၂၀၂၃၊ မေ ၉
ရာသီဥတုဆိုးရွားချိန်တွင် လှိုင်းဒဏ်/လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် ရာသီဥတုခိုလှုံခွင့်ပြုရာနေရာများတွင် ငါး/ ပုစွန်ဖမ်းဆီးလျှင်အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။
မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် ငါးဖမ်းရေယာဉ်များနှင့်ရေလုပ်သားများ အန္တရာယ်ကင်းလုံခြုံစွာ လှိုင်းဒဏ်၊လေဒဏ်များခိုလှုံနိုင်ရန်အတွက် ရာသီဥတုခိုလှုံရာနေရာများအား သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ထိုသို့ သတ်မှတ်ပေးထားသော်လည်း ရာသီဥတုခိုလှုံသည်ကိုအကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါး/ပုစွန်ဖမ်းဆီးခြင်းများကို စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားခြင်း ဖြစ်သည်။
ရာသီဥတုခိုလှုံရာ သတ်မှတ်ထားသည့် နေရာများမှာ ရခိုင်ပြည်နယ်ထဲကက စစ်တွေမြို့နယ်၊ မင်းဂံချောင်းအတွင်း၊ ပေါက်တောမြို့နယ်၊ ဖရုံဂါကျွန်း၊ ကျောက်ဖြူမြို့နယ်၊ ငလပွေ့ချောင်း၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းဆိပ်ကမ်း၊ သံတွဲ မြို့နယ်၊ သဗြုချိုင်၊ တောင်ကုတ်မြို့နယ်၊ သင်္ဘောဆိပ်၊ ဂွမြို့နယ်၊ တင်းတောကျေးရွာအုပ်စု၊ အမော်ချိုင်တို့ ဖြစ်သည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်၊ ချောင်းဝ ကျေးရွာ၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ၊ မွန်ပြည်နယ်က ရေးမြို့နယ်၊ ဝါးကျွန်းနဲ့ တနင်္သာရီတိုင်းဒေသကြီး ထဲက လောင်းလုံးမြို့နယ်၊ မောင်းမကန်ဘုတ်ကျွန်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးဘုတ်ကျွန်း၊ မြိတ်မြို့နယ်၊ တနင်္သာရီကျွန်း၊ ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်း စသည့်နေရာများကိုလည်း ရာသီဥတုခိုလှုံရာနေရာတွေအဖြစ်သတ်မှတ် ထားကြောင်း သိရသည်။