၂၀၂၄ ဇန်နဝါရီ ၂၇
လောက်ကိုင်မှာ စေတီဖြိုဖျက်တဲ့ကိစ္စ၊ လောက်ကိုင်ကို ဗမာမလာရဆိုတဲ့ကိစ္စတွေ FB မှာ တင်လာတာ၊ ဘာသာရေး၊ အမျိုးသားရေးစုစည်းဆန္ဒထုတ်ဖော်နေတာတွေဟာ ဒီအချိန်မှာ အတော်သတိထားစရာကောင်းပါတယ်။ ဇန်နဝါရီလ ၂၁ ရက်က နမ့်ဆန်မှာ TNLA က သမိုင်းဝင်စေတီတစ်ဆူ ဖျက်ဆီး လိုက်တယ်ဆိုပြီး သတင်းထုတ်ပြန်လာတာလည်း တွေ့လိုက်ရပါတယ်။
လောက်ကိုင်မှာ စေတီဖြိုဖျက်တဲ့ ဗီဒီယို၊ ဆင်းတုတော်ကို ဦးခေါင်းတော်က ထက်ခြမ်းခွဲတဲ့ပုံ၊ ခေါင်းဖြတ်တဲ့ပုံတွေဟာ တမင်ဆင်ရိုက်ထားတဲ့အနေ အထားလို့ သတိထားမိတယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ဖြစ်တဲ့နေရာကလည်း ကိုးကန့်ဒေသကို အခြေခံနေတယ်။ နမ့်ဆန်မှာ စေတီဖြိုချတာကို သတင်းအနေနဲ့သာ တွေ့ရပေမယ့် ဖြိုဖျက်နေတဲ့ပုံတွေ တက်လာတာ မတွေ့ရပါ။
သေချာလေ့လာကြည့်တော့ ကိုးကန့် MNDAA နဲ့ ပူးပေါင်းတိုက်နေကြတဲ့ထဲမှာ ဗကပတွေဖြစ်နေတာကို သွားတွေ့ရတယ်။ MNDAA နှင့် ပေါင်းနေတဲ့ PLA ဆိုတာ ဗကပ အကြွင်းအကျန်တွေကနေ ပြန်လည်ဖွဲ့စည်း ပေါ်ပေါက်လာခဲ့တာပါ။ Freelance journalist သက်ထွေးနိုင်ရဲ့ အင်တာဗျူးမှာ ဗကပပြောရေးဆိုခွင့်ရှိသူ ဖိုးသံချောင်းနဲ့ အင်တာဗျူးလုပ်ထားတာ သတိထားမိတယ်။ ဗကပတွေ ပြန်ခေါင်းထောင်လာနေတာ သတိထားစရာပါ။ ဖိုးသံချောင်းက ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး တပ်မတော်အပေါ် လုံးဝအယုံအကြည်မရှိကြောင်း၊ တပ်မတော်ရှိနေသမျှ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ရှိနေမှာဖြစ်ကြောင်းနဲ့ တိုင်းရင်းသားဒေသတွေကို ဆက်လက်တိုက်ခိုက်နေမှာ ဖြစ်ကြောင်း၊ တပ်မတော်ကို အမြစ်ပြုတ်သည်အထိ တိုက်ရမှာဖြစ်ကြောင်း၊ ဗကပရဲ့ထုံးစံအတိုင်း ပြောဆိုခဲ့တာတွေ့ရပါတယ်။
၁၉၈၉ ခုနှစ်မှာ ဗကပတို့ လက်နက်ကိုင်လမ်း စဉ်ပျက်စီးသွားပြီဆိုပြီး ၁၉၉၄ ခုနှစ် သြဂုတ် ၁၅ ရက် မှာ ဗကပ အထွေထွေ အတွင်းရေးမှူး(ယာယီ)က ပေါလစ်ဗျူရိုကိုတင်ပြတဲ့ ]ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမှ တစ်တိုင်းပြည်လုံး ဖွံ့ဖြိုးတိုးတက်ရေးသို့' အစီရင်ခံစာမှာ ဆိုထားတာတွေ့ရပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဗကပအတွင်းမှာရှိတဲ့ ကိုးကန့်၊ 'ဝ'၊ ရှမ်းနှင့် အခါလူမျိုးတွေက ဗကပကို ပြန်လည်တော်လှန်ပြီး တပ်မတော်နဲ့ ငြိမ်းချမ်းရေးရယူစဉ်အခါက ဗမာလူမျိုးဗကပခေါင်းဆောင်တွေကို တရုတ်ပြည်အတွင်း မောင်းထုတ်ခဲ့ကြပါတယ်။ ထိုဗကပခေါင်းဆောင်တွေကို တရုတ်ကွန်မြူနစ်ပါတီက စောင့်ရှောက်ထားခဲ့ပါတယ်။ ကူမင်းမှာနေစရာနဲ့ နိုင်ငံရေးပင်စင်ပေးထားခဲ့တယ်လို့ သိရပါ တယ်။ ၁၉၉၆ ခုနှစ်လောက်အထိ မြန်မာပြည်တွင်းက နိုင်ငံရေး အခြေအနေတွေ ထောက်လှမ်းဖို့၊ မြန်မာပြည်တွင်းမှာ နိုင်ငံရေးဆောင်ရွက်ဖို့ ရွှေလီ၊ ကြယ်ခေါင်မှာ ဗကပယူဂျီ ရုံးခွဲရှိခဲ့ပါတယ်။ သာမန်အားဖြင့် လက်ဖက်ရည်ဆိုင်လေးတစ်ခုဖြစ်ပေမယ့် ဗကပရုံးခွဲနေရာဆိုတာ ရွှေလီ၊ ကြယ်ခေါင်မှာ စီးပွားရေးသွားလုပ်ကြတဲ့ သူတိုင်းလိုလို သိကြပါတယ်။ ဆိုင်ကိုဦးစီးတဲ့သူက ၁၉၈၈ ခုနှစ်အရေး အခင်းကာလမှာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဆီကိုစာရေးသားဆက်သွယ်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗကပ ပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့သားပါ။
ထိုဗကပ အတွင်းရေးမှူးအစီရင်ခံစာမရေးမီ ၁၉၈၉ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်တွေမှာ နိုင်ငံရေးဆွေးနွေးဖို့ နဝတအစိုးရဆီ ဗကပကဆက်သွယ်ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိခဲ့ပါ။ ဗကပတွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ် ပျက်စီးသွားခဲ့ပြီဆိုပေမယ့် မြေအောက်နိုင်ငံရေး နည်းလမ်းကိုတော့ ယခုချိန်ထိ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိနေသေးတယ်ဆိုတာကို သတိထားရမှာဖြစ်ပါတယ်။ စစ်အစိုးရ လက်ထက်ကစပြီး တပ်မတော်မုန်းတီးရေး ဝါဒဖြန့်လုပ်ရပ်တွေဟာ ယူဂျီနည်းလမ်းများအတိုင်း ဆောင်ရွက်ခဲ့တာ တွေ့ပါတယ်။ အထူးသဖြင့် ဒေသစုံမှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲများမှာ ကြိုကြားကြိုကြား ပါးပါးလေး ပြောဆိုသိမ်းသွင်း ဝါဒဖြန့်သွားတာတွေကို သတိထားမိရင် တွေ့နိုင်ပါလိမ်မယ်။
ထို့အပြင် လေလှိုင်းပေါ်မှာ အင်တာနက်လိုင်းတွေ ခေတ်မီလာတဲ့အခါမှာ ဝါဒဖြန့်မှုတွေဟာ အတော်လွယ်လာခဲ့ပါပြီ။ Facebook ခေတ်စားလာတဲ့အခါမှာ တပ်မတော်မုန်းတီးရေး၊ သိက္ခာချရေးသက်သက် ဆောင်ရွက်လာတဲ့ အကောင့်တွေအများကြီး တွေ့လာရပါတယ်။ တပ်မတော်ရဲ့ မှန်ကန်တဲ့ လုပ်ရပ်၊ မှန်ကန်တဲ့ သမိုင်းစာမျက်နှာများ ရေးသားဖော်ပြရင် ချက်ချင်းဆိုသလို ဝင်ရောက်တုံ့ပြန်ကြတာ၊ ထိုစာကိုမှေးမှိန်သွားအောင် လုပ်တာတွေကို တွေ့ရပါတယ်။ ဗကပလို့ လက်ဆုပ်လက် ကိုင်ပြနိုင်ခြင်းမရှိပေမယ့် လုပ်ရပ်နဲ့ ရေးသားချေဖျက်မှု များကိုကြည့်ရင် အရမ်းသိသာပါတယ်။
