ထိုင်းနည်းတူ မြန်မာ သင်္ကြန်ပွဲတော်ကို ယူနက်စကိုစာရင်းတင်သွင်းရန် အစီအစဉ်ရှိ

၂၀၂၄ ၊ ဖေဖော်ဝါရီ ၆
    ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဌာန (UNESCO) ယူနက်စကိုမှ ထိုင်းနိုင်ငံ၏ ဆုန်ခရန် သင်္ကြန်ပွဲတော်အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင်  တရားဝင် ထည့်သွင်းလိုက်ပြီး တရားဝင် Certificate ကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
    ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်ခြင်းနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံခြင်း မတိမ်းမယိမ်းရှိသော အိမ်နီး ချင်းနိုင်ငံနည်းတူ မြန်မာနိုင်ငံမှလည်း မိမိတို့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာ ရင်းတင်သွင်းရန် အစီအစဉ်ရှိထားကြောင်း ဆိုသည်။
    "သင်္ကြန်ခြင်းတူပေမယ့် သူတို့က သူတို့နိုင်ငံအနေနဲ့ တင်တာလေ။ အိန္ဒိယမှာဆိုလည်း ဟိုလီသင်္ကြန်ပွဲတော်ရှိတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ကတော့ လူကြီးတွေဆုံး ဖြတ်မှာပေါ့။ သူတို့က သူတို့ယဉ်ကျေးမှုအ နေနဲ့တင်တယ်။ ကျွန်တော်တို့လည်း တင်ဖို့ အရင်က လုပ်ထားတာတွေ ရှိပါတယ်။ တဖြည်းဖြည်းချင်း ကျွန်တော်တို့ တင်သွင်းသွားဖို့ရှိပါတယ်။ ဒီအပိုင်းနဲ့ပတ်သက်ပြီး သူ့ယဉ်ကျေးမှု၊ ကိုယ့်ယဉ်ကျေးမှုလို့ ပြောလို့တော့မရဘူး။ အရှေ့တောင်အာရှ ကုန်းတွင်းနိုင်ငံ တွေအနေနဲ့ အိန္ဒိယနဲ့ ယဉ်ကျေးမှုက ကူးလူးဆက်သွယ်နေတာဆိုတော့ ယဉ်ကျေးမှုခြင်း တူတာလည်းရှိမယ်။ ကျွန်တော်တို့ဆီက ယူတာလည်းရှိတယ်။ သူတို့ဆီကယူတာလည်းရှိတာပေါ့။ အဲဒီတော့ ယဉ်ကျေးမှုခြင်းကတော့ ဆင်တူသယောင်ရှိတယ်။ ထင်မြင်ချက် သီးခြားတော့ပေးလို့မရဘူးပေါ့ဗျာ။ ကျွန်တော်တို့ သင်္ကြန်ပွဲတော်လည်း ဒီအခွင့်အရေးရသင့် တာပေါ့၊ တင်သွင်းရမှာပေါ့"ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ စီမံဌာနမှ ဒုတိယ ပါမောက္ခ ဗိုလ်မှူးကျော်သူရက ပြောသည်။
    ထိုင်းနိုင်ငံသည် ယမန်နှစ် ရွေးကောက်ပွဲတွင် အစိုးရသစ်တက်လာပြီး နောက် ဆုန်ခရန် သင်္ကြန်ပွဲတော်ဖြင့် ကမ္ဘာ့ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရန် ကြိုးပမ်းလာသည်ကိုတွေ့ရပြီး ပုံမှန် ၁၀ ရက်ကျင်းပသည့်ပွဲတော်အား ရက်တိုးမြှင့်ကျင်းပရန် သတ်မှတ်သကဲ့သို့ ၎င်းင်းတို့၏ပွဲတော်အား လူအများ ပိုမိုစိတ်ဝင်စားလာရန် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန်ကြိုးပမ်းခဲ့သည်။
    ပြီးခဲ့သည့် နှစ်ကုန် ဒီဇင်ဘာလ ၆ ရက်က အာဖရိကတိုက် ဘော့ဆွာနာနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး နိုင်ငံပေါင်းစုံ အစည်းအဝေးတွင် ယူနက်စကိုမှ ဆုန်ခရန်သင်္ကြန်ပွဲတော်အား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ယခုအခါ Certificate ကို ထုတ်ပေးလိုက်ခြင်းဖြစ်သည်။
    "ဧပြီလလယ်မှာ ကျရောက်တဲ့ ဆုန်ခရန်သင်္ကြန်ပွဲတော်ဟာ ထိုင်းလူမျိုးတွေ မိသားစုတွေနဲ့ ပြန်လည်တွေ့ဆုံကြပြီး မိဘဘိုးဘွားတွေနဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ပူဇော်ကန်တော့ကြတဲ့ အချိန်ဖြစ်ပါတယ်။ ဆုန်ခရန်မှာ ရေပက်လောင်းကြတာက အညစ်အကြေးတွေကို သန့်စင်စေပြီး ကံကောင်းစေတဲ့ အတိတ်နိမိတ်ကို ဖော်ကျူးတာ ဖြစ်ပါတယ်။ ဗုဒ္ဓဆင်းတုတော်တွေကို ရေသပ္ပါယ် တာ၊ မိသားစုနဲ့ သူငယ်ချင်းတွေကို ရေပက်တာနဲ့ အဆို၊ အကတွေနဲ့ သီဆိုဖျော်ဖြေတာ တွေကိုလည်း ပြုလုပ်ကြတာဟာ ဆုန်ခရန်ရဲ့ သင်္ကေတတွေ ဖြစ်ပါတယ်"ဟု ယူနက်စကိုမှ သင်္ကြန်နှင့် စပ်လျဉ်း၍ မှတ်ချက်ပြုထားသည်။
    ယခုနှစ် ထိုင်း ဆုန်ခရန် သင်္ကြန်ပွဲ တော်ကို ဧပြီ ၁ ရက်မှ  ၂၁ ရက်ထိ ထိုင်းနိုင်ငံ ပြည်နယ် ၇၇ ခုတွင် “World Songkran Festival” ကို ကျင်းပရန် စီစဉ်ထားကြောင်း ထိုင်းယဉ်ကျေးမှုမြှင့်တင်ရေးဌာနမှ ဒါရိုက် တာ Kowit Phakamas က ပြောထားပြီး ထိုင်းအစိုးရသစ်၏ Soft Power  မြှင့်တင်ရေး စီမံကိန်းအရ ကမ္ဘာအဝန်းမှ ခရီးသွားများအား ဆွဲဆောင်ရန် ကျင်းပခြင်းဖြစ်ကြောင်း ဆိုသည်။

Total Views ~ 674

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

37172

© 2022 - 2025 News. All Rights Reserved.