၂၀၂၃ မေ ၈
ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်တွင် မေ ၇ ရက်မွန်းလွဲ ၂ နာရီကျော်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအချို့ ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့၍ နမ့်စန်မြို့ ၊အမှတ်(၄)ရပ်ကွက်ရှိ မြို့ဦးစာသင်ကျောင်း အ.ထ.က(ခွဲ)နှင့် နေအိမ် ၂ လုံး၊နမ့်စန်မြို့နယ်၊ ခိုလမ်နယ်မြေ၊ နားလွယ်ကျေးရွာရှိ နေအိမ် ၂ လုံးတို့ ပျက်စီးကာ ထင်းရှူးမြိုင်ကျေးရွာရှိ ဂေါ်ရခါးသီရိ ဘစ်စနူးဘုရားရှိခိုးကျောင်းရှိ အုတ်တံတိုင်းမှာလည်း ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

“လေက အတော်ကြမ်းကြမ်းတိုက်သွားတာ အခုပျက်စီးသွားတဲ့အိမ်တွေက လေကြောင်းသင့်သွားတော့ ပျက်စီးမှုတွေဖြစ်သွားတာပါ လက်တလော အဲဒီအိမ်တွေမှာနေတဲ့လူတွေကို လိုအပ်တာတွေကူညီပေးနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ခိုလမ်နယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။