၂၀၂၄ ၊ မတ် ၃၁
ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ တည်တံ့ခိုင်မြဲဖို့ ထိုပြည်ထောင်စုအတွင်းမှာ နေထိုင်သည့် ပြည်ထောင်စုသားများ၏ စိတ်ဓာတ် ခံယူချက်အရေးကြီးမည် ထင်ပါသည်။ ချစ်ကြည်ရင်းနှီးစွာ အေးအတူပူအမျှနေထိုင်လိုစိတ်နှင့် အပြန်အလှန်နားလည်ယုံကြည်မှုက အဓိက ကျပါလိမ့်မည်။ ထိုသို့မဟုတ်ပါက ပြည်ထောင်စုသား အချင်းချင်း သူ့စည်း၊ ကိုယ့်စည်းနှင့် မည်သို့နေထိုင်ကြ မည်ဆိုသည့် သဘောတူညီချက်၊ တစ်နည်းဆိုသော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ခိုင်မာဖို့နှင့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည့် အဖွဲ့အစည်း အားကောင်း ခိုင်မာဖို့လိုပါလိမ့်မည်။
ဖြစ်သင့်သည်က ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံတွင် ပြည်သူအများက အတည်ပြုထားပြီးသား ဖွဲ့စည်း ပုံအခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြည်ထောင်စုသားအားလုံးမှာ လိုက်နာဖို့၊ တည်တံ့အောင် ထိန်းသိမ်းဖို့ တာဝန်ရှိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပျက်စီးခဲ့သည့် ဆိုးကျိုးကိုခံစားခဲ့ပြီးဖြစ်သည့်အတွက် ပိုပြီးတန်ဖိုးထားသင့်ပေသည်။ ကျွန်တော်တို့၏ မြန်မာနိုင်ငံတွင် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုစဉ်အခါက တစ်ခဲနက် မဲပေးခဲ့ကြသော်လည်း အမှန်တကယ်ကျင့်သုံးသည့်အခါ တန်ဖိုးထား လိုက်နာသူက နည်းပါးလှပါသည်။ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တန်ဖိုးမထားသူများမှာ သာမန်ပြည်သူလူထုမဟုတ်ဘဲ သူတစ်လူငါတစ်မင်းဖြင့် ကိုယ့် သြဇာအာဏာကို တည်ဆောက်လိုသည့် ပုဂ္ဂိုလ်များဖြစ်ကြသည်ဟု ဆိုရပေလိမ့်မည်။
ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံထူထောင်ရာတွင် နယ်မြေသိမ်းပိုက်ပြီး ထူထောင်မှုများရှိခဲ့ကြသလို များသောအားဖြင့် ရေမြေတောတောင် သဘာ၀ အစဉ်အလာများအရလည်း ပြည်ထောင်စုနိုင်ငံအဖြစ် ထူထောင် ခဲ့ကြသည်ကို တွေ့ရမှာဖြစ်ပါသည်။ မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံ အဖြစ် ထူထောင်ရာမှာ တိုက်ခိုက်သိမ်းပိုက် ခြင်းနည်းလမ်းများဖြင့် ထူထောင်ခဲ့ခြင်းမဟုတ်သည်ကို သမိုင်းမှတ်တမ်းများအရ သိနိုင်မှာဖြစ်ပါသည်။ သက်ဦးဆံပိုင် ဘုရင်များလက်ထက်ကပင် မြန်မာနိုင်ငံ သည် သက်ဦးဆံပိုင်ခေတ် ပြည်ထောင်စုနိုင်ငံအဖြစ် ရပ်တည် ခဲ့သည်ကို တွေ့ရမှာဖြစ်ပေသည်။ ထိုပုံစံ၊ ထိုသဘာဝကို သိနားလည်သည့် ကိုလိုနီဗြိတိသျှတို့က မပေးချင်သော် လည်း ထိုသဘာ၀ အတိုင်း လွတ်လပ်ရေးပေးခဲ့ရသည် မဟုတ်ပါလား။ သို့သော် လွတ်လပ်ရေး ရပြီးစကပင် တိုင်းရင်းသားများအတွင်းမှာ ပြည်ထောင်စိတ်ရှိသူများရှိကြသလို၊ သီးခြားရပ်တည်လိုစိတ်ရှိသူများလည်း ရှိခဲ့ကြသည့်အတွက် ယခုချိန်ထိပင် တည်ငြိမ်အေးချမ်းခိုင် မာသည့်ပြည်ထောင်စုစနစ်တစ်ခု မတည်ဆောက်နိုင် သေးဟု ဆိုရပေလိမ့်မည်။
ပြည်ထောင်စုအတွင်းမှ ခွဲထွက်လိုသူ၊ ပြည်ထောင်စုအတွင်းမှာပင် သီးခြားအာဏာ တည်ဆောက်လိုသူများက စခဲ့သည့်ဇာတ်လမ်းသည် ယခုအခါမှာ တိုင်းရင်းသားအတော်များများကို ကူး စက်သွားခဲ့ပြီဖြစ်ပါသည်။ မူလအစက လူမျိုးစုကြီးဟု သတ်မှတ်ထားကြသည့် ကရင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းလူမျိုးများ တွင်သာ ပြည်နယ်ရရှိရေး အတွက်လက်နက်ကိုင်လမ်း စဉ်နောက်ကို လိုက်ခဲ့ကြသော်လည်း ယခုအခါမှာ ထိုလူ မျိုးစုကြီးများသာမက လူမျိုးအလိုက်ပင် လက်နက်ကိုင် လမ်းစဉ်နောက်ကို လိုက်လာခဲ့ကြပြီဖြစ်ပါသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက် ကစပြီး ရှမ်းပြည် (မြောက်ပိုင်း)တွင် ကိုးကန့် MNDAA၊ တအာင်း(ပလောင်) TNLA နှင့် ရခိုင် AA တို့ ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ကြေညာကာ တပ်မတော်တပ်စခန်းများကို တိုက်ခိုက်ခဲ့ကြပါသည်။ ထိုတိုက်ပွဲများတွင် တပ်မတော်က NCA လမ်းကြောင်းအတိုင်းသာ ရပ်တည်ခဲ့ပြီး နေရာအချို့တွင် ခေတ္တနောက်ဆုတ်ပေးခဲ့ရသည့်အတွက် ရှမ်းပြည်(မြောက်ပိုင်း)ရှိ တချို့မြို့များတွင် MNDAA နှင့် TNLA အဖွဲ့များက ခြေကုပ်ရယူ ထိန်းသိမ်းထား လျက်ရှိပါသည်။ ထိုသို့ ခြေကုပ်ရယူထိန်းသိမ်းထားနိုင်သည်ကို တစ်ဆင့်တက်ပြီး သူတို့ပိုင် နယ်မြေများအဖြစ် အပြီးအပိုင်သိမ်း ပိုက်ဖို့ကြံရွယ်နေကြသည်ကို တွေ့လာရပါသည်။
MNDAA က လောက်ကိုင်မြို့အတွင်းမှာ ဥပဒေနှင့်အညီ နေထိုင်လာခဲ့ကြသည့် လူနေအိမ်ခြေများ ကိုပင် ထင်သလိုသိမ်းပိုက်၊ ထင်သလိုဖျက်ဆီးခဲ့ကြတာ၊ ဗုဒ္ဓစေတီနှင့် သာသနိကအဆောက်အအုံများကို ဖျက်ဆီးခဲ့ကြတာတွေဟာ ပြည်ထောင်စုအမြင်နှင့်ဆိုလျှင် မလုပ်သင့်မလုပ်ထိုက်သည့် ကိစ္စများ ဟုဆိုရပေလိမ့်မည်။ MNDAA ၏ ရပ်တည်ချက်နှင့် လုပ်ရပ်များကို ကြည့်လျှင် မြန်မာပြည်မြေပုံအတွင်းမှာ တည်ရှိနေသော် လည်း မြန်မာပြည်ထောင်စု စိတ်ဓာတ်ရှိရဲ့လားဟူ၍မေး ရပါလိမ့်မည်။
ထို ၁၀၂၇ စစ်ဆင်ရေး ကိစ္စရပ်များနှင့်ပတ် သက်ပြီး TNLA မှ တာဘုန်းကျော်ကို Freelance Jour-nalist သက်ထွေးနိုင်က အင်တာဗျူးလုပ် ထုတ်လွှင့်ထား တာ သတိထားမိပါသည်။ တာဘုန်းကျော်က ၁၀၂၇ စစ်ဆင်ရေးသည် ယခုချိန်အထိ မပြီးစီးသေးကြောင်း၊ တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုအရ အပစ်အ ခတ်ရပ်စဲရေးကို လက်ခံခဲ့ရသော်လည်း ရှမ်းပြည်(မြောက်ပိုင်း)အတွက်သာ ဖြစ်ကြောင်း၊ ယခုအခါမှာ ၁၀၂၇ စစ်ဆင်ရေးသည် ရခိုင်ပြည်နယ်အတွင်းမှာ ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း ပြောကြားခဲ့တာတွေ့ရပါသည်။ ထိုအခြေအနေနှင့် ကျန်ပြောဆိုချက်များအရ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့၏ ရည်ရွယ်ချက်သည် ကိုယ်စီကိုယ်ပိုင် နယ်မြေရရှိရေးအတွက် တိုက်ခိုက်နေခြင်းဖြစ်သည်ကို ထင်ရှားစေပါသည်။ အပြောက စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးဆိုပေမယ့် လက်တွေ့ဆောင်ရွက်နေသည်က လက်နက်ဖြင့် အာဏာတည်ဆောက်ရေး ဖြစ်နေသည်ကို တွေ့ရမှာဖြစ်ပါသည်။
