နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့အတွက် တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက် ဆက်မှ ကျဆုံးစစ်သည်များအား အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားအား နဝမအကြိမ်မြောက်အဖြစ် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ ဂါရဝပြုဆုတောင်းပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ဗဟိုအမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီးစိန်ဝင်း(အငြိမ်းစား)နှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ရောင်နီဦးနှင့် မိတ်ဆွေများ ပရဟိတအသင်း၊ ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းနှင့် တပ်မတော်အား ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
ဦးစွာ အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားအား တက်ရောက်လာကြသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန် လေးချက် ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် တိုင်းပြည်အတွက် အသက်ပေးလှူသွား ခဲ့ကြသည့် သူရဲကောင်းစစ်သည်များ အားရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ် ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သော ကောင်းမွန်ရာ ဘုံဘဝရောက် ရှိစေရန် မိုးပျံပူဖောင်းများလွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန်ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များလွှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
၎င်းနောက် တက်ရောက်လာကြသူများက ကျဆုံးစစ်သည်များအတွက် လွမ်းသူ့ပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကိုအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း ကျဆုံးစစ်သည်များအား ရည်စူး၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ပေါက်တောကျေးရွာ၊ သဒ္ဓါရုံကျောင်း
တိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။