ရေး
၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများကို ဖုံးကွယ်ဖို့ ကြိုးပမ်းအားထုတ်ရန်အတွက် တပ်မတော်က မတရားတိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့သည့်သဖွယ် ပုံဖော်ကာ လူထုကို အုံကြွမှုဖြစ်အောင် ကနဦး ကြိုးပမ်းခဲ့ကြသည်။ ယင်းနောက် အမုန်းတရားနှင့် ဒေါသများ တိုးပွားလာရေးအတွက် မျှော်လင့်ချက် အမှားများဖြင့် ဝါဒဖြန့်ကာ ၎င်းတို့ကိုယ်တိုင်က ပြည်ပသို့ ကိုယ်လွတ် ရုန်းပြေးခဲ့ကြသည်။ ယင်းနောက် ကနဦးအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံ့တာဝန်ထမ်းဆောင်နေမှုကို ဟန့်တားရန်၊ သစ္စာမဲ့ ဝန်ထမ်းများဖြစ်စေရန် CDM ဟူသော လှုပ်ရှားမှုကို ပြုလုပ်စေရန် ဖိအားပေးခဲ့ကြသည်။ လူအုပ်စုကြီးများဖြင့် အစိုးရ ရုံးဌာနများရှေ့တွင် နိုင်ငံ့ဝန်ထမ်းများ ဂုဏ်သိက္ခာကျဆင်းစေရန် ဖိအားပေးခြင်းများကို ဒီမိုကရေစီကို ယုံကြည်သူများဟု ထင်ယောင်နေသူများက ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် နာမည်ကျော် အနုပညာရှင်များ၊ နိုင်ငံရေးအရ သြဇာသက် ရောက်သူများကလည်း နိုင်ငံ့ဝန်ထမ်းများ သစ္စာမဲ့ ဝန်ထမ်းများဖြစ်စေရေးအတွက် အစိုးရရုံးဌာနများ ရှေ့တွင် CDM ပြုလုပ်ရန်၊ ထိုသို့ ပြုလုပ်ပါက ပြည်သူများမှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယနေ့ကာလတွင် ပြန်လည်သုံးသပ်ကြည့်ပါက အခြေအမြစ်မရှိသော စကားလုံးများဖြင့် နိုင်ငံ့ဝန်ထမ်း အနည်းငယ်ကို CDM ထောင်ချောက်အတွင်းသို့ သွတ်သွင်းခဲ့ကြသည်။
ထို့အပြင် ၂၀၂၁ကာလက ပြည်သူများေ၀ဝါးစေရန် နိုင်ငံတကာကတပ်များ မြန်မာနိုင်ငံတွင်း ဝင်ရောက်မည်၊ သုံးလနှင့်ခြောက်လအတွင်း အစိုးရယန္တရားများ ရပ်ဆိုင်းသွားမည်ဟူသော ဝါဒဖြန့်သတင်းများဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့သော အခြေအမြစ်မရှိသည့် စကားများကြောင့် အေးချမ်းစွာ ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာသဖြင့် အစိုးရမှ ထိန်းကျောင်းပေးခဲ့ရသည်။ ဆူပူအကြမ်းဖက် ဆန္ဒပြမှုများကို ဖြေရှင်းရာတွင်လည်း ပြည်သူအချို့ ထိခိုက်မှုများကိုလည်း ပြည်ပရောက်သူများက ပုံကြီးချဲ့ကာ ပြည်ပသတင်းဌာနအချို့၏ အားကိုယူပြီး လိုသလို ပုံဖော်ခဲ့ကြသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်ကုန်လျှင် တော်လှန်ရေးပြီးပြီ၊ ၂၀၂၂ ကုန်လျှင်ပြီးပြီ၊ ၂၀၂၃ တွင် နိဂုံး ဖြစ်ပြီ၊ ၂၀၂၄ ခုနှစ်သည် အဆုံးအဖြတ်နှစ် အစရှိသော တာဝန်ယူ တာဝန်ခံသူမရှိသော လေလှိုင်းပေါ်က စကားလုံးများဖြင့် ပြည်သူကို ပုံမှားရိုက်ခဲ့ကြသည်။ ထိုကာလများတွင် အခွင့်ကောင်းယူကာ ၎င်းတို့က ကိုယ်ကျိုးစီးပွားရေးအတွက် အမည်နာမပေါင်းစုံဖြင့် အလှူခံခဲ့ကြသည်။
