မွန်ပြည်နယ်က ဆင်ရွာရေတံခွန် အလှဓာတ် ပုံရိုက်သည့်နေရာအဖြစ် နာမည်ကြီးလာ

နေပြည်တော်၊ ဇူလိုင် ၂၃
    မွန်ပြည်နယ် ပေါင်မြို့နယ်က ဆင်ရွာရေတံခွန်သို့ လာရောက်လည်ပတ်သူများနှင့် အလွန်စည်ကားလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။ 
    ယခုအခါ မိုးတွင်းကာလဖြစ်သော်လည်း ဆင်ရွာရေတံခွန်ကို လာရောက်လာပတ်ကြသူများ ပိုမိုများပြားလာခြင်းကြောင့် အခါကြီးရက်ကြီးနှင့် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ပိုမိုစည်ကား ကြောင်း မွန်ပြည်နယ်ဒေသခံ မဂျူဂျူးက ပြောသည်။ 
    "ဆင်ရွာရေတံခွန်က ပေါင်မြို့နယ်၊ နတ်ကြီးချောင်း နားမှာရှိတာပါ။ အရင်တုန်းက နယ်ခံ တွေလောက်ပဲ ရောက်ဖူး ကြတာပါ။ အခုအချိန်မှာတော့ တကယ်လည်း သဘာဝကျကျ လှတဲ့နေရာဖြစ်လို့ လူသိများလာတော့ မွန်ပြည်နယ်အနီးအနားက ခရီးသွားတွေလည်း လာရောက်လည်ပတ် နေကြပါပြီ။ အခါကြီးရက်ကြီးဆိုရင်တော့ တိုးမပေါက်ဘူး"ဟု ၎င်းကပြောသည်။ 
    အဆိုပါ ဆင်ရွာရေတံခွန်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်က အမျိုးသမီးငယ်တစ်ဦး ရေထဲပြုတ်ကျကာ ကျောက်ဆောင်ကြားတွင် ခြေထောက်ညှပ်နေပြီး ရေနစ်သေဆုံးခဲ့ကြောင်း မွန်ပြည်နယ် လူမှုကူညီရေးအသင်းမှ သိရသည်။
    ပေါင်မြို့နယ်အတွင်းရှိ ဆင်ရွာရေတံခွန်တွင် မိုးရာသီ၌ လူများစွာ လည်ပတ်စရာနေရာတစ်ခု အဖြစ် လာရောက်လည်ပတ်လေ့ရှိသလို ဇင်းကျိုက်ရေတံခွန် သည်လည်း မိုးရာသီတွင် လည်ပတ်စရာ နေရာအဖြစ် စည်ကားလေ့ရှိကြောင်း သိရသည်။ 
    မိုးရာသီကာလများတွင် အဆိုပါ ရေတံခွန်များ၌ ရေစီးသန်သဖြင့် ရေထဲသို့ ပြုတ်ကျကာ အသက်သေဆုံးသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် ရေတံခွန်သို့ လာရောက်လည် ပတ်ကြသူများအနေဖြင့် သတိဖြင့် ရေဆော့ကစားကြရန် လူမှုကူညီရေးအသင်းနှင့် နယ်မြေခံ ပရဟိတအသင်းများမှ သတိပေး တိုက်တွန်းထားသည်။

Total Views ~ 547

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.