အကျိုးစီးပွားအခြေပြု မဟာမိတ်ဆက်ဆံရေးနှင့် ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး စိန်ခေါ်မှုများ

၂၀၂၅ ၊ ဒီဇင်ဘာ ၁၂

    သမ္မတကြီး ပူတင်ရဲ့ အဓိက လက်ရုံးဖြစ်တဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုရဲ့ မြန်မာပြည် သမိုင်းဝင် ခရီးစဉ်အပြီးမှာ အိန္ဒိယကို ပေါက်ချလာတဲ့ မော်စကို ခရီးစဉ်ကလည်း အတော်လေး စိတ်ဝင်စားဖို့ ကောင်းခဲ့တယ်။ ဒီခရီးစဉ်မတိုင်ခင်မှာ ရုရှားနိုင်ငံရဲ့ အဓိကလောင်စာ ဖြန့်ဖြူးတဲ့ ကုမ္ပဏီနှစ်ခုကို စီးပွားရေးပိတ်ပင်တာတွေလုပ်သလို အိန္ဒိယကိုလည်း ရုရှားဆီက ရေနံဝယ်ယူ တာနဲ့ပတ်သက်ပြီး ဖိအားပေးထားတဲ့ အမေရိကန်ရဲ့ လုပ်ဆောင်ချက်ကြောင့်လည်း သမ္မတပူတင်ရဲ့ နှစ်ရက်ကြာ အိန္ဒိယ ခရီးစဉ်က ပိုပြီး စိတ်ဝင်တစား ဖြစ်ခဲ့ဟန်ရှိတယ်။ 
    တကယ်တော့ မိုဒီနဲ့ သမ္မတထရမ့် ကြားမှာလည်း တရားဝင်သာ ထုတ်မပြောပေမယ့် ကုန်သွယ်ရေးနဲ့ပတ်သက်ရင် အဖုအထစ်လေးတွေ ရှိနေခဲ့တာလည်းကြာပြီလို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း ရှန်ဟိုင်းမှာ လုပ်ခဲ့တဲ့ SCO ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးမှာ NATO လို့ခေါ်တဲ့ ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့ ပိုနီးစပ်သွားစေတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း ပုံစံသစ်က တရားဝင်ရုပ်လုံး ပြခဲ့ပုံရတယ်။ အမေရိကန်တစ်နိုင်ငံတည်းကနေ ထီးထီးကြီး လွှမ်းမိုးအုပ်ချုပ်ဆက်ဆံနေတဲ့ ကမ္ဘာ့နိုင်ငံရေးစနစ်ကနေ နိုင်ငံပေါင်းစုံပါတဲ့ ကမ္ဘာ့နိုင်ငံရေးစနစ်ကို ပုံဖော်ဖို့ ကြိုးစားနေကြတာလည်း ပိုပြီး သိသာစေတာ တွေ့ရတယ်။ အမေရိကန် သမ္မတဒေါ်နယ် ထရမ့်ဆီမှာကလည်း ကြွေးနွံနစ်နေတဲ့ နိုင်ငံရဲ့စီးပွားရေးကို တွက် ခြေကာမိစေဖို့ တခြားနိုင်ငံငယ်တွေအပေါ် ခြောက်တစ်လှည့်၊ လှန့်တစ်လှည့်ပုံစံမျိုးနဲ့ ဆက်ဆံလာခဲ့တာလည်း ကြာပြီလို့ ပြောလို့ရတယ်။ လက်ရှိ ကြားဝင်နေတဲ့ ရုရှား-ယူကရိန်း စစ်ပွဲအရေးမှာလည်း အမှန်တကယ် စစ်ပွဲရပ်စေချင်လို့ဆိုတဲ့ စိတ်ဆန္ဒထက် တရုတ် -ရုရှားကြားက ဆက်ဆံရေးကို အကောင်းဆုံး ခွာပြဲစေချင်လာတာ၊ NATO အဖွဲ့အစည်းကြားမှာ အမေရိကန်မပါရင် ဥရောပနိုင်ငံတွေရဲ့ ရပ်တည်ချက် အခန်း ကဏ္ဍကိုလည်း ထင်ရှားစေလိုဟန် ရှိတယ်။ ပူပူနွေးနွေး ထုတ်ပြန်ထားတဲ့ ယူကရိန်း-ရုရှား အပစ်ရပ်အတွက် သဘောတူညီချက်မူကြမ်း ၂၈ ချက်မှာလည်း နေတိုး နိုင်ငံတွေရဲ့ လိုလားချက်က