ဗကပတို့အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့် လွှတ်လိုက်ရပြီဆိုပေမယ့် နိုင်ငံရေးအရ ဆောင်ရွက်မှုတွေရှိနေတာကို တပ်မတော်ထောက်လှမ်းရေးတွေအနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအရေးအခင်းမှာ ဗကပတို့ပူးဝင်လာခဲ့ပြီး ဗကပယူဂျီတစ်ယောက်ကို ဖမ်းဆီးရရှိခဲ့ပြီးမှ အရေးအခင်း ငြိမ်သက်သွားခဲ့ကြောင်း သိရှိရပါတယ်။ သို့သော် ထိုအခြေအနေကိုထုတ်ပြန်ရင် ပြည်သူလူထု အထိတ်တလန့်ဖြစ်မှာစိုးတဲ့အတွက် သတင်းထုတ်ပြန်ခြင်းမပြုခဲ့တာလို့ သိရပါတယ်။ ဆိုလိုချင်တာက ဒီလုပ်ရပ်တွေ ရှိနေခဲ့တယ်၊ ရှိနေစဲပဲဖြစ်တယ်လို့ သိစေချင်တာပါ။
ကိုးကန့်တွေဟာ တရုတ်လူမျိုးနွယ်တွေ ဖြစ်ကြပြီး မဟာယနတွေဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာကိုစော် ကားလိမ့်မယ်မထင်ပါ။ ဒီလုပ်ရပ်တွေဟာ ပြည်တွင်းမှာ ဘာသာရေးအဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖြစ်စေလိုတဲ့ MNDAA ထံမှာ ခိုလှုံနေတဲ့ ဗကပရဲ့ လက်ချက် ဖြစ်မယ်ဆိုတာ အတွေ့အကြုံအရ သေချာပါတယ်။ လက်ရှိဆောင်ရွက်ချက်တွေဟာ ၁၉၈၈ ခုနှစ်တုန်းကလို မြေပေါ်မြေအောက် ညှပ်တိုက်လိုတဲ့သဘောလို့ မြင်တယ်။ ၁၉၈၈ ခုနှစ် မတ်လမှာ ဘုန်းမော်အရေးအခင်းဖြစ်ပြီး ဇွန်လမှာ မြေနီကုန်း အရေးအခင်းဖြစ်ပါတယ်။ ဇူလိုင်လမှာ တောင်ကြီးနဲ့ပြည်မှာ ဘာသာရေးအခြေခံတဲ့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ မတ်လ အရေးအခင်းအစကလွဲလို့ ကျန်တဲ့အရေးအခင်းတွေဟာ ဗကပ ရဲ့ စနက်မကင်းတာ တွေ့ရပါတယ်။
၁၉၆၀ ပြည့်နှစ်မှာ ပါလီမန်ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှာ ဖြစ်တဲ့အတွက် ၁၉၅၉ ခုနှစ်မှာ သန့်ရှင်းဖဆပလ၊ တည်မြဲဖဆပလနဲ့ ပမညတတို့အပြိုင် မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။ ဦးနုက သူသာ ဝန်ကြီးချုပ်ဖြစ်ခဲ့ရင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် သတ်မှတ်မယ်ဆိုပြီး လူများစု ဗုဒ္ဓဘာသာဝင်တွေကို စည်းရုံးခဲ့ပါတယ်။ တကယ်လည်း သူအာဏာရတဲ့အခါမှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ သူမဲဆွယ်စည်းရုံးစဉ်မှာပင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်မယ့်ကိစ္စကို မြို့ ပေါ် ဗကပပါတီဖြစ်တဲ့ ပမညတက ကောင်းကောင်းကန့်ကွက် ထိုးနှက်ခဲ့ပါတယ်။ ဗကပယူဂျီတွေကတော့ ဘာသာရေး သွေးထိုးပေးခဲ့ကြတဲ့အတွက် နေရာအနှံ့မှာ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ပထမဆုံး