ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိတရားခံပြေး ၃ ဦးထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေး

ရန်ကုန် ဒီဇင်ဘာ ၁၂
  မြန်မာ - ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ၊ တာချီလိတ်နှင့်မိုင်းတုံမြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့်အလိုရှိ တရားခံပြေး ၃ ဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်းနိုင်ငံသား ၁ ဦးတို့အား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
  ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)သည် မြန်မာနိုင်ငံ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC)ထံသို့ ထိုင်းနိုင်ငံအတွင်း မူးယစ်ပြစ်မှုများကျူးလွန်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် Mr. Phonchana Phongthong(ခ)Toon(ဖွန်းချနာဖုန်းထောင်း(ခ)သွန်း)၊ Mrs.Thanida Puangngern (ခ)Ning(ထနိဒါးဖုံးငင်း(ခ)နိန်း)နှင့် Mr. Wi Rat Taou Dom(ဝီလတ်ထောင်းဝုဒွမ်)တို့ ၃ ဦးအား ကူညီစုံစမ်း ဖော်ထုတ်ဖမ်းဆီးပေးပါရန် သတင်းဖလှယ်ပေးပို့ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါအလိုရှိ တရားခံပြေး ၃ ဦးအား စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၁၃-၁၁-၂၀၂၅ ရက်နေ့တွင် Mr. Phonchana Phongthong(ခ)Toon (ဖွန်းချနာဖုန်းထောင်း(ခ)သွန်း)၊ Mrs.Thanida Puangngern(ခ)Ning(ထနိဒါးဖုံးငင်း(ခ)နိန်း)တို့အား တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၌ လည်းကောင်း၊ ၁၄-၁၁-၂၀၂၅ ရက်နေ့တွင် Mr. Wi Rat Taou Dom(ဝီလတ်ထောင်းဝုဒွမ်)အား မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာ၌ လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
  မြန်မာ - ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အဆိုပါအလိုရှိ တရားခံပြေး ၃ ဦးနှင့်အတူ ၁၆-၉-၂၀၂၅ ရက်နေ့တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ဝင်ရောက်နေထိုင်ခဲ့သူ ထိုင်းနိုင်ငံသား Mr. Chairit Phucharoen(ချရစ်ဖူချရွန်)တို့အား နှစ်နိုင်ငံတည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကိုယ်စား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၇)မူးယစ်တပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ကျော်စိန်ဝင်း ဦးဆောင်သည့်အဖွဲ့မှ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)၊ အတွင်းရေးမှူးချုပ် Police Major Suriya Singhakamol ဦးဆောင်သည့်အဖွဲ့ထံသို့ ၁၁-၁၂-၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၁ နာရီအချိန်တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၂)၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
  နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစီအစဉ်အရ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ နယ်စပ်ဖြတ်ကျော်မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန်ဖော်ထုတ်ဖမ်းဆီး လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်သတ်မှတ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ HM

Total Views ~ 13

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58923

© 2022 - 2025 News. All Rights Reserved.