ရန်ကုန်၊ ဇွန် ၁၂
၂၀၂၃-၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မှာ ၅၈ ရာခိုင်နှုန်း နီးပါးရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ဇွန်လ ၁၁ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။
၂၀၂၃-၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း စာစစ်ဌာန ၈၃၀ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခုတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဖွင့်လှစ် ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၁၄၆၅၂၃ ရှိခဲ့ပြီး လာရောက် ဖြေ ဆိုသူဦးရေ ၁၂၈၆၃၅ ဦးရှိခဲ့သည့်အတွက် ဖြေဆိုသူဦးရေ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိ ခဲ့ကြောင်း သိရသည်။ ဖြေဆိုသူများအနက် ၇၄၅၉၂ ဦး အောင်မြင်ခဲ့၍ ဖြေဆိုသူဦးရေ၏ ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းရလဒ်များမှာ ၂၀၂၄ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၄ ခုနှစ် ဧပြီလနှင့် မေလများတွင် အထူးအစီအစဉ်အနေဖြင့် ကျင်းပပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်များ ပါဝင်ကြောင်း သိရသည်။
ယခု ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာ မေးပွဲတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူများအဖြစ် သိပ္ပံဘာသာတွဲတွင် တာမွေမြို့နယ်၊ EC ကိုယ်ပိုင် အထက်တန်း ကျောင်းတာမွေမှ မောင်မင်းခန့်ဗိုလ် (ရမှတ်ပေါင်း ၅၅၇ မှတ်)၊ ဝိပ္ပံဘာသာတွဲတွင် မြိတ်မြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်လင်းလင်းပိုင် (ရမှတ်ပေါင်း ၅၂၁ မှတ်)၊ ဝိဇ္ဇာဘာသာတွဲတွင် အ.ထ.က (ကျွန်းလှ)မှ မဝင်း လက်တွယ်တာ (ရမှတ် ပေါင်း ၅၂၃ မှတ်)တို့ဖြင့် အသီးသီးရရှိခဲ့ပြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ခုနစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ လေးဘာသာဂုဏ်ထူး ရှင်တစ်ဦး၊ သုံးဘာ သာဂုဏ်ထူးရှင်လေးဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦးတို့ဖြင့်ရာ နှုန်းပြည့်အောင်ခဲ့ကြောင်း သိရ သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဖြေဆိုခဲ့သည့် စနစ်ဟောင်းအတွက် နောက်ဆုံး တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းတွင် အောင်ချက်ရာခိုင်နှုန်း ၆၇ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။