စတင်ဖြစ်ပွားတာက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာပါ။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုသင့်၊ မသင့်ဖွဲ့စည်းခဲ့တဲ့ လေ့လာစုံစမ်းရေးကော်မရှင်ကို ကန့်ကွက်ဆန္ဒပြရာကအစ ပြုခဲ့ခြင်းပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဘာသာရေးနှင့်ပတ်သက်ရင် အကဲဆတ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီအပေါ်မှာ တာဝန်ရှိသူတွေ၊ အမျိုးသားရေးအားသန်သူတွေနဲ့ ပြည်သူလူထုတို့အနေနဲ့ သတိကြီးကြီး ထားသင့်ပါတယ်။ ဗကပတို့ရဲ့ နှစ်ပေါင်းများစွာ တပ်မတော်မုန်းတီးရေး ဝါဒဖြန့်မှုဟာ အခုချိန်မှာ အတော်တာသွားနေပြီ ဖြစ်ပါတယ်။ Human Psychology ကို ကောင်းစွာနားလည်ပြီး Subversion လုပ်ငန်းနဲ့ ချိတ်ဆက်အသုံးချတတ်တာ ဗကပတို့ရဲ့ အဓိက UG နည်းလမ်းပါ။ သူတို့ကျွမ်းကျင် ကြပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလမှာ ဗကပတို့ရဲ့ လှုပ်ရှားမှုတွေကို ကြိုကြားကြိုကြားတွေ့ခဲ့ရပေမယ့် ယခုအခါမှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)အနေနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ဏူဗ)လက်နက်ကိုင်တပ်ပါဖွဲ့စည်းပြီး ထင်ထင်ပေါ်ပေါ် ရပ်တည်လာခဲ့သည်မှာ သတိထားစောင့်ကြည့်ရမည့် ကိစ္စတစ်ခုဟုဆိုရမှာ ဖြစ်ပါတယ်။
ဗကပတို့ရဲ့ တိုက်ပွဲဝင်ခြင်းနည်းလမ်းက မြေပေါ်မြေအောက် ညှပ်တိုက်ခြင်းပဲဖြစ်ပါတယ်။ မြေပေါ်မှာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းဖြစ်ပြီး မြေအောက်နည်းကတော့ မြို့ပေါ်မှာ ဆူပူအုံကြွမှုဖြစ်စေခြင်းပဲဖြစ်ပါတယ်။ ထိုအခြေအနေကို ၁၉၈၈ ခုနှစ်မှာ ရှင်းရှင်းလင်း လင်းကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ထိုစဉ်က မြို့ပေါ်ဆူပူ အုံကြွမှု အရင်အားကောင်းပြီးမှ လက်နက်ကိုင်နယ်မြေ သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တာပဲ ဖြစ်ပါတယ်။ ယခုဖြစ်ပျက်နေရတဲ့ကိစ္စဟာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ သို့သော် နယ်မြေသိမ်း တိုက်ပွဲတွေ အားသာလာချိန် မြို့ပေါ်မှာ အဓိကရုဏ်းဖြစ်အောင် ဆောင်ရွက်နေတာလားဆိုတာကတော့ စဉ်းစားစရာပါ။ မည်သို့ပင်ဆိုပါစေ။ ထိုအခြေအနေကတစ်ဆင့် ကူးစက်မသွားဖို့ကိုတော့ သတိထားရမှာ ဖြစ်ပါတယ်။ သတိသည် လွန်တယ်မရှိပါ။
( ဇော်နိုင် )
( TREND News ဂျာနယ်အတွဲ(၃)၊ အမှတ် (၂) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )