၂၀၂၃ ၊ မေ ၉
မုန်တိုင်းအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်းမြှင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုများမဖြစ်ပေါ်စေရေးကို သက်ဆိုင်ရာ ညီနောင်အသင်းများနှင့် လုပ်ငန်းရှင်များမှ ကြိုတင် စီမံဆောင်ရွက်ထားရန် ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) က အသိပေးထားသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လင်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း(Low PressureArea) ဖြစ်ပေါ်နေမှု ၊ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်ကာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင်ဆိုင်ကလုန်းမုန်တိုင်း ( Cyclonic Storm)အဖြစ်သို့ အားကောင်းလာနိုင်မှု၊မြန်မာနိုင်ငံရှိ မြန်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်၍ လှိုင်းကြီးနိုင်မှုနှင့် လေပြင်းများ တိုက်ခိုက်လာနိုင်မှုစသည့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ UMFCCI က ယင်းသို့ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ထားနိုင်ရေး အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
သဘာဝဘေးအန္တရာယ်ကျရောက်မှု ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လုပ်ငန်းကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများ၊ တောင်သူ လယ်သမားများ အချိန်မီကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် မုန်တိုင်းအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်း မြှင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လတ်ခြင်းများ မဖြစ်ပေါ်စေရေးကို သက်ဆိုင်ရာ ညီနောင်အသင်းများနှင့် လုပ်ငန်းရှင်များမှ ကြိုတင် စီမံဆောင်ရွက်ထားရန် အသိပေးအကြောင်း ကြားထားပြီး အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက လိုအပ်သော ကြိုတင်ပြင်ဆင်မှုများထားရှိနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးတို့အတွက် ကုန်သည်စက်မှုအသင်းချုပ်သို့ အချိန်နှင့် တပြေးညီ ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေးထားသည်။