'လှတောသားကွ ဖျားသွားမယ်' ရုပ်ရှင်ကားကြီးမှာ မြို့သူအနေနဲ့ သရုပ်ဆောင်ထားတယ်ဆိုတဲ့ ထက်ထက်ထွန်း . . .

  ၂၀၂၄ ဇွန် ၅

 'လှတောသားကွ ဖျားသွားမယ်' ရုပ်ရှင်ကားကြီးကို ဆောင်းနှင်းရည်ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့ ပြီး အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ပွဲအခမ်းအနားကို ဇွန် ၁ ရက်တွင် Chinese 47 ၌ ပြုလုပ်ခဲ့ သည်။ 'လှတောသားကွ ဖျားသွားမယ်'ဇာတ်ကားကြီးတွင် သရုပ်ဆောင်များအနေဖြင့် ကျော်ရဲအောင်၊ နေထူးနိုင်၊ ညိမ်းသော်၊ မင်းဘုန်းမြတ်၊ မေမီကိုကို၊ ထက်ထက်ထွန်း၊ ပန်းအိန္ဒြေထက် စသည့် သရုပ် ဆောင်များ ပါဝင်ကာ ရေနံချောင်းတွင် ရိုက်ကူးခဲ့သည်။ အဆိုပါ ဇာတ်ကားရိုက်ကူးမှုများနှင့် ပတ်သက်၍ ပါဝင်သရုပ်ဆောင်ခဲ့သည် ထက်ထက်ထွန်းအား ဇာတ်ကားနှင့်ပတ်သက်၍ မေးမြန်းမှုများ ကို ပြန်လည်ဖော်ပြလိုက်ပါသည်။
သရုပ်ဆောင် ထက်ထက်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း…..


TREND    ။    ။ 'လှတောသားကွ ဖျားသွားမယ်'ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဘယ်လိုကာရိုက်တာမျိုးနဲ့ မြင်တွေ့ရမလဲ။ မြင်နေကျပုံစုံလား။ ထူးခြားတာလေး တွေရှိလား။
HHH ။    ။ '
လှတောသားကွ ဖျားသွားမယ်' ဆိုတဲ့ကားမှာ ထက်က မြို့သူနေရာကနေ သရုပ်ဆောင်ထားတာပါ။ မြို့သူဆိုတာက လှတောသားတွေကို အထင်မကြီးတဲ့ မြို့သူအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ထူးထူးခြားခြားတော့ မရှိဘူး။ ရုံကြီးကားဆိုပေမယ့် အိုက်တင် ဆန်းဆန်းပြားပြားတော့ မရှိပါဘူး။ အရင်တုန်းက လှတောသားတွေရဲ့ ရိုးရာဓလေ့လေးတွေကို အခုခေတ်လူငယ်တွေက ဟိုအရင်ကတည်းက လှတောသားဆိုရင် သဘောကျကြတယ်။ သူတို့ရဲ့ စကားလုံးတွေကို အရမ်းကြိုက်ခဲ့ရတယ်။ စာသင်ရင်တောင် ဒီအပိုင်းဆို အရမ်းသင်ချင်တယ်ဆိုတဲ့ အထိဖြစ်ခဲ့ရတယ်။ ဒီယဉ် ကျေးမှုလေးတွေကို လူငယ်တွေ၊ ကလေးတွေကို လက်ဆင့်ကမ်းတဲ့သဘော ရိုက်ထားတာပေါ့နော်။