နိုင်ငံရေး သန္ဓေမမှန်သူတို့၏ ခြေလှမ်း
နိုင်ငံရေး သန္ဓေမမှန်သူတို့၏ နိုင်ငံ့အကျိုးစီးပွားနှင့် ပြည်သူအပေါ် ပျက်စီးရာပျက်စီးကြောင်း ခြေလှမ်းများက သွေးအေးလာချိန်တွင် ပြန်လည်သုံးသပ်ကြည့်ပါက လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားလာပြီဖြစ်သည်။ ကိုဗစ်ရောဂါ ပြန့်ပွားမှုကာလများတွင် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲဖြစ်စေရန် အကြံဖြင့် ကျန်းမာရေးဝန်ထမ်းများကို တာဝန်ထမ်းဆောင်မှု မပြုနိုင်စေရန် ဖိအားပေးခဲ့ကြသည်။ ပြည်သူ့ကျန်းမာရေးသည် နိုင်ငံရေးနှင့် လားလားမျှ မသက်ဆိုင်သော်လည်း ၎င်းင်းတို့၏ သန္ဓေမမှန်မှုများဖြင့် ပြည် သူတို့၏ ကျန်းမာရေး ရပိုင်ခွင့်ကို ပိတ်ပင်ခဲ့ကြသည်။ ထို့အပြင် ကာကွယ်ဆေးများကို နိုင်ငံတော်အစိုးရက အခက်အခဲများကြားက ပြည်သူများရရှိ ထိုးနှံနိုင်စေရန် ကြိုး ပမ်းရာတွင်လည်း ကာကွယ်ဆေးများ မထိုးနှံရန်၊ မည်သူပြန်လာမှ ကာကွယ်ဆေးထိုးရန် စသည့် လှုပ်ရှားမှုများကလည်း ယနေ့ကာလတွင် ပြန်လည်သုံးသပ်ကြည့်ပါက အောက်တန်းကျခဲ့သော လုပ်ရပ်များပင်ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် ပြည်သူအတွက် အပ်တိုတစ်ချောင်း၊ ကာကွယ် ဆေး တစ်လုံးပင် ထောက်ပံ့မပေးနိုင်ဘဲ လေလှိုင်းပေါ်တွင် အစိုးရအမည်ခံခဲ့ခြင်းများ ရယ်ပွဲဖွဲ့စရာအဖြစ် ယနေ့ကာလတွင် ပြန်ပြောင်း ပြောဆိုနေကြပြီ ဖြစ်သည်။
ထို့အပြင် သန္ဓေမမှန်သူတို့၏ ယုတ်မာမှုက ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူများ ကျောင်းမတက်စေရန် ဖိအားပေးခြင်းများ၊ ပညာရေးဝန်ထမ်းများကို အကြမ်းဖက် သတ်ဖြတ်ခြင်းများ၊ ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ပညာရေး အရေးကြီးမှုကို သိနားလည်သော ပြည်သူများက သားသမီးများ၏ ပညာရေးအတွက် ကြိုးပမ်းခဲ့ကြသဖြင့် ၎င်းတို့၏ အကြံအစည်က ပျက်ပြယ်ခဲ့ကြသည်။ ယင်းနောက် အကြမ်းဖက်မှုများကို ဆက်တိုက် ကျူးလွန်ခဲ့ကြသည်။ ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးများမှာ အစိုးရ၏ ဒေါက်တိုင်များဟု သမုတ်ကာ စွပ်စွဲချက်ပေါင်းများစွာဖြင့် အကြမ်းဖက်သတ်ဖြတ် ခဲ့ကြသည်။ ထိုသို့သော အပြုအမူများက အကြမ်း ဖက်မှု သက်သက်များသာဖြစ်ပြီး ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်ရေးကို ထိပါးနှောင့်ယှက် ခြင်းများသာ ဖြစ်ခဲ့သည်။
လူငယ်ထုကို လက်နက်ကိုင်သံသရာကို တွန်းပို့ခြင်း