အမေရိကန်နဲ့ ထပ်တူကျနေတာမျိုး မရှိနေတာ တွေ့လာရတယ်။ နေတိုးနိုင်ငံတွေရဲ့ စဉ်းစားချက်မှာ ဥရောပ နိုင်ငံတွေရဲ့ အနာဂတ်လုံခြုံရေး၊ ရုရှားနိုင်ငံရဲ့ အင်အားကြီးထွားလာမှု အခြေအနေကို စဉ်ဆက်မပြတ် ထိန်းချုပ်နိုင်ရေးဆိုတာထက် စီးပွားရေး သမားဖြစ်တဲ့ ထရမ့်ကတော့ ဒီစစ်ပွဲကနေ အမေရိကန် အတွက် ဘာအကျိုးအမြတ်ရနိုင်မလဲဆိုတာကိုပဲ ရှေ့တန်းတင် စဉ်းစားလေ့ရှိတာကတော့ အမေရိကန်နဲ့ မိတ်ဖက် နိုင်ငံတွေကြား ခပ်တန်းတန်းဖြစ်စေတဲ့ အမြင်မတူညီမှုတွေဘဲ ဖြစ်တယ်လို့ သုံးသပ်နိုင်တယ်။
    နှစ်ပေါင်း ၇၀ ကျော် တည်ရှိလာတဲ့ နယူးဒေလီနဲ့ မော်စကို ဆက်ဆံရေးကို ခိုင်မြဲဖို့၊ အိန္ဒိယနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ရဲ့ စစ်ရေးကဏ္ဍတွေကို မိတ်ဖက်ပြုနိုင်ဖို့၊ စီးပွားရေးနဲ့ပတ်သက်လာရင်လည်း ရေနံနဲ့ ဓာတ်ငွေ့ ကျောက်မီးသွေးကဏ္ဍတွေမှာ စဉ်ဆက်မပြတ် ထောက်ပံ့ပေးမယ်ဆိုတဲ့ ကတိ ကဝတ်တွေနဲ့အတူ နက်ရှိုင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ သမ္မတပူတင် ကိုယ်တိုင်အိန္ဒိယကို ရောက်လာခဲ့တယ်လို့ဆိုရမယ်။ နှစ်နိုင်ငံကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရုရှားနိုင်ငံရဲ့ စွမ်းအင်ဝယ် ယူမှုအပေါ် အမေရိကန် နိုင်ငံရဲ့ ပိတ်ပင်မှုကိုလည်း 'အမေရိကန်ကိုယ်တိုင် ရုရှားနိုင်ငံကနေ နျူကလီးယားလောင်စာတွေ ဝယ်ယူနေရသေးရင် အိန္ဒိယနိုင်ငံကလည်း ရုရှားနိုင်ငံကနေ စွမ်းအင်ရယူနေတဲ့အပေါ်မှာ ဘာကြောင့် မဖြစ်နိုင်ရ မှာလဲ'ဆိုပြီး ပူတင်ကိုယ်တိုင် မေးခွန်းထုတ်ခဲ့တာက အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်အပေါ်မှာ သိသိသာသာ နိုင်ငံရေးအရ ထောက်ခံပေးခဲ့ပြန်တယ်။ ဒီအခြေအနေကို ပိုပြီး မီးစာတင်ပေးလိုက်တာက ကွန်မြူနစ်စနစ်ကို ဆန့်ကျင်ဖို့ ရည်ရွယ်ပြီး ၁၉၄၉ ခုနှစ်မှာ ၁၂ နိုင်ငံနဲ့ ဖွဲ့စည်းထားခဲ့တဲ့ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ဝင် ပြင်သစ်က တရုတ်နိုင်ငံကို မပြောမဆို ရောက်ချလာပြီး ဥရောပတိုက်မှာ တရုတ်အနေနဲ့ ရင်း နှီးမြှုပ်နှံမှုတွေလာလုပ်ဖို့ တောင်းဆိုသွားတဲ့ ဖြစ်ရပ်ပါပဲ။ ဒီဖြစ်ရပ်တွေအားလုံးကို ခြုံကြည့်လိုက်ရင် ယူကရိန်း-ရုရှား စစ်ထဲစေ့စပ်သူအဖြစ်နဲ့ ဝင်ပါနေတဲ့ အမေရိကန်ကိုယ်တိုင် သူ့နိုင်ငံ အကျိုးစီးပွားအတွက် ပါဝင်ပတ်သက်နေတာဖြစ်သလို နေတိုးအဖွဲ့ဝင်ဖြစ်တဲ့ ပြင်သစ်ကလည်း အကျိုးစီး ပွားအတွက် တရုတ်ကို ရောက်ချလာတဲ့ ဖြစ်စဉ်တွေ၊ RIC လို့ဆိုတဲ့ ရုရှား၊ အိန္ဒိယနဲ့တရုတ်တို့ ပေါင်းစည်းသွားတဲ့ ကမ္ဘာ့နိုင်ငံရေးစနစ်ကလည်း တစ်နိုင်ငံချင်းစီရဲ့ အကျိုးစီးပွားတွေမှာ မိတ်ဖက်နိုင်ငံရေးတွေ အပြန်အလှန် တည်ဆောက်ထားတယ်ဆိုတာ ပိုပြီး ပေါ်လွင်စေတယ်လို့ သုံးသပ်ရလိမ့်မယ်။
    ကမ္ဘာ့နိုင်ငံတွေရဲ့ အကျိုးစီးပွားအရ မဟာမိတ်တည်ဆောက်တဲ့ ပုံစံနဲ့အလားသဏ္ဌာန်တူညီတဲ့ အခင်းအကျင်းမျိုးကိုလည်း လက်ရှိ မျက်မှောက်မြန်မာ့ နိုင်ငံရေးတွေမှာ တွေ့မြင်ခဲ့ရတယ်။ အထူးသဖြင့် ကရင် ပြည်နယ်အခြေစိုက်ဖြစ်တဲ့ KNU အပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက် နက်ကိုင်တွေအနေနဲ့ ကျားဖျန့် ငွေလိမ်ဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး အကျိုးစီးပွား ရှာဖွေတာမျိုး၊ မူးယစ် မှောင်ခိုမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတာမျိုး၊ တပ်မတော်နဲ့ အစိုးရကို လက်နက်ကိုင် ပုန်ကန်နေတဲ့ NUG ဦးဆောင်တဲ့ အဖွဲ့အစည်းတွေဆီကို လက်နက်အရောင်းအဝယ်ပြုပြီး အကျိုးစီးပွား ရှာဖွေတာမျိုး၊ နောက်ဆုံး 'ကော်သူလေးပြည်နယ်'ဆိုတဲ့ အိပ်မက်နဲ့ ကရင်လက်နက်ကိုင် တပ်ပေါင်းစု ပုံစံမျိုး တည်ဆောက်ပြီး နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းကို State Actor လက်ထဲကနေ လုယူဖို့ ကြိုးစားလာတဲ့ လုပ်ရပ်တွေကို ရှေ့ကာလတွေမှာ ထင်ထင်ရှားရှား သက်သေပြခဲ့တာလည်း တွေ့နိုင်တယ်။ 
    ကချင်ပြည်နယ်ဘက်မှာလည်း KIA အနေနဲ့ စစ်ရေးအရ စစ်ကိုင်းဒေသကို လွှမ်းမိုးထိန်းချုပ်ချင်လာတဲ့ ရည်မှန်းချက်တွေ မြင်လာရတယ်။ အထူးသဖြင့် စစ် ကိုင်းဒေသကို ထိန်းချုပ်နိုင်ရင် ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်ဆိုပြီး ချိတ်ဆက်နိုင်မယ့် အနောက်မြောက်ပိုင်း စင်္ကြံလမ်းမကြီး တစ်ခုပွင့်နိုင်ဖို့ ကြိုးစားနေတာ တွေ့နေရတယ်။ ဒါကြောင့်လည်း စစ်ကိုင်း-ကချင် အစပ်မှာရှိတဲ့ ဗန်းမောက် မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေး၊ ပင်လည်ဘူးဒေသ စစ်ရေးတိုက်ပွဲတွေမှာ KIA အနေနဲ့ နောက်ကွယ်ကနေ သိသိသာသာ စစ်ရေးအရ အားဖြည့်ရပ်တည်ပေးနေတာ မြင်ရလိမ့်မယ်။ အနည်းဆုံးတော့ ဒီဒေသတွေကို မထိန်း ချုပ်နိုင်သေးရင်တောင် KIA အခြေစိုက်တဲ့ဒေသတွေကို တပ်မတော်ရဲ့ ထိုးစစ်တွေ မရောက်လာစေဖို့ စစ်ကိုင်းဒေသတွေမှာ စစ်ရေးအရ Proxy ခံလိုက်နိုင်တာလည်း ဖြစ်တယ်။ 