TREND    ။    ။ ကိုနေထူးနိုင်နဲ့ သရုပ်ဆောင်တဲ့ အခါမှာ အတွဲညီအောင် ဘယ်လိုမျိုးလေးတွေ သရုပ် ဆောင်ရလဲ။ အတွဲရော ညီရဲ့လား။
HHH     ။    ။
ကိုနေထူးနိုင်နဲ့ အတွဲညီအောင်တော့ အပြင်သဘာဝအတိုင်းပဲနော်။ အဓိကတော့ ကိုနေထူးနိုင်က သူ့ကားတွေဆိုရင် နည်းနည်း ဆန်းတယ်လေ။ သရုပ်ဆောင်အနေနဲ့လည်း ပုံမှန်ထက် ကွဲထွက်တဲ့ ကာရိုက်တာလေးတွေ ရိုက်ချင်တယ်ဆိုပေမယ့် ဒီကားမှာတော့ မြေလျှိုး၊ မိုးပျံ ကာရိုက်တာတော့မပါဘူး။ အဲဒီလိုမျိုး ကာရိုက်တာလေးတွေ ရိုက်ချင်တယ်။ ကိုကြီးလို့ ပြောထားသေးတယ်။ ဘဝမှာ တစ်ခါလောက် မြေလျှိုး၊ မိုးပျံ တရုတ်သိုင်းကားတွေလို အစုံရိုက်ကူးချင်တယ်။ ဒီကားမှာတော့ အဲ့ဒါမျိုးတွေမပါဘူး။ စကားလုံးအကြီးတွေ၊ အမြင့်တွေ၊ အထင်မကြီးတာမျိုးတွေ ပုံစံမျိုးရိုက်ကူးထားတာပါ။


TREND    ။    ။ စောစောကပြောတာကြားတယ်။ ကိုနေထူးနိုင်နဲ့ တွဲရိုက်ရမယ်ဆိုတော့ ဒီဇာတ်ကားကြီးကို လက်ခံလိုက်တယ်လို့ ကြားတယ်။ ဘယ်လိုကြောင့် အဲဒီလို လက်ခံရတယ်ဆိုတာလေး ပြောပေးပါဦး။
HHH     ။    ။
ကိုနေထူးနိုင်နဲ့ တွဲရိုက်ရမယ်ဆိုလို့ လက်ခံလိုက်တာပါ။ ကိုယ့်ထက် Senior အကြီးတွေနဲ့ ရိုက်ချင်တာ။ ငယ်ငယ်ကဆိုရင် မင်းသားတွေ၊ မင်းသမီးတွေ ကိုယ်တွေနဲ့ ဘေးချင်းကပ်တွေ့ဖို့တောင်မှ အိပ်မက်ဆိုရင်တောင် မမက်ခဲ့ဖူးဘူးလေနော်။ ကိုနေတိုးတို့ မင်းသားကြီးတွေ၊ ဒွေး၊ လူမင်း၊ ပြေတီဦး အဲ့ဒါတွေ အကုန်လုံးက ပရိသတ်အနေနဲ့ အားကျခဲ့ရတယ်။ အိပ်မက်ကြီးတစ်ခု လိုမျိုးပဲ။ ကိုသားကြီးနဲ့တော့ မဆုံတော့ဘူး။ 'လူကြီးလူကောင်း'ကားမှာဆိုရင် ကိုလွင်မိုးနဲ့ ဆုံတယ်။ အပြင်မှာ ဆုံတဲ့အခါမှာ သူငယ်ချင်းလိုမျိုးပေါင်းလို့ရမယ်လို့ မထင်ထားဘူး။ အန်ကယ်လေးတို့၊ ဦးတီနဲ့လည်းဒီအတိုင်းပဲ အပြင်မှာဆုံမယ်လို့ ကိုယ်က အိပ်မက်တောင် မမက်ဖူးဘူးလေ။ ကိုနေထူးနိုင်လည်း ဒီအတိုင်းပဲ။ သူနဲ့လည်း ရိုက်ကူးချင်တာပေါ့နော်။ ဒီနေရာလေးကို ညီမလေးကိုပဲ မြင်တယ်ဆိုပြီး ရိုက်ကူးဖို့လာခေါ်တော့ ကျေနပ်တာ။ ဒီနေရာမှာ ညီမလေးပဲ ဖြစ်မယ်ဆိုရင် အရမ်းကို ကျေနပ်ပြီးတော့ပျော်တာ။ အဲ့ဒါဆိုရင် ရိုက်မယ်ပြောလိုက်ရော။