တာဘုန်းကျော်က လက်ရှိသူတို့သိမ်းပိုက်ထားသည့် မြို့ခုနစ်မြို့မှာ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်းပြောပါသည်။ အုပ်ချုပ်ရေးနှင့်ပတ်သက်လို့ လတ်တလောမှာ သူတို့ပဲ ဆက်လက်အုပ်ချုပ် သွားမှာဖြစ်ကြောင်း၊ အရပ်သားများ၊ ဒေသခံများပါတဲ့ အုပ်ချုပ်ရေးစနစ်ကို ဆောင်ရွက်သွားဖို့ရှိကြောင်း၊ အခြေခံဥပဒေရေးဆွဲသွားမှာ ဖြစ်ကြောင်း၊ NUG ပြောသည့် ကြားဖြတ်ကာလ အုပ်ချုပ်ရေးကိစ္စကို လက်မခံကြောင်း လည်းပြောပါသည်။ ယခုအခါမှာ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့များလည်း ခန့်အပ်ဖွဲ့စည်းနေပြီ ဖြစ်ကြောင်း လည်းဆိုပါသည်။ တာဘုန်းကျော်၏ ပြောကြား ချက်၊ AA က ခိုင်သုခ၏ ပြောကြားချက်များနှင် MMDAA ၏ဆောင်ရွက်ချက်များအရ TNLA ၊ MNDAA နှင့် AA တို့၏ ဆောင်ရွက်ချက်များသည် လောလောဆယ်မှာ လှေကြီးပေါ် လှေငယ်ဆင့်မည့်သဘောဟု ဆိုရပေလိမ့်မည်။ ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုအတွက် အဟန့်အတား ဖြစ်မည့် လုပ်ရပ်များသာ ဖြစ်ပေသည်။
သူတို့ရည်မှန်းထားသည့်ပုံစံက အနိမ့်ဆုံးအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများသတ်မှတ်ပေးထားသော်လည်း အခြေခံဥပဒေထက် ကျော်လွန်စွာရပ်တည်နေသည့် 'ဝ'အထူးဒေသနှင့် မိုင်းလားအထူးဒေသတို့၏ အခြေအနေများကို အတုခိုးဆောင်ရွက်လိုပုံ ရပါသည်။ ထိုဒေသများသည် တိုက်ပြီးရယူထားသည့် ဒေသမျိုး မဟုတ်ဘဲ သမိုင်းကြောင်းအရ ငြိမ်းချမ်းရေးရယူထားသည့် ငြိမ်းချမ်းရေးပြယုဂ် ဒေသများသာဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လတ်တလောထည့်သွင်းရေး ဆွဲထားခြင်းမရှိသေးသော်လည်း ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် ဥပဒေနှင့်အညီ ပြောင်းလဲရယူနိုင်သည့် အခြေအနေများသာဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ရှမ်းပြည် (မြောက်ပိုင်း) မဟာမိတ်အဖွဲ့၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်နေရုံသာမက ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် နယ်မြေပိုင်းခြားဖွဲ့စည်း မှုများကိုပါဖျက်ဆီးကာ အဓမ္မ သိမ်းယူလိုခြင်းဖြစ်ကြောင်း ထင်ရှားနေပါသည်။ ဤလုပ်ရပ်များသည် စစ်မှန်သည့် ပြည်ထောင်စုဖြစ်တည်ရေးထက် ပြိုကွဲရေးကို ရှေးရှုနေသည်ဟု ဆိုရပေလိမ့်မည်။ မှားယွင်းသည့် ဥပဒေမဲ့ဆောင်ရွက်ချက်များသည် တစ်ချိန်ချိန်မှာ မိမိအပါအဝင် မိမိ၏ ဆွေမျိုးသားချင်းများ အပေါ်မှာပါ အန္တရာယ်ကျရောက်လာနိုင်မှာဖြစ်ပါသည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်သွားနိုင်ရေးအတွက် တရုတ်အစိုးရ၊ နစကတို့နှင့်ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ပြည်သူ့အကျိုးကို ရှေးရှုလျက်ရှိတယ်လို့ တာဘုန်းကျော်က ဆိုပါတယ်။ ဒီပြောဆိုချက် ကိုကြည့်လျှင် လက်ရှိထိန်းသိမ်းထားသည့် နယ်မြေများကို