    ဗဟိုအစိုးရ ထိန်းချုပ်မှုမရှိသေးတဲ့ KIA ထိန်း ချုပ်နယ်မြေထဲက မြေရှားသတ္တုတွေရဲ့ အရေးပါမှု အခြေအနေကလည်း ဒီစစ်ရေးကို ပိုရှည်ကြာစေဖို့ အကြောင်းတရားဖြစ်နေတာလည်း တွေ့ရတယ်။ KIA ထိန်းချုပ် နယ်မြေထဲက မြေရှားသတ္တုတွေကို ဈေးပေါပေါနဲ့ရနေတဲ့ တရုတ်အတွက် ရှဉ့်လည်းလျှောက် သာ ပျားလည်းစွဲသာဆိုတဲ့ အခြေအနေမျိုးနဲ့ပဲ ဗဟိုအစိုးရနဲ့ KIA ကြား ဆက်ဆံနေတဲ့ပုံစံကလည်း ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးဖြစ်စေဖို့ အလှမ်းဝေးကွာသလို ဖြစ်နေပြန်တယ်။ နောက်ထပ် KIA ရဲ့ အဓိက ရည်မှန်းချက်တစ်ခုက စစ်ကိုင်းဒေသကို ထိန်းချုပ်နိုင်ရင် အိန္ဒိယနဲ့ ပိုနီးစပ်မယ်ဆိုတဲ့ ပထဝီနိုင်ငံရေး အတွေးအမြင် ရှိထားပုံပဲ။ ရခိုင် ပြည်နယ်အခြေစိုက် အကြမ်းဖက် AA နဲ့ စစ်ရေးအရ ကတိ ကဝတ်တွေ အပြန်အလှန်ရှိထားပြီးသား KIA အတွက် စစ်ကိုင်းတိုင်းဒေသကိုသာ ထိန်းချုပ်နိုင်ရင် အစိုးရထိန်းချုပ်မှု အလှမ်းဝေးနိုင်မယ့် အနောက်မြောက် စင်္ကြံလမ်းတစ်လျှောက်လုံးမှာ မူးယစ်ဆေးဝါးအပြင် လက်နက် မှောင်ခိုရောင်းဝယ်မှုတွေကိုပါ အထိန်းအချုပ်ကင်းမဲ့စွာနဲ့ လုပ် ဆောင်နိုင်တဲ့ အခင်းအကျင်းမျိုး ပုံဖော်နေတာ တွေ့နေရတယ်။ ၂၀၂၄ ခုနှစ် ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါး အစီရင်ခံစာမှာလည်း ရှမ်းပြည်နယ်က ဒေသတွေအပြင် ချင်းပြည်နယ်(မြောက်ပိုင်း)မှာ ဘိန်းစိုက်ပျိုးမှု တိုးလာတယ်ဆိုတဲ့ အချက်ကလည်း သတိပြုစရာ ကိစ္စဖြစ်တယ်။ သိပ်မကြာသေးခင်က ဖြစ်သွားတဲ့ ယင်းမာပင် PDF စစ်ကြောင်းမှူးရဲ့ ထောက်ခံချက်နဲ့ ချင်းပြည်နယ်ကိုဖြတ်ပြီး အိန္ဒိယကိုပို့မယ့် မူးယစ်ဆေးဝါး တွေကို  ဖမ်းဆီးရမိလိုက်တဲ့ သတင်းတွေရဲ့ ဆက်စပ်မှုက ဒီအကြောင်းတရားတွေကိုပဲ အခြေခံနေတာ တွေ့ရလိမ့်မယ်။ ဒါတွေအားလုံး ဆက်စပ်ကြည့်ရင် KIA အနေနဲ့ တစ်ဖက်မှာ NUG ကိုလည်း အပြည့်အ၀ ပူးပေါင်းပြတာ မရှိသလို တပ်မ တော်နဲ့လည်း မြေပြင်မှာ စစ်ဖြစ်နေတယ် ဆိုပေမယ့် ညှိနှိုင်းရေးအဖွဲ့တွေ တစ်ဆင့်ခံပြီး Peace Process  တွေမှာ လိုတိုးပိုလျှော့ ကစားနေတာလည်း တွေ့ရတယ်။ ဒါပေမဲ့ မြေရှားသတ္တုကို ကိုင်ထားတဲ့ KIA အနေနဲ့ တရုတ်နဲ့ ဗဟိုအစိုးရကြားမှာ နိုင်ငံရေးအရ ကစားနေသလို အနောက်မြောက်ဘက်က စင်္ကြံကိုလည်း လွှမ်းမိုးထိန်းချုပ်နိုင်ဖို့ ပြင်ဆင်နေတယ်ဆိုတာ ဒီအချက်တွေကိုကြည့်ရင် ထင်ရှားနေပြန်တယ်။ 
    လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့လို့ ကမ္ဘာ့နိုင်ငံကြီး တွေကိုယ်တိုင် ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခံနေရတဲ့ မူး ယစ်ဆေးဝါး ပြဿနာ၊ ကျားဖျန့်ရှင်းလင်းရေးနဲ့ မြေရှား သတ္တုအရေးကိစ္စတွေမှာ တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ ရပ်တည်ချက်နဲ့ သွေဖည်တဲ့ လက်နက်ကိုင် အင်အားစုတွေကို မူးယစ်ဆေးဝါးကုန်ကူးမှု၊ ကျားဖျန့်ငွေ လိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်သူတွေအဖြစ်နဲ့ နိုင်ငံ တကာက သိမြင်နိုင်စေဖို့ ချိန်သားကိုက် လုပ်ဆောင်သင့်တဲ့ အခြေအနေလို့လည်း သုံးသပ်မိတယ်။ တချို့သော EAO ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင်တွေကိုလည်း ဒီအခင်းအကျင်းကနေ ဗဟိုအင်အားစုထဲ ရောက်လာစေဖို့ ဖိအားပေးနိုင်တဲ့ တစ်ခုတည်းသော ထွက်ပေါက်တစ်ခုအဖြစ်လည်း အသုံးချနိုင်တာ တွေ့ရတယ်။ အစိုးရနဲ့ တပ်မတော်အတွက် ကျားဖျန့်နှိမ်နင်း ရေးကိစ္စတွေနဲ့ မူးယစ် ဆေးဝါးပြဿနာတွေကို ထဲထဲဝင်ဝင် ကိုင်တွယ်ဖြေရှင်းနေတဲ့ ပုံရိပ်တွေဟာ ရွေးကောက်ပွဲအလွန် ကာလမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအရွေ့တစ်ခုမှာလည်း ဗဟိုအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ သြဇာသက်ရောက်မှု အားကောင်းလာစေဖို့၊ နယ်စပ်ဒေသတွေရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို အပြည့်အ၀ ထိန်းချုပ်နိုင်စေဖို့ဆိုတဲ့ အကြောင်းတရားတွေကို အထောက်အကူဖြစ်စေတာ တွေ့နိုင်တယ်။ 
    မကြာခင် အပိုင်းသုံးပိုင်းနဲ့ ကျင်းပတော့မယ့် ရွေးကောက်ပွဲကလည်း တဖြည်းဖြည်း စတင်ဖို့ နေ့ရက်အချိန်တွေ နီးလာချိန် တစ်ဖက်က အမျိုးသားညီညွတ်ရေးလို့ဆိုတဲ့ (NUG) အဖွဲ့ကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ခြင်းမပြုဖို့ တောင်းဆိုနေတာတွေလည်း တွေ့နေရတယ်။ အထူးသဖြင့် လက်ရှိ ပြည်ပရောက်နိုင်ငံတွေမှာ ကြိုတင်ဆန္ဒမဲတွေပေးနေချိန် ကြားနေ ပြည်သူတွေ မဲလာမပေးရဲအောင် အချိန်ကိုက် ဆန္ဒပြပွဲတွေ လုပ်နေတာလည်း မြင်နေရပြန်တယ်။ အာဆီယံရဲ့ စုပေါင်းသဘောထားအနေနဲ့ ရွေးကောက်ပွဲမလုပ်ခင် အကြမ်းဖက်မှုတွေ ရပ်ဆိုင်းပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ အရင်လုပ်ဖို့ ဆိုထားပေမယ့် အာဆီယံရဲ့ ပဋိညာဉ်အရ (သို့တည်းမဟုတ်) တစ်နိုင်ငံချင်း စီရဲ့ မိတ်ဖက်ဆက်ဆံရေးအခြေ အနေတွေက ဘယ်လိုရှိလာနိုင်မလဲဆိုတာ လာမယ့်ဒီဇင်ဘာ ၂၈ ရက် အလွန်ကာလတွေကို စောင့်ကြည့်ရတော့မှာဖြစ်တယ်။  နိုင်ငံရေးမှာ အကျိုးစီးပွားတွေကိုသာ ဦးတည်စမြဲ မို့ ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်မှာ မြန်မာ့ရွေးကောက်ပွဲဟာ 'လွတ်လပ်မှု မရှိနိုင်သလို ယုံကြည်လက်ခံနိုင်ဖွယ်လည်း မရှိနိုင်ဘူး'လို့ဆိုခဲ့တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတစ်ယောက် နေပြည်တော်ကို ဒီဇင်ဘာ ၇ ရက်မှာ ရောက်လာပြီး 'ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရေးအသွင်ကူး ပြောင်းမှုဖြစ်စေဖို့ မျှော်လင့်တယ်'ဆိုပြီး ထုတ်ပြောလာတာကလည်း နောက်ကွယ်မှာ ကျားဖျန့်အရေး ကိစ္စတွေ ကြောင့်ပဲလားဆိုတာ ကာယကံရှင်တွေသာ အသိဆုံးဖြစ်မှာပါပဲ။ 
    ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ကနေ ၃၀ ရက် အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံက ကမကထလုပ်ပြီး နိုင်ငံရေးအလွတ်သဘော ဆွေးနွေးပွဲလုပ်ခဲ့ကြရာမှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကလည်း တက်ရောက် ခဲ့တယ်ဆိုတဲ့ သတင်းကလည်း စိတ်ဝင်စားစရာ ကောင်းနေပြန်တယ်။ သတင်းတွေရဲ့ ဖော်ပြထားချက်အရ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နဲ့ NUG တို့ တက်ရောက်ခဲ့ကြတယ်လို့ ဆိုထားတယ်။ ရွေးကောက်ပွဲကတစ်ဆင့် ထွက်ပေါ်လာမယ့် အစိုးရတစ်ရပ် အကူးအပြောင်းကာလ ထွက်ပေါ်ဖို့ ရက်အားဖြင့် မလို တော့တဲ့အချိန်မှာ ဒါ့မှမဟုတ် နိုင်မြင်းအဖြစ်နဲ့ ရုရှား၊ တရုတ်၊ ဘီလာရုဇ်တို့လို နိုင်ငံတွေနဲ့ ကျောကပ်နိုင်ချိန်မှာ အရင်က 'သွေးကြွေးမှာ ဆွေးနွေး စရာမရှိဘူးလို့' ဆိုထားကြသူတွေက ဂျာကာတာမှာ အင်ဒိုရဲ့ ဖိတ်ကြားချက်ကို ဝမ်းပန်းတသာ သွားကြတာကလည်း အံ့အားသင့်စရာပါပဲ။ ပိုဆိုးတာက ထောက်ခံသူတွေကိုယ်တိုင် အကျင့်ပျက်ခြစားမှုတွေအပြင် မြေပြင်နဲ့ အလှမ်းကွာဝေးနေတဲ့ NUG ကို ပြုပြင်ပြောင်းလဲရေးလုပ် သင့်တယ်ဆိုတဲ့ အသံတွေ ဆူညံလာချိန်မှာ ဒီဇင်ဘာ ၈ ရက် ရက်စွဲနဲ့ လူဟောင်းတွေနဲ့ ပြန်ပေါင်းထုပ်ပြီး အပြောင်းအလဲ လုပ်ထားပါတယ်ဆိုတဲ့ NUG ရဲ့ Reform ကလည်း ပြက်ရယ်ပြုချင်စရာ ကောင်းနေပြန်တယ်။ တကယ်တော့ NUG ကို ထောက်ခံကြသူတွေကိုယ်တိုင် သတိပြုရမှာက NUCC ကနေ KNU နဲ့ KNPP တို့ နုတ်ထွက်ထားကြသလို NUG ရဲ့ ပြုပြင်ပြောင်းလဲဆိုတဲ့ ဖွဲ့စည်းမှု Reform အသစ်မှာ တိုင်းရင်းသားလက်နက်ကိုင် EAO တွေနဲ့ ရင်ချင်းအပ်ထားတဲ့ အခြေအနေမရှိထားဘူးဆိုတဲ့ အခြေအနေကို ကွက်ကွက်ကွင်းကွင်း မြင်တတ်ရင် အနာဂတ် NUG ရဲ့ နိုင်ငံရေးလားရာ အခြေအနေကို မှန်းဆကြည့်လို့ ရနိုင်ပါပြီ။
    ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း(၁)နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ ပြုလုပ်သွားမယ့် ရွေးကောက်ပွဲ အပိုင်း(၂) ကတော့ ရွေးကောက်ပွဲအလွန်ကာလ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအတွက် တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာဖို့ နီးကပ်လာပြီလို့ပဲ ဆိုရလိမ့်မယ်။ ဒီအခြေအနေမှာ လက်ရှိယာ ယီသမ္မတကြီးကိုယ်တိုင် ပြင်ဦးလွင်က ကျောင်း ဆင်းပွဲ အခမ်းအနားတစ်ခုမှာ 'တိုင်းရင်းသားလက်နက်ကိုင်တွေ မရှိတော့တဲ့အချိန် ရောက်မှ လွှတ်တော်မှာ တပ်မတော်ရဲ့ ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားမယ်'ဆိုတဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်ကို တိုင်းသိ၊ ပြည်သိ ပြောသွားခဲ့တာကလည်း အလေးထား သတိပြုချင်စရာ ကောင်းတယ်။ အပေါ်က ဆိုခဲ့သလို အင်အားကြီးတဲ့ နိုင်ငံတွေပါဝင်တဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအပြောင်းအလဲ တွေကိုယ်တိုင် တစ်နိုင်ငံချင်းစီရဲ့ အကျိုးစီးပွားတွေကို မဟာမိတ်ဆက်ဆံရေးတည်ဆောက်မှုကနေ အားယူဆောင်ရွက်တာဖြစ်တယ်ဆိုတဲ့အချက်ကို ရွေးကောက်ပွဲအလွန်ကာလ ပေါ်ပေါက်လာမယ့် အစိုးရတွေအနေနဲ့ အလေးထားသတိပြုဖို့ လိုပါလိမ့်မယ်။ မြန်မာ့နိုင်ငံရေးတည်ငြိမ်မှုကို အစဉ်တစိုက် ခြိမ်းခြောက်နေသလို အဓိက စိန်ခေါ်မှုဖြစ်စေတဲ့ ကချင်ပြည်နယ်ထဲက မြေရှားသတ္တုအရေး၊ မူးယစ်ဆေးဝါးပြဿနာနဲ့ ကျားဖျန့် အွန်လိုင်းလောင်းကစား လိမ်လည်မှုတွေကို နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ အစိုးရအချင်းချင်းကြား သံတမန်ဆက်ဆံရေးကနေ အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်တာလည်း တွေ့ရ တယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားအရ မဟာမိတ်ဆက်ဆံရေးတွေမှာ မိတ်ဖက်နိုင်ငံ တွေနဲ့ အလိုက်သင့် လိုက်ပါစီးမျောနိုင်ဖို့ လိုအပ်သလို နိုင်ငံရေးထောင်ချောက် ဖြစ်လာနိုင်စေတဲ့ မူးယစ်ဆေးဝါး၊ ကျားဖျန့်နဲ့ မြေရှားသတ္တုအရေးကိစ္စတွေကို ကိုင်တွယ်ဖို့ မဟာဗျူဟာမြောက် အစီအမံတွေ ကြိုတင် ချမှတ်ဆောင်ရွက်သင့်တဲ့အချိန်လည်း ရောက် ပြီလို့သာဆိုရတော့မှာ ဖြစ်တယ်။ 
နရီမိုး
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 13

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58923

© 2022 - 2025 News. All Rights Reserved.