TREND။    ။ သရုပ်ဆောင်တဲ့ အခါမှာရော လှတောသားတွေရဲ့ စကားလုံးတွေရော ဘယ်လိုမျိုးလဲ။ တကယ်စကားလုံး ကြွယ်တာတွေ့ရတော့ ဘယ်လိုပုံစံ မျိုးရှိတယ်။ စကားလုံးတွေရော သရုပ်ဆောင်တဲ့ အခါမှာ အဆင်ပြေလား။
HHH    ။    ။
လှတောသားတွေရဲ့ လေလုံး တော့မပိဘူး။ ကိုယ့်တွေက တွန်းကန်တာပေါ့။ ဒါပေမဲ့ ကိုယ်တွေက ကြွေသွားတာပေါ့။ စကားလုံးတွေက ခက်တယ်။ တော်တော်နဲ့ မမှတ်မိဘူး။ ဝိုင်းပြီးတော့တောင် ကူကျက်ပေးရတယ်။ စာကျက်တဲ့အချိန်မှာ ဘေးလူက ရသွားတယ်။ ကိုယ်ကမရသေးဘူး။ အဲဒီလိုတွေ စာပိုဒ်တွေကလည်း အရှည်ကြီးတွေလေ။ ဖွဲ့နွဲ့ပြီးတော့ ရေးထားတာ ကဗျာကို ပြန်ကျက်နေရသလိုပဲ။ ဒါလေးတွေ ကတော့ အမှတ်တရပါပဲ။


TREND။    ။ ကိုနေထူးနိုင်နဲ့ သရုပ်ဆောင်ရတဲ့အခါမှာ ညှိရတာတွေရော ရှိလား။
HHH    ။    ။
ညှိတာတော့ မညှိပါဘူး။ ထက် ဒေါက်ဖိနပ်စီးချင်ရင် စီးလိုက်တာပဲ။ အရပ်ပုနေလည်း မင်းသားကမင်းသားပဲလေး ကိုနေထူးနိုင်က Fan က ကိုယ့်ထက်ပိုများတယ်။ အရပ်ရှည်နေဖို့က အရေးမကြီးဘူး။ အရည်အချင်းမှာ စကားပြောသွားတာပဲ။ ရေနံချောင်းသွားရင် ကိုနေထူးနိုင်ဖန်တွေက အပြည့်ပဲ။


TREND။    ။ စောစောကဖြေတာ ကိုယ်တိုင်လည်း စူပါပါဝါ ဇာတ်ကားရိုက်ချင်တယ် ဆိုတာလေ။
HHH    ။    ။
စူပါပါဝါရိုက်ချင်တယ်လို့ ပြောနေတာ။ ဘဝမှာတစ်ခါလောက် တရုတ်သိုင်းကားလိုပေါ့။ ကိုယ်ကလည်း အပြင်မှာ ပေါတောတောနေတာဆိုတော့ အဲဒီလို ကာရိုက်တာကို တချို့က ကြိုက်ကြတယ်။ အမှန်ကိုယ်လည်း ကြိုက်တယ်သိလား။ ဒီကားက ပေါကားလည်း မဟုတ်ဘူး။ အပြင်မှာ မြင်နေကျပုံစံမျိုး မဟုတ်ဘဲ။ နိုင်ငံခြားကားတွေက တိုက်တာခိုက်တာတွေပါရင် မိုက်တယ် ပြောတယ်။ မြန်မာနိုင်ငံမှာလုပ်ရင် ပေါကားလို့သာပြောတာ။ အဲဒီလို ကားမျိုးဆိုရင် ကိုယ်ဆိုရင်တော့ ကြိုက်တယ်။ ရိုးရိုးတန်းတန်း ကြည့်တဲ့ကားထက် ပါဝါပါတဲ့ကား၊ မှော်ဆန်တဲ့ကားတွေကို ကြည့်ရတာ ကြိုက်တယ်။ မြင်နေကျမဟုတ်ရင် ပိုက်ဆံပေးရတာ တန်တယ်လေ။ လေပေါ်ပျံချင်တာမျိုး အရမ်းကြိုက်တယ်။ 


TREND ။    ။ အဲဒီလိုကားတွေကို ရိုက်ကူးရင် ကာရိုက်တာကို အကုန်ကိုယ်တိုင် ရိုက်မှာပေါ့။
HHH    ။    ။
ဒီလိုကာရိုက်တာကို ကိုယ်တိုင်လုပ်ချင်လို့ ဒူးကွဲတာ ဝှီးချဲစီးလိုက်ရတယ်။ တစ်လလေ ဦးစတီးနဲ့ ရိုက်တုန်းက အက်ရှင်ကား ရဲက လူဆိုးလိုက် ဖမ်းရင်းနဲ့ ဒေါက်ဖိနပ်ကြီးနဲ့ မြောင်းကို ခုန်ချလိုက်တာလေ။ အခုလည်း ပြောပါတယ်။ ညီမ ခန္ဓာကိုယ်အမျိုးအစားနဲ့ဆိုရင် So Colse တို့လို ကြိုးဆွဲပြီး ရိုက်လို့ရတယ်။ ကြိုးစီးရတော့မယ်။ ဂျက်မတို့လို ပုံစံမျိုးပေါ့။


TREND    ။    ။ တချို့က ဒီလို ပါဝါကားတွေ၊ မှော်ကားတွေကို ပေါကားလို့ ပြောကြတာတွေရှိတယ်။ ဒီအပေါ်မှာရော ကိုယ့်အနေနဲ့ ဘယ်လိုမျိုးမြင်လဲ။
HHH    ။    ။
ဒီလိုမျိုး ပါဝါထွက်လို့ ပေါကားဆိုရင် ကိုယ်တွေလည်း ပါဝါရိန်းဂျားနဲ့ ကြီးလာတာလေး။ ဒါတွေကို လူကြီးတွေကြည့်ရင် ပေါကားဖြစ်နေတာပဲလေ။ အမှန်တော့။ ကိုယ်ကြည့်တဲ့ ပါဝါရိန်ဂျားက သူများနိုင်ငံက ရိုက်တဲ့ကားတွေဆိုရင် နည်းနည်းညံ့တာတွေရှိတယ်။ အဲ့ဒါမျိုးကြတော့ ပေါကားတွေလို့ ဘာလို့ မပြောတာလဲ။ ကိုယ်တွေလည်း ဒီလိုမျိုးကားတွေနဲ့ ကြီး ပြင်းခဲ့တာပဲ။ ကိုယ်ရဲ့ IQ Level မြင့်၊ နည်းပညာတွေ မြင့်လာတော့မှ ဒါကြီးက ပေါကားကြီးဆိုပေမယ့် ကလေးတွေအတွက်ကတော့ စူပါဟီးရိုးပဲလေ။ အဲဒီလိုဆိုတော့ လက်ခံနိုင်တဲ့အဆင့်၊ လက်ခံနိုင်တဲ့အတိုင်းအတာ အသက်အရွယ်မျိုးစုံပေါ့။ ကလေးတွေကို ဒီလှတောသားကား သွားကြည့်ခိုင်းရင် နားလည်မှာ၊ စိတ်ဝင်စားမှာမဟုတ်ဘူး။ သူတို့ကြည့်ချင်တာ Baby ကလေးတွေ ကြည့်ချင်တာလေ။ အနုပညာဆိုတာက အကောင်းဆုံးအရာကြီးကိုပဲ ပြဖို့ထက် လူတိုင်းကြည့်နိုင်ဖို့၊ မတူညီတဲ့ ရသတွေကို ပေးနိုင်ဖို့ လိုတယ်လို့ ထက်ကတော့ ထင်ပါတယ်။


TREND    ။    ။ ရေနံချောင်းမှာရော အမှတ်တရ တွေရှိခဲ့လား။
HHH    ။    ။
ရေနံချောင်းမှာ အမှတ်တရဆိုရင် ရှုခင်းလှလှလေးတွေပေါ့။ ရေနံချောင်းက ကြားဖူးတာက ခြောက်ကပ်ပြီးတော့ ဘာမှမရှိဘူးလို့ ထင်တာလေ။ ရောက်လည်း မရောက်ဖူးဘူး။ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်း အညာဒေသဆိုတော့ မန်ကျည်းပင်တွေပဲ ရှိမယ်ထင်တာလေ။ ရောက်သွားတော့ ဘယ်ဟုတ်မလဲ။ လှလိုက်တာ အဲဒီမှာ နိုင်ငံခြားလို့ထင်ရတဲ့ တောင်ကြီးတွေ အဲဒီလိုနေရာမှာ သွားရိုက်ထားတာတွေ ရှိတယ်။ အရမ်းလှတယ်။


TREND။    ။ ပရိသတ်ကြီးကို စကားလက် ဆောင်လေးပြောပေးပါဦး။
HHH    ။    ။
ချစ်တဲ့ ပရိသတ်အားလုံးကို ချစ်ပါတယ်။
( သက်မှူး )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 754

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42769

© 2022 - 2025 News. All Rights Reserved.