၂၀၂၃ မတ် ၁၃
လာမည့်နှစ်ရက်အတွင်း ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်နှင့် မွန်တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မတ် ၁၃ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လာမည့်နှစ်ရက်အတွင်း မိုးလေဝသခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် သုံးပေမှ ခုနစ်ပေခန့်ရှိနိုင်ကြောင်း သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်းကလည်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တိုတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။
နေ့အပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် နှစ်ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့အောက် နှစ်ဒီဂရီစင်တီဂရိတ်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့အောက် သုံးဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။
ထူးခြားသည့် နေ့အပူချိန်များမှာ တောင်တွင်းကြီးမြို့နှင့် ကျောက်တော်မြို့တို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်စီနှင့် မြောက်ဦးမြို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ချောင်းဆုံမြို့တွင် ၅ ဒသမ ၉၈ လက်မ၊ ဘားအံမြို့တွင် ၁ ဒသမ ၆၁ လက်မ၊ ဖြူးမြို့တွင် ၁ ဒသမ ၃၇ လက်မ၊ မြဝတီမြို့တွင် ၁ ဒသမ ၁၀ လက်မ၊ ဟင်္သာတမြို့တွင် သုည ဒသမ ၃၅ လက်မနှင့် ကော့ကရိတ်မြို့တွင် သုည ဒသမ ၂၈ လက်မတို့ဖြစ်ကြကြောင်း မိုးဇလမှ သိရသည်။