နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသောအဖွဲ့များ အကြမ်းဖက်လမ်းစဥ်ကိုစွန့်၍ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အချိန်တန်ပြီဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောကြား

ရန်ကုန်  ဒီဇင်ဘာ ၁၃

    နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန်အချိန်တန်ပြီဖြစ်ကြောင်းနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။

   ဒီဇင်ဘာလ ၁၂ ရက်ကတပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို  ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။

  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် “ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်” ဆိုသည့် ထုတ်ပြန်ချက်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့ကြောင်း၊ ဒါဟာတစ်နိုင်ငံတည်းသားချင်းဆိုသည့်စိတ်ဖြင့် အပြုသဘောဆောင်ပြီး စိတ်ရှည်သည်းခံစွာ အခွင့်အရေးပေးသည့်တပ်မတော်၏ သဘောထားကြီးမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ သို့သော်လည်း ဥပဒေနှင့်မညီသည့် လက်နက်ကိုင်အကြမ်းဖက်သမားများ၏ တောင်းဆိုမှုများအပေါ် လိုက်လျောဖြေလျှော့ ပေးသွားမည်မဟုတ်ခြင်းကြောင့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် ကာလအတွင်း၌လည်း ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် အမြဲတမ်း စစ်ရေးအသိ၊ စစ်ရေးသတိ ရှိနေကြရန်လိုသည်ကို တိုက်တွန်းမှာကြားလိုကြောင်း။"ပြောကြားခဲ့သည်။

   ထို့အပြင် ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် တွေ့ဆုံဆွေးနွေးမှုတိုင်းတွင်လည်း (NCA)နှင့် ပတ်သက်ပြီး အလေးအနက်ထားပြောကြားခဲ့ခြင်းသည် (NCA) စာချုပ်သည် နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက် ဖြစ်နေရန်ပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာခဲ့သကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် ဖိတ်ခေါ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ သို့သော်(NCA)တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)အချို့သည် (NCA)ပါကတိကဝတ်များကို လိုက်နာမှုမရှိဘဲ သိသိသာသာချိုးဖောက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် အချို့သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များသည် ပြင်ပမှသွေးထိုးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ရောက်ရှိလာခဲ့ခြင်းမရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့ခြင်းကြောင့် မိမိတို့အနေ ဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။ HM

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58923

© 2022 - 2025 News. All Rights Reserved.