၂၀၂၃ မေ ၁၅
ဆိုင်ကလုန်းမုန်တိုင်း မိုချာ စစ်ကိုင်းနဲ့ မန္တလေးကို ဖြတ်ပြီးရင် ကုန်းတွင်းမှာ အားပျော့ပျက်ပြယ်သွားမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်က “ဆိုင်ကလုန်းမုန်တိုင်း “မိုချာ”က စစ်တွေမြို့အနီးမှ ကုန်းတွင်းကို ESCS(Extremely Severe Cyclonic Storm) အားအလွန့် အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်အဆင့်(လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ နဲ့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးတဲ့နောက် ကုန်းတွင်းမှာ အရှေ့မြောက်ဘက်-ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့ကိုဖြတ်ကျော်ပြီး မေလ ၁၅ ရက် နံနက် ၆ နာရီခွဲအချိန် ကုန်းတွင်းမှာ အားပျော့ပျက်ပြယ်သွားတော့မယ်လို့ အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ချက်၊ JTWC WARNING-14 တို့မှာတွေ့ရပါတယ်” လို့ ပြောကြာထားပါတယ်။
ကုန်းတွင်းမှာ မေလ ၁၄ ရက် ညနေ ၆ နာရီခွဲအထိ လေတိုက်နှုန်း တစ်နာရီ ၈၆ မိုင်နှုန်းနဲ့ ချင်းပြည်နယ်ပေါ်ကို ရောက်ရှိပြီးတဲ့နောက် အရှေ့မြောက်ဘက် စစ်ကိုင်းတိုင်းအတွင်းကို လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ ခန့်ဖြင့် ကုန်းတွင်းမုန်တိုင်းအဆင့်နဲ့လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းကို လေဖိအားနည်းရပ်ဝန်း လေတိုက်နှုန်းတစ်နာရီ ၂၈ မိုင်နှုန်းနဲ့လည်းကောင်းဖြတ်ကျော်ပြီးတဲ့နောက် အားပျော့ပျက်ပြယ်သွားတော့မယ်လို့ တွေ့ရတယ်လို့လည်း ယင်းက ထပ်မံ ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုချာ” အဆင့်အမျိုးမျိုးနဲ့ ကုန်းတွင်းမှာဖြတ်သန်းစဉ် ချင်းပြည်နယ်နေရာအနှံ့အပြားမှာ လေပြင်းများ တစ်နာရီ ၈၆ မိုင်နှုန်းအထိတိုက်ခတ်ခဲ့ပြီး မိုးအလွန်သည်းထန်စွာ(၂၄ နာရီအတွင်းမိုရေချိန် ၁၀ လက်မခန့်အထိ) ရွာသွန်းခဲ့ကြောင်းတွေ့ရတယ်လို့လည်း ဦးဝင်းနိုင်က ပြောပါတယ်။
အခုအချိန်မှာတော့ ဆိုင်ကလုန်း “မိုချာ”ဟာ စစ်ကိုင်းတိုင်းအတွင်း “ကုန်းတွင်းမုန်တိုင်း”အဖြစ် အရှေ့မြောက်အရပ်ကို ဦးတည်ရွေ့လျားနေပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း စေတုတ္တရာ၊ ဆော၊ ပေါက်၊ မြိုင်၊ မုံရွာ၊ ကနီ၊ ထီးလင်း၊ ဂန့်ဂေါ၊ မင်းကင်း၊ ကလေး၊ ပင်လယ်ဘူး၊ ကောလင်း၊ ထီးချိုင့်၊ ဖေါင်းပြင်၊ မော်လိုက်၊ ဟုမ္မလင်း စတဲ့ မြို့နယ်တွေမှာ မိုးရေချိန် ၁ လက်မခွဲမှ ၈ လက်မ အထိ ရွာသွန်းနိုင်မှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်လို့လည်း သတိပေးပြောကြားထားပါတယ်။