အပိုင်ရပြီဟု တွက်ဆထားပုံရပါသည်။ သူ့နယ်မြေကို ဖြတ်သန်းသွားရမည် ဖြစ်သည့်အတွက် သူ့မှာလုပ်ပိုင် ခွင့်ရှိသည်ဟု ထင်မှတ်နေပုံရပါသည်။ သူတို့ကိုဥပဒေနှင့်အညီ နယ်မြေပေးလိုက်သည်ထားပါဦး။ ကုန်သွယ်ရေးနှင့် ကုန်သွယ်ခွန်ကောက်ခံရေး ကိစ္စရပ်များသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဗဟိုအစိုးရမှာသာ အာဏာရှိပါသည်။ နှစ်နိုင်ငံကုန်သွယ်ရေးသည် နှစ်နိုင်ငံအစိုးရများ၏ မူဝါဒအရသာ ဆောင်ရွက်ရသည်ကို မသိသေးသည်ကပင် လက်နက်ဖြင့် အာဏာတည်ဆောက်လိုသည့် စိတ်ဓာတ်ကို ဖော်ပြနေခြင်းပင်ဖြစ်ပါသည်။ သူ့စည်း ကိုယ့်စည်း၊ လူ့စည်း ဘီလူးစည်းကို နားမလည်သေးသမျှ ပြည်ထောင်စုအတွက် အနှောင့်အယှက်ဖြစ်နေဦးမှာပဲ ဖြစ်ပါသည်။ MNDAA ၊ TNLA နှင့် AA တို့ အနေဖြင့် လတ်တလောတိုက်ပွဲ အားသာချက်များအရ ခြေကုပ်ရယူထား၊ ထိန်းသိမ်းထားနိုင်သည့်နယ်မြေများကို မိမိပိုင်နယ်မြေများအဖြစ် အတင်းအကျပ်သတ်မှတ်လို့ မရသည်ကို နားလည်ဖို့လိုပါလိမ့်မည်။ လက်ရှိတပ်မတော်နှင့် နစကအစိုးရအဖွဲ့အနေဖြင့်လည်း ထိုအဖွဲ့များကို နယ်မြေသတ်မှတ်ပေးခြင်းအပါအဝင် အခြေခံဥပဒေက ပေးအပ်မထားသည့် အခွင့်အရေးများကို ပေးအပ်၍မရပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရပင် ဖြစ်ရပါမည်။ ဒါကြောင့်လည်း နစကဥက္ကဋ္ဌ ကိုယ်တိုင်ကပင် နယ်မြေသတ်မှတ် ပိုင်းခြားရေးနှင့်ပတ်သက်ပြီး လွှတ်တော်ကသာ ဥပဒေနှင့်အညီ အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်သည်ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။
ထို့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအနေဖြင့် နစကအစိုးရက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ခေတ္တ စွန့်လွှတ်ခဲ့ရသည့် မြို့များကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်း၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းများသည် အချုပ်အခြာအာဏာကို လေးစားလိုက်နာစေဖို့ သတိပေးခြင်းဖြစ် သည်ဆိုတာကို သိရှိနား လည်ဖို့လိုပါသည်။ တည်ငြိမ်အေးချမ်းစွာဖြင့် မိမိတို့ဒေသကိုဖွံ့ဖြိုးတိုးတက်လိုလျှင်၊ ဒေသတွင်းရှိ မိမိတို့လူမျိုးများအပါအဝင် ဒေသနေ တိုင်း ရင်းသားအသီးသီးတို့ကို ညီတူမျှတ အေးချမ်းစွာနေစေ လိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာဖို့ လိုပါလိမ့်မည်။ သို့မဟုတ်ဘဲ မိမိသဘောဖြင့် မိမိစိတ်ကြိုက် မိမိထင်ကြေးများကိုအခြေခံပြီး ဆောင်ရွက်နေ ခြင်းများသည် မိမိတို့အတွက် မိမိတို့အန္တရာယ်ကို မိမိတို့ဘာသာ ဖိတ်ခေါ်နေခြင်းသာဖြစ်ပါသည်။ လက်နက်ဖြင့် အာဏာတည်ဆောက်ခြင်း၊ နယ်မြေတည်ဆောက်ခြင်း များသည် ထိုလက်နက်ကြောင့်ပင် ပျက်စီးတတ်သည်ဆိုတာကို သတိထား ဖို့ လိုပါလိမ့်မည်။ (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၁) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )