

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တစ်ရာကုတ်ကျေးရွာအနီးရှိ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့်စခန်းကို ဝင်ရောက်စီးနင်းရှာဖွေရာ ကျော်စိန်၊ ကျားယော်၊ ကျကော့၊ ကျလော၊ ကျကျိုး၊ ဒါယေလ၊ အိုက်ရီ(ခ)ကျိုင်းရီ နှင့် ကျယု တို့ ၈ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၁၁ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇၃၃ သန်း၊ စိတ်ကြွဆေးအကြေမှုန့် ၂၅၃ ကီလို၊ ဘိန်းစိမ်း ၃ ကီလို၊ ကဖင်း ၂၉ ကီလို၊ AK-47 သေနတ် ၂ လက်၊ ၎င်းကျည် ၁၀ တောင့်၊ အမ်-၂၂ သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းရှည်သေနတ် ၁ လက်၊ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့် ဆေးပြားရိုက်က်စက် ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့်စခန်းပိုင်ရှင် ဘောဇ(ခ)ဘောစ နှင့် ဂျိုးဇက်(ခ)ကဲဘာ တို့၏နေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၁၃၆၀ ပြား၊ စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင်အသုံးပြုသည့် မွှေစက်အသေး ၁ လုံး၊ ကျကော့ ၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇၃၉၂ ပြား၊ စိတ်ကြွဆေးအကြေမှုန့် ၇၀၀ ဂရမ်တို့ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်သူများပိုင်ဆိုင်သည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးနှင့် ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။