နိုင်ငံရေးအရ ယုတ်မာမှုအဖြစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဟု ဆိုသောသူများက ဦးဆောင်ကာ တိုင်းရင်းသား နယ်မြေများတွင် လူငယ်လူရွယ်များ လက်နက်နှင့် ယဉ်ပါးစေရန် ပို့ဆောင်ခဲ့ကြသည်။ ယင်းနောက် မြို့ပြများဆီသို့ ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်များ အရောက်ပို့ကာ အများပြည်သူ အထိတ်တလန့် ဖြစ်စေရန် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် လက်နက်နှင့် ပိုမိုယဉ်ပါးလာသည့် လူငယ်အများစုကို ဓမ္မနှင့်အဓမ္မဟူသော စကားလုံးကို ရေလဲသုံးကာ နိုင်ငံရေးအရ အမြင်မတူသူများကို မျိုးစုံသော စွပ်စွဲချက်များနှင့် ချောင်းမြောင်းလုပ်ကြံ သတ်ဖြတ်ခဲ့ကြသည်။ ထိုမှတစ်ဆင့်တက်ကာ တိုင်းရင်း သားလက်နက်ကိုင်နယ်မြေများတွင် အမည်မျိုးစုံနှင့် အကြမ်းဖက်အဖွဲ့အစည်းပေါင်းများစွာကို နောက်ကွယ်မှ ထောက်ပံ့ကာ တိုင်းပြည် မငြိမ်မသက်ဖြစ်စေရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြသည် ၎င်းင်းတို့ကိုယ်တိုင်မှာမူ ပြည်ပနိုင်ငံအသီးသီးတွင်ခိုလှုံကာ တော်လှန်ရေးဟုဆိုကာ ရေပေါ်ဆီ လူတန်းစားတစ်ရပ်အဖြစ် ရပ်တည်ခဲ့ကြသည်။ စိတ်ခံစားချက် (Emotion) ဖြင့် ပြုလုပ်သော နိုင်ငံရေး၊ ခံစားမှု ဝိဝါဒကွဲပြားသည့် အယူအဆဖြင့် ပြုလုပ်သော တော်လှန်ရေးသည် မည်သည့်အခါမျှ အောင်မြင်မည် မဟုတ်ပေ။
လူငယ်ထု သိမြင်လာသည့် NUG တစ်သိုက်၏ ချနင်းခံရခြင်း
မကြာသေးမီရက်ပိုင်းက NUG အမည်ခံ အကြမ်းဖက်အဖွဲ့မှ ပြည်ပရောက်လူတစ်စုက စစ်ကိုင်းတိုင်းဒေသကြီးတွင် ရုံးစိုက်မည်ဟူသော သွေးတိုးစမ်း သတင်းတစ်ရပ်ကို ထုတ်လွှင့်ခဲ့ကြသည်။ ရက်ပိုင်းအတွင်း လက်နက်ကိုင်လူငယ်အဖွဲ့များထံမှ တုံ့ပြန်မှုများကို လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။ တုံ့ပြန်မှုက ၎င်းတို့၏ သွေးထိုးမြှောက်ပင့်မှုကြောင့် လူငယ်တို့၏ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရခြင်း၊ ငွေကြေးအလှူခံသော်လည်း ၎င်းတို့ကို တစ်စုံတစ်ရာ မထောက်ပံ့ခြင်းတို့ကို ဖော်ထုတ်ပြောဆိုကာ လာရောက် ရုံးစိုက်မှုကို လက်မခံကြောင်း သတင်းစကားများပင် ဖြစ်သည်။ ထိုသို့တုံ့ပြန်မှုက စိတ်ဝင်စားဖွယ် ဖြစ်သည်။ လူငယ်ထုအနေဖြင့် အချိန်က ပြောလာသော စကားများကို သိရှိလာပြီး ၎င်းတို့ကို ဘန်းပြကာ အလှူခံစားနေသူတို့၏ အသုံးချခံဘ၀ များအဖြစ် နားလည်သွားကြခြင်းပင်လောဟု ထင်မြင်မိသည်။ လူငယ်ထုအနေဖြင့်လည်း အမှားပြင်ချိန်တန်ပြီဟုလည်း တိုက်တွန်းလိုသည်။
"ကျွန်မ ခဏခဏပြောဖူးပါတယ်။ ကျွန်မတို့ နိုင်ငံရေးလုပ်တယ်ဆိုတဲ့ ကာလတွေမှာ တိုင်းပြည်ကို မဖျက်ဆီးဖူးဘူး။ ပျက်စီးရာပျက်စီးကြောင်းလည်း မကြံဖူးဘူး။ ကျွန်မ ခုပြည်ပမှာနေပေမယ့် လူငယ်တွေကိုမျက် ခြည်မပြတ် စောင့်ကြည့်ပြီး သတိပေးခဲ့သလို သတိပေးနေဆဲပါ။ ကျွန်မက ဒီလူတွေနဲ့ ခုတစ်နိုင်ငံတည်းနေတာ ဒီလူတွေ အကျိုးစီးပွားအတွက် လူငယ်တွေကို ချနင်းတာ များနေပြီ။ သူတို့သားသမီးတွေ ဒီနိုင်ငံမှာ ကျောင်းတက်နေကြပြီ။ ကျန်လူငယ်တွေကိုတော့ လက်နက်ကိုင်သံ သရာထဲမှာထားပြီး လူငယ်တွေရဲ့ အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာကို ဖျက်ဆီးခဲ့ကြပြီးပြီ။ ခုသူ တို့ရုံးထိုင်မယ်ဆိုတော့ စစ်ကိုင်းတိုင်းမှာရှိတဲ့ လူငယ်တွေရဲ့ တုံ့ပြန်မှုက သူတို့ အသုံးချခံနေရတာ သဘောပေါက်သွားတဲ့ သဘောပဲ။ ဒါကြောင့် လူငယ်တွေ လမ်းမှန်ကို ပြန်သွားကြပါ။ နိုင်ငံရေးကို အမှန်တကယ် စိတ်ဝင်စားရင်၊ နိုင်ငံကို ကောင်းစေချင်ရင် မှန်ကန်တဲ့ လမ်းကြောင်းကိုသွားဖို့ တိုက်တွန်းလိုပါတယ်"ဟု ပြည်ပတွင် အခြေခံနေထိုင်သော NLD ပါတီလူငယ်စည်းရုံးရေးမှူးဟောင်း တစ်ဦးက အကြံပြုပြောကြားသည်။
၂၀၂၅ ဟာ NUG ရဲ့ ကျဆုံးခန်းလား
" NUG ဆိုတာက ၂၀၂၀ ရွေးကောက်ပွဲကနေ အခြေခံလာတဲ့ CRPH ဆိုတဲ့ အဖွဲ့အစည်းကနေ ဖြစ်ပေါ်လာတယ်ပေါ့ဗျာ။ ဒါက ဘယ်မှာ နိဋ္ဌိတံသွားမလဲလို့မေးရင် လက်ရှိအစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေပေါ်လာရင် ပြီးသွားပြီပေါ့ဗျာ။ ဒါကြောင့်လည်း ရွေးကောက်ပွဲကာလ ရွေးကောက်ပွဲအလွန်ဆိုတာတွေ မဖြစ်စေဖို့ NUG က တာဝန်ကြီးတစ်ရပ်လိုနဲ့ ဟန့်တားနှောင့် ယှက်တာပေါ့ဗျာ။ ဒုတိယအချက်ကတော ၂၀၂၀ မဲမသမာမှုကြောင့် တိုင်းပြည်တာဝန်ယူထားရတဲ့ အစိုးရအနေနဲ့ ရွေးကောက် ပွဲတစ်ရပ် ကျင်းပေးမယ်လို့ ပြောထားတဲ့အတွက် အစိုးရအနေနဲ့က အခြေခံဥပဒေအရ အကောင်အထည် ဖော်မှာပဲလေ။ ဒါတွေက လာအားပြိုင် တော့ ကျွန်တော်တို့ သိခဲ့၊ ကြားခဲ့ကြသလို ၂၀၂၁နှစ်ကုန်ရင် ပြီးပြီဆိုတာမျိုးက ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ စသဖြင့် ကြွေးကြော်လာခဲ့ကြတာမျိုးပေါ့ဗျာ။ ခု ၂၀၂၄လည်း ကုန်ပြီပေါ့ဗျာ။ သူတို့ရဲ့ ကြွေးကြော်ချက်၊ ရပ်တည်ချက်တွေက အရာမထင်ကြဘူးပေါ့ဗျာ။ ဒါကြောင့် ရွေးကောက်ပွဲအလွန်ဆိုရင် သူတို့ရဲ့အသက်သည် နိတ္တိတံပြီ ဆိုတာသိတော့ သူတို့ပြောသလို ပြည်တွင်းမှာပြန်ပြီးလှုပ် ရှားကြ မယ်ဆိုတာမျိုး အသံလွှင့်ကြတာပေါ့ဗျာ။ အဲဒီမှာ အဖွဲ့အစည်းတွေပေါ့ဗျာ။ ပြည်တွင်းမှာက ကာလရှည် လက်နက်ကိုင်လာတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နောက် ၂၀၂၁ လောက်မှ ပေါ်လာတဲ့ အဖွဲ့အစည်းတွေက ပြည်ပအထောက်အပံ့တွေနဲ့ လှုပ်ရှားလာတဲ့ အဖွဲ့တွေဆိုတာ သိသာမြင်သာလာတာ ပေါ့ဗျာ။ ဒီတော့ NUG က ၂၀၂၁ နောက်ပိုင်းမှာပေါ်လာတဲ့ လက်နက်ကိုင်တွေကို သူတို့က ဦးဆောင် တယ်ဆိုတာမျိုးဖြစ်အောင် ကြိုးစားတည်ဆောက်တယ်။ နောက်ပြီး လွတ်လပ်ရေးနဲ့အပြိုင်ပေါ်လာတဲ့ လက်နက်ကိုင်တွေကိုလည်း ဦးဆောင်နေသယောင် ပုံမှားရိုက်တာပေါ့ဗျာ။ ဒါက မြန်မာ့နိုင်ငံရေးမှာ အားလုံး နိုင်ငံတကာကပါ ထင်သာမြင်သာတဲ့ အချက်ပေါ့ဗျာ။ ဒါကြောင့် လက်ရှိအစိုးရက ဘယ်လိုပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲ နောက်ပဲကျကျ၊ စောပဲစောစော အစိုးရဖွဲ့စည်းနိုင်မယ့် လွှတ်တော်ပေါ်လာရင် ပြည်ပမှာနေပြီး လေလှိုင်းပေါ်က အစိုးရလို့ အော်နေတဲ့သူတွေရဲ့ သက်တမ်းက ကုန်ပြီလေ။ လက်ရှိမှာ NUG, CRPH ဆိုတာတွေကို ထောက်ခံမှုက ကျဆင်းလာ၊ သူတို့ရဲ့ ဆောင်ရွက်ချက်တွေက မအောင်မမြင်ဖြစ်လာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ချဉ်းကပ်တဲ့ အပြောတွေပြော လာတာပေါ့ဗျာ။ သို့သော် အခြေအနေအရပ်ရပ်တွေကို သုံးသပ်ရင် သူတို့ အောင်မြင်နိုင်ခြေမရှိဘူး။ သူတို့ရဲ့ ထိန်းချုပ်မှုအောက် တချို့လူငယ်လက်နက်ကိုင်တွေတောင် ရှိမယ့်ပုံမပေါ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်ဆိုရင် ပိုဝေးတာပေါ့ဗျာ။ အဖွဲ့အစည်းတွေက သူ့ကိုအသုံးချ၊ ကိုယ့်ကို အသုံးချဆိုတာမျိုးပဲ တွေ့မြင်ရပါတယ်။ အပြန်အလှန် အသုံးချကြပြီး အမြတ်ထုတ်ကြတာပေါ့ဗျာ။ ခုအခြေအနေမှာ NUG အနေနဲ့ မလွယ်တဲ့နိုင်ငံရေး အနေအထား၊ စစ်ရေးအနေအထားရောက်နေတော့ NUG ဟာ ကျဆုံးတော့မယ်လို့ သုံးသပ်နိုင်ပါတယ်"ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
အထက်ပါ အခြေအနေအရပ်ရပ်များကြောင့် NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ နိဂုံး အဆုံးသတ်ခန်းက မဝေးတော့သည့် ကာလကို ရောက်လာတော့မည် ဖြစ်သည်။ နိုင်ငံရေးဂုဏ်သိက္ခာ မရှိသော ပြောဆိုချက်များကြောင့် ယုံကြည်မှုများ ပျောက်ဆုံးခြင်း၊ ချနင်းခံရသော လူငယ်ထုများ၏ အမြင်၊ အသိမှန်လာမှု၊ ၎င်းတို့၏ ပြည်ပ လူနေမှုခိုင်မာရေးအတွက် မြောက်မြားစွာသော အလှူခံရငွေ များကို ခိုးယူနေကြခြင်းအပေါ် ဝေဖန်မှုများကြောင့် ကျဆုံးချိန်က ပိုမိုမြန်ဆန်လာသည်။ နိုင်ငံတော်အ စိုးရ၏ ရည်မှန်းချက်အတိုင်း ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင်လာပါက NUG ဟူသော ဆပ်ပြာ ပူဖောင်းများ ပျောက်ကွယ်ရတော့မည် ဖြစ်သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )