ကျွန်တော်တို့ တိုင်းပြည်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မယ်ဆိုရင် အဲဒီနည်းလမ်းဟာ ရွေးကောက်ပွဲ နည်းလမ်းတစ်မျိုးပဲရှိတယ် . . .  ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်နှင့် တွေ့ဆုံခြင်း

၂၀၂၅ ဖေဖော်ဝါရီ ၁၂
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (NSPNC) နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့ တွေ့ဆုံဆွေးနွေးမှုများအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သဘောတူညီချက် ၄၀ ကျော် ရရှိထားမှု အပါအဝင် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ်ခြောက်လ တိုးမြှင့်သတ်မှတ်မှုနှင့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ အခြေအနေများနှင့်ပတ်သက်၍ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP-ကျားဖြူပါတီ) တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းအတွင်း နိုင်ငံတည်ငြိမ်အောင် ဆောင်ရွက်ပြီး နိုဝင်ဘာမှာ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းသုံးသပ်နေတာ ရှိပါတယ်၊ ဒီအပေါ် ဘယ်လိုမြင်ပါလဲ။
USTM    ။    ။
ရွေးကောက်ပွဲ ဒီ၂၀၂၅ ထဲမှာ ကျင်းပမယ်။ နိုဝင်ဘာမှာ ဖြစ်မယ်ဆိုရင် ဒီခြောက်လအတွင်းမှာ နစကအစိုးရက တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်မယ်လို့ မြင်ပါတယ်။ ဒီခြောက်လအတွင်း တည်ငြိမ်အေးချမ်းရေးက လုပ်လို့မရသေးဘူး ဆိုရင်တော့ နောက်ကာလတွေမှာလည်း ရွေးကောက်ပွဲက အခက်အခဲအများကြီး တွေ့နိုင်မယ်လို့ မြင်တယ်။ တကယ်လို့ ဒီခြောက်လအတွင်းမှာ တရားဥ‌ပဒေစိုးမိုးရေးကို မလုပ်နိုင်သေးဘူး၊ တည်ငြိမ်အေးချမ်းရေးကိုလည်း ဆောင်ရွက်လို့ မရသေးဘူးဆိုရင် တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ဖို့ နောက်ထပ်ခြောက်လ သက်တမ်းထပ်တိုးမလား ဒါလည်း ဖြစ်နိုင်ခြေရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲ တကယ်ကျင်းပနိုင်ဖို့ဆိုရင် ဒီခြောက်လအတွင်းမှာတော့  အများကြီး ကြိုးစားပြီးတော့ တရားဥပ‌ဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကိစ္စကို ဆောင်ရွက်လိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ ဒီခြောက်လအတွင်းမှာမှ တရားဥပ‌ဒေစိုးမိုးရေးနဲ့ တိုက်ပွဲတွေကို ရပ်တန့်အောင် မလုပ်နိုင်သေးဘူးဆိုရင်တော့ အတော်ခက်မယ်။ ဒါပေမဲ့လည်း လက်ရှိ အစိုးရက သူချမှတ်ထားတဲ့ ပေါ်လစီအရကတော့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စီစဉ်ထားပြီးသား ဖြစ်တဲ့အတွက် ဒီခြောက်လအတွင်းမှာ တရားဥပ‌ဒေစိုးမိုးရေး၊ တည်ငြိမ်ရေးကို ကြိုးစားဆောင်ရွက်လိမ့်မယ်လို့ ထင်ပါတယ်။ နစကအစိုးရက ဥပဒေအရ၊ လုပ်ထုံး လုပ်နည်းအရ သက်တမ်း ထပ်တိုး လိုက်တယ်။ ဒါက တည်ငြိမ်အေးချမ်းမှုရှိဖို့ လုပ်တယ်။ တိုင်းပြည်မတည်ငြိမ်မချင်းကတော့ ဒီအတိုင်း သွားမှာ သေချာတယ်။ ခြောက်လတိုးမှာ၊ နောက် ခြောက်လကိုလည်း မတည်ငြိမ်သေးဘူးဆိုရင် ထပ်တိုးမယ်။ ဒါက အခြေခံဥပဒေမှာ ပါထားတာကိုး။ အခက်အခဲ အနှောင့်အယှက်တွေ ရှိနေသေးလို့ တိုင်းပြည် တည်ငြိမ်မှုမရှိဘူး။ အဲဒီအခြေ အနေအတိုင်း ဆက်ဖြစ်နေမယ် ဆိုရင်တော့ ရွေးကောက်ပွဲက မျှော်လင့်ရတာ ခက်သွားမယ်ပေါ့။ လက်ရှိအချိန်မှာတော့ နစကအစိုးရက သူ့ရဲ့ ရှေ့လုပ်ငန်းစဉ်ထဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူတို့ ချမှတ်ထားတာရှိတယ်။ ရွေးကောက်ပွဲကို အောင်မြင်အောင် လုပ်မယ်၊ ပေါ်ပေါက်လာတဲ့ အစိုးရကို နိုင်ငံ့တာဝန် လွှဲပြောင်းမယ်ဆိုတဲ့ တကယ့်အရေးကြီး လုပ်ဆောင်မယ့် ရှေ့လုပ်ငန်းတွေထဲမှာ အဲ‌ဒီအချက်ပါတယ်။ အဲဒီအချက်တွေကို အကောင်အထည် ပေါ်ဖို့အ တွက်လည်း တစ်ဆင့်ချင်းစီ လုပ်ဆောင်နေပါတယ်။ ကျန်တာ တော်တော်များများကတော့ လုပ်နေပြီ။ ဒီနောက်ဆုံး အချက်ကတော့ ကျန်သေးတယ်။ အဲဒီတော့ လက်ရှိအစိုးရက ဒါကို တာဝန်ကျေအောင် ကြိုးပမ်း ဆောင်ရွက်မယ်လို့ ထင်ပါတယ်။ အဲဒီ ရှေ့လုပ်ငန်းစဉ်‌တွေ တစ်ခုပြီးတစ်ခု အောင်မြင်အောင် အကောင်အထည်ပေါ်ပြီ၊ လုပ်ဆောင်ပြီးပြီဆိုရင် ကာ/လုံကနေ ခြောက်လ သက်တမ်းတိုးစရာ မလိုတော့ဘူးလို့ မြင်ပါတယ်။ အဓိက သုံးသပ်ရမယ်ဆိုရင် ဒီခြောက်လအတွင်းမှာ နိုင်ငံတည်ငြိမ်မှုနဲ့ အစိုးရရဲ့လုပ်ဆောင်မှု ဒီအပေါ် မူတည်ပြီးဝောာ့ ရွေးကောက်ပွဲက ဘယ်အချိန်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။

TREND ။        ။ အခြားသော အင်အားစုတွေရဲ့ ရွေးကောက်ပွဲအပေါ် သဘောထား၊ နိုင်ငံတည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပ‌ဒေ စိုးမိုးရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှု ဒီအခြေအနေအပေါ်‌ ဘယ်လိုသုံးသပ် မိလဲ။
USTM ။    ။
အဖွဲ့အစည်းမျိုးစုံရှိတယ်။ တစ်ဖွဲ့ချင်းစီရဲ့ သဘောထားတွေက တစ်မျိုးစီ ဖြစ်နိုင်တယ်။သူတို့ရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားတွေနဲ့ ပတ်သက်ပြီး အားလုံးကို လွှမ်းခြုံပြီးတော့ ပြောလို့မရဘူး။ ဘာလို့လဲဆိုရင် EAO တွေက အဖွဲ့မျိုးစုံရှိတယ်။ ဒေသမျိုးစုံရှိတယ်။ သူတို့ဟာ တစ်ဖွဲ့စီရဲ့ ပေါ်လစီတွေက တစ်ထပ်တည်း မဖြစ်နိုင်ဘူး။ တစ်ဖွဲ့ချင်းစီရဲ့ ရပ်တည်ချက်တွေရှိနေမှာပါ။ ဒါပေမဲ့ နိုင်ငံတော်ငြိမ်းချမ်းဖို့အတွက်၊ ရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် EAO တွေက တစ်တပ်တစ်အား ပါဝင်ကြမယ်ဆိုရင် လက်ရှိအစိုးရအတွက်တော့ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့နေရာမှာ အများကြီး အဆင်ချောသွားမယ်။ ဒါကြောင့်လည်း တရားဥပ‌ဒေစိုးမိုးရေးဆိုတာက EAO အဖွဲ့တွေရော၊ တပ်မတော်မဟုတ်တဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေရော သဘောထားဆန္ဒ အပေါ်မှာလည်း မူတည်တယ်လို့ မြင်တယ်။ သူတို့က တိုင်းပြည်အပေါ် ဘယ်လိုသဘော ထားရှိသလဲ၊ တကယ် ငြိမ်းချမ်းစေချင်တာလား၊ ဒါတွေ အပေါ်မှာလည်း မူတည်တယ်လို့ မြင်ပါတယ်။ 

TREND ။        ။ NSPNC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးမှုတွေကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးနဲ့ပတ်သက်ပြီး အချက် ၄၀ ကျော် သဘောတူထားတယ်လို့ သိရပါတယ်။ ဒီအချက်တွေကို ဘယ်လို ဆက်ပြီး အကောင်အထည်ဖော်ကြမှာလဲ။
USTM    ။    ။ 
အဲဒီအချက်တွေက လက်ရှိအစိုးရ စတက်ခါစကတည်းကနေ ဒီနေ့အထိ အကြိမ်ကြိမ် တွေ့ဆုံပြီးတော့ သဘောတူညီမှု ရရှိထားတဲ့ သဘောထား စုစည်းချက်‌တွေ ဖြစ်ပါတယ်။ ဒီသဘောတူ ညီချက်တွေက EAO တွေနဲ့လည်း ပြန်ပြီးညှိနှိုင်းရဦးမှာပါ။ အခုက တပ်မတော်အစိုးရဘက်က ကိုယ်စားလှယ်‌တွေနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့က ကိုယ်စားလှယ်‌တွေ နှစ်ဖွဲ့ အကြိမ်ကြိမ် တွေ့ဆုံပြီး ဆွေးနွေး ထားတဲ့အချက်ဖြစ်သလို EAO တွေနဲ့ အစိုးရနဲ့က တွေ့တိုင်း တွေ့ဆုံညှိနှိုင်းပြီးတော့ အခြေခံဥပဒေပြင်ဆင်ရေး ဆွေး‌နွေးထားတာတွေလည်း ရှိပါတယ်။ အခုကတော့ သုံးပွင့်ဆိုင် မဖြစ်သေးဘူးလို့ ပြောလို့ရတယ်။ အခုက  အစိုးရနဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ရယ်၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် သဘောထား စုစည်းချက်ပဲ ရှိပါသေးတယ်။ နှစ်ဖက်သဘောတူညီထားတာပေါ့။ သူတို့လည်း သဘောတူတယ်၊ ကျွန်တော်တို့လည်း သဘောတူတယ်ဆိုတဲ့ အချက်အလက်တွေကို စုစည်းထားတာပဲ ဖြစ်တယ်။ ဒါက EAO တွေနဲ့ သုံးပွင့်ဆိုင် မ‌ဆွေးနွေးရသေးဘူး။ NCA ထိုးထားတဲ့ အဖွဲ့‌တွေရော၊ မထိုးရသေးတဲ့ အဖွဲ့တွေရော ဒီအချက်တွေကို သူတို့ လက်ခံတယ်ဆိုရင် အဲဒီသဘောတူညီချက်တွေ ရပြီဆိုရင် လာမယ့်လွှတ်တော်မှာ အတည်ပြုလို့ရပြီပေါ့။ အခုကတော့ လက်ရှိ အစိုးရရဲ့ သဘောထား၊ နိုင်ငံရေးပါတီတွေရဲ့  သဘောထား၊ နောက်တစ်ခါ EAO တွေရဲ့ သဘော ထားသုံးခုလုံး သဘောထားတိုက်ဆိုင်လို့ စုစည်းထားချက်‌တွေ ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေ ပြင်ဆင်ရေးအချက်တွေကို လာမယ့်လွှတ်တော်ကို တင်ရမှာဖြစ်တယ်။ လွှတ်တော်ရဲ့ ဆုံး ဖြတ်ချက်သာလျှင် အတည်ဖြစ်ပါမယ်။ ဒါကြောင့်မို့လို့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အများကြီး တွေ့ဆုံပြီးတော့ ဆွေးနွေးတယ်။ အတည်ပြုလို့မရဘူး။ လွှတ်တော်ပေါ်လာမှသာ လွှတ်တော် ကနေ အတည်ပြုပေးမှာ။ သဘောမတူသေးတဲ့ ဆွေးနွေးရန် အချက်တွေလည်း အများကြီး ကျန်ရှိသေးတယ်။ ဆိုတော့ ဒီအချက်တွေအားလုံးက အကောင်အထည်ဖော်ဖို့က လာမယ့်လွှတ်တော် ပေါ်လာမှပဲ အတည်ပြုနိုင်မှာပါ။

TREND ။        ။ လက်ရှိဆွေး‌နွေးသဘောတူထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေးအချက်တွေ ပေါ်ပေါက်လာမယ့် လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ အချေအတင် ဆွေး‌နွေးငြင်းခုံမှုတွေ ရှိလာနိုင်သလား၊ ဘယ်လို အခင်းအကျင်းတွေ ဖြစ်လာနိုင်လဲ။
USTM    ။    ။ 
လွှတ်တော်ကတော့ အဓိက ဥပဒေပြုတာပဲ။ လွှတ်တော်မှာလည်း ဥပဒေနဲ့ပတ်သက် ပြီးတော့ ပညာရှင်တွေ အများကြီး ရှိလာမှာပါ။ ဥပဒေပြင်ဆင်ရေးအတွက် ဒီ‌သဘောတူညီချက်‌တွေကို တင်မယ်ဆိုရင် လွှတ်တော်ကတော့ သေချာပြန်စိစစ်သုံးသပ်မှာပဲလေ။ သူ့လုပ်ထုံးလုပ်နည်းအရ လုပ်ကိုင်ဆောင်ရွက်မှာပဲ။ အဲဒီလို လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သွားပြီး ပြည်ထောင်စုလွှတ်တော်က သဘောတူတယ်ဆိုရင် သမ္မတဆီတင်မယ်၊ သမ္မတလက်မှတ်ထိုးရင် အတည်ဖြစ်သွားပြီ။ လွှတ်တော်ကတော့ တင်တဲ့အတိုင်း ဒါကို အားလုံးလုပ်ပေးမယ်လို့ လုပ်လို့မရဘူး။ လွှတ်တော်က အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ပညာရှင်တွေနဲ့ လွှတ်တော် အကြံပေးအဖွဲ့တွေနဲ့ စုစည်းပြီးတော့ ဒီအချက်တွေက ပြင်လို့ ရပါတယ်။ ညီညွတ်တယ်ဆိုရင် တစ်ခါတည်း သဘောတူညီမှာပေါ့။ တကယ်လို့ ဒီအချက်ကတော့ ပြင် လို့မရသေးဘူး၊ လိုအပ်သေးတယ်။ ဥပဒေအရ ဖြစ်နိုင်၊ မဖြစ်နိုင် နောက်ဆုံး ဆုံးဖြတ်စရာရှိရင် အခြေခံဥပဒေ ခုံရုံးကို တင်သင့်ရင် တင်ရမယ်။ ခုံရုံးရဲ့ အဆုံးအဖြတ် အပေါ်မှာလည်း အများကြီး မူတည်တယ်။ အဓိကကတော့ ပြည်ထောင်စုလွှတ်တော်မှာ တက်ရောက်တဲ့ ကိုယ်စားလှယ်အများစုရဲ့ ထောက်ခံမှု ရတယ်ဆိုရင် ဒီအခြေခံဥပဒေ ပြင်ဆင်ရေးအချက်တွေဟာ ပြင်ဖို့ရာ အတည်ဖြစ်ဖို့ များပါတယ်။ အနှစ်ချုပ်ပြောရရင် အခုအချိန်မှာက ကြိုတင်ညှိနှိုင်းတယ်၊ သဘောတူညီချက်အတိုင်း ပြင်ဆင်လို့ မရသေးဘူး၊ ကြိုတင်ညှိနှိုင်းထားတဲ့ ခြေ/ဥ ပြင်ဆင်ရေးအချက်တွေဟာ NSPNC ရယ်၊ နိုင်ငံရေး ပါတီ တွေနဲ့ သဘောတူညီထားတဲ့ အချက်တွေဖြစ်တယ်။ နောက် EAO တွေ အားလုံးက သဘောတူထား တယ်။ အားလုံး စုစည်းသဘောတူထားတဲ့ အချက်တွေကို ပြည်‌ထောင်စုကလည်း သူ့ရဲ့လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်ပြီး အတည်ပြုမှာပေါ့။ ဒီအချက်တွေဟာ လွှတ်တော်ရောက်ရင် လွှတ်တော်မှာရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်‌တွေကလည်း ကန့်ကွက်စရာမရှိဘူးလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ ပေါ်ပေါက် လာမယ့် ပြည်ထောင်စုလွှတ်တော်ဆိုတာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီအများစု တက်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေပဲ ရှိမှာလေ။ NSPNC နဲ့ နိုင်ငံရေးပါတီတွေ ညှိနှိုင်းပြီးပြီ။ EAO တွေကလည်း သဘောတူပြီဆိုရင် လုပ်ထုံး လုပ်နည်းနဲ့ အညီလွှတ်တော်က အခြေခံဥပ‌ဒေပြင်ဆင်ရေး ဆက်သွားမှာပါ။

TREND ။        ။ အခြေခံဥပ‌ဒေပြင်ဆင်ဖို့ ဆွေးနွေးနေတာက ဒီမိုကရေစီ ဖက်ဒရယ်ဖွဲ့စည်းပုံ ဖြစ်ရေးလား၊ ဘယ်လိုပုံစံဖြစ်ဖို့ ကြိုးပမ်း‌နေကြတယ်လို့ ပြောနိုင်လဲ။
USTM    ။    ။
တကယ်တမ်းကတော့ အခြေခံဥပ‌ဒေ ပြင်ဆင်ရေးဆိုတာ လက်ရှိအုပ်ချုပ်ရေးစနစ်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ပြောရမှာပါ။ ဖက်ဒရယ်သွားတာတို့၊ ဒီမိုကရေစီသွား တယ်ဆိုတာတွေက အားလုံးလည်း ပြောနေကြတဲ့ စကားတွေ ဖြစ်ပါတယ်။ အဓိကçကတော့ လက်ရှိအစိုးရချမှတ်ထားတဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်နဲ့ အံဝင်အောင် ပြင်ဆင်ဖို့ ဆောင်ရွက်နေကြ တာပေါ့။ အခု ပြင်ဆင်ချက်တွေက၊ အခု‌ ဆွေးနွေးနေတာက ဒီမိုကရေစီ ဖက်ဒရယ်စနစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ဥပ‌ဒေတော်တော်များများကို ပြန်ပြင်ဖို့ ကြိုးပမ်းနေကြတာလို့လည်း ပြောလို့ရပါတယ်။

TREND ။        ။ အခြေခံဥပ‌ဒေပြင်ဆင်ရေး သဘောတူညီချက်တွေထဲမှာ သက်ဆိုင်ရာ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်များကပဲ ရွေးကောက်တင်မြှောက်ခွင့် ရရှိလာမယ့် ပုဒ်မ ၂၆၁ နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စတဲ့ တိုင်းရင်းသားတွေ လိုလားနေတဲ့ အချက်တွေလည်း ပါနေတယ်လို့ သိရတယ်။ ဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။
USTM    ။    ။
တိုင်းရင်းသားတွေ လိုလားတဲ့ လိုလားချက်တွေ၊ တောင်းဆိုမှုတွေနဲ့ ပတ်သက်ရင် အဓိကကတော့ အခြေခံဥပ‌ဒေအရ ရွေးကောက်ပွဲကနေ သွားရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေနဲ့အညီ တောင်းဆိုတာတွေ လုပ်ရမယ်။ ပြည်ထောင်စုလွှတ်  တော်မှာ ဆုံးဖြတ်မယ်။ အဲဒီနည်းလမ်းနဲ့ သွားရမှာ။ အခြေခံဥပဒေက တည်မြဲနေတယ်၊ အခြေခံဥပဒေကို ကျော်လွန်ပြီး ဘာမှတောင်းလို့ မရသလို အခြေခံဥပဒေဘောင် ကျော်ပြီးလည်း အစိုးရက ပေးပိုင်ခွင့်မရှိဘူးလေ။ အခြေ ခံဥပဒေက တည်မြဲနေတော့ အခြေခံဥပဒေကိုပဲ လိုချင်တဲ့ အပိုင်းဖြစ်အောင် အားလုံးက ပြုပြင်ပေးဖို့ လိုပါတယ်။
    ဒီလို အခြေခံဥပ‌ဒေ ပြင်ဖို့ဆိုတာက တွေ့ဆုံဆွေးနွေးပွဲတွေကနေတစ်ဆင့် ညှိနှိုင်း‌ဆွေးနွေးပြီး သွားသင့်တယ်။ ကိုယ့်ဘာသာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်နေကြမယ်၊ တောင်းနေကြမယ် ဆိုရင်တော့ အခြေခံဥပဒေနဲ့ မညီညွတ်ဘူး။ လက်ရှိက အခြေခံဥပဒေက တည်မြဲနေတယ်၊ အခုကတော့ လက်ရှိအစိုးရနဲ့ EAO အားလုံးနဲ့ ညှိနှိုင်းနေတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေထဲ မှာလည်း အဖွဲ့မျိုးစုံပါတယ်။ တိုင်းရင်းသားပါတီတွေလည်း အများဆုံးပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက နိုင်ငံရေးလမ်းကြောင်းအရ ညှိနှိုင်းနေတယ်။ 
    EAO တွေကလည်း NCA လမ်းကြောင်းကနေ နိုင်ငံရေးလမ်းကြောင်းကပဲ ညှိနှိုင်းဆွေး‌နွေးလို့ ရမယ်။ အဲဒီကနေ သဘောတူညီပြီဆိုရင် ကျန်တာအားလုံးက လွှတ်တော်ပေါ်လာရင် လွှတ်တော်မှာ ဆွေးနွေးတာ၊ ဆုံးဖြတ်တာ၊ အတည်ပြုပေးတာတွေ လုပ်မယ်။ တိုင်းရင်းသားတွေရဲ့ လိုလားချက် တွေနဲ့ပတ်သက်ပြီး လွှတ်တော်ပေါ်လာရင် ရပြီပေါ့။ လွှတ်တော်မပေါ်မချင်း ဒါတွေကလည်း ဘာမှလုပ်လို့ မရသေးဘူးလေ။ ဒါကြောင့်မို့လို့ လွှတ်တော်ပေါ်ဖို့က ရွေးကောက်ပွဲက အဓိကအရေးကြီးတယ်၊ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို တရားဝင် တင်ပြတောင်းဆိုခွင့်နဲ့ အခြေခံဥပဒေပြင်ဆင်ခွင့်ဟာ လွှတ်တော်မှာပဲ ရှိပါတယ်။ လွှတ်တော်မှာပဲ အားလုံးရဲ့ သဘောတူညီချက် ရာခိုင်နှုန်းအရ အတည်ပြု ဆုံးဖြတ်ပေးလို့ရမှာပါ။ ဒါကြောင့် လွှတ်တော်ပေါ်ပေါက်ဖို့ မိမိရဲ့ တစ်ဦးချင်းဖြစ်စေ၊ မိမိရဲ့ အဖွဲ့အစည်းတစ်ခုချင်းစီဖြစ်စေ အားလုံး ပူးပေါင်းဆောင်ရွက်ကြရမှာပါ။ အားလုံးရဲ့ ရပိုင်ခွင့်တွေ၊ တောင်းဆိုပိုင်ခွင့်တွေကလည်း လွှတ်တော်မှာပဲရှိပါတယ်။

TREND ။        ။ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ ဒီအခြေအနေအပေါ် သုံးသပ်ပေးပါဦး။
USTM    ။    ။
ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ကတော့ အခြေခံဥပဒေအရပြောရမယ်ဆိုရင် နံပါတ်တစ်က ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ မူတည်တယ်။ ရွေးကောက်ပွဲကလည်း  ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ပဲဗျ၊ နိုင်ငံရေးပါတီတွေအနေ နဲ့ကတော့ ဘယ်လို ဘယ်လိုလုပ်ရင် ကောင်းမယ်ဆိုတာမျိုး အကြံပြုတာလောက်ပဲ လုပ်လို့ရမယ်။ အဓိကကတော့ ရွေးကောက်ပွဲ စနစ်ပေါ့။ ရွေး‌ကောက်ပွဲကို ဘယ်စနစ်နဲ့သွားမလဲ၊ PR နဲ့ သွားမလား၊ အရင်ကလို အများဆုံးရသူ အနိုင်ယူဆိုတဲ့ FPTP နဲ့သွားမလား ဒါတွေကိုပဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ‌တွေက အဓိက ဆွေး‌နွေးရမှာ လို့မြင်တယ်။ ဒါပေမဲ့ ပြည်‌ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ပါတီတွေနဲ့ မကြာခဏ တွေ့ ဆုံနေပါတယ်။တွေ့တိုင်းလည်း ရွေးကောက်ပွဲစနစ်ကိစ္စ၊ မဲဆန္ဒနယ် သတ်မှတ်မှု ဒါတွေနဲ့ပတ်သက်ပြီး ပါတီတွေဘက်က ဆွေး‌နွေးတာ၊ အကြံပြုတင်ပြတာမျိုးတွေ လုပ်နေပါတယ်။ ပြီးခဲ့တဲ့ အကြိမ်တုန်းက ကော်မရှင်နဲ့တွေ့တုန်းမှာ ရွေးကောက်ပွဲစနစ်ကို ဘယ်စနစ်နဲ့သွားမလဲ နိုင်ငံရေးပါတီ တွေဘက် မေးမြန်းခဲ့သေးတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေရှိမယ်၊ ပြည်သူ့လွှတ် တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေရှိမယ်။ ဘယ်လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ဘယ်စနစ်နဲ့သွားမလဲ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်နေတဲ့ အခြေအနေရှိတယ်။ အခုထိတော့ ဘယ်စနစ်နဲ့ သွားမယ်ဆိုတာ မကြေညာသေးဘူး။ ဒါက ရွေးကောက်ပွဲဖြစ်ဖို့အတွက် မဲပေးစနစ်နဲ့ သက်ဆိုင်တာပေါ့။ အောင်အောင်မြင်မြင် ဖြစ်ဖို့ကတော့ လက်ရှိအစိုးရရဲ့ တရားဥပ‌ဒေစိုးမိုး ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တွေအပေါ်မှာ မူတည်တယ်။ နောက်ဆုံးမှာ အခရာကျတာကတော့ ရွေးကောက်ပွဲ အောင် မြင်ဖို့က ပြည်သူလူထုအဓိက ဖြစ်တယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်ဖို့ဆိုရင် အဖွဲ့အစည်းအားလုံးမှာ တာဝန်ရှိသလို ပြည်သူလူထု အားလုံးမှာ အဓိက တာဝန်ရှိပါတယ်။ အားလုံး ပူးပေါင်းပါ ဝင်မှရမှာပါ။ ရွေးကောက်ပွဲဖြစ်ဖို့ အစိုးရရယ်၊ နိုင်ငံရေး ပါတီတွေရော၊ EAO တွေရော၊ ပြည်သူအားလုံးကရော ပူးပေါင်းပါဝင်မှသာလျှင် ရွေးကောက်ပွဲ ကို အောင်အောင်မြင်မြင်နဲ့ ကျော်လွှားနိုင်မယ်။ ပြည်သူမှာလည်း အများကြီး အခရာကျပါတယ်။ ရွေးကောက်ပွဲဆိုတာက ပြည်သူ့ဆန္ဒကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်‌ခိုင်းတာ ပဲလေ။ ရွေးကောက်ပွဲနေ့ တကယ့်မြေပြင် အခြေအနေမှာ ပြည်သူလူထုနဲ့ အဓိက သက်ဆိုင်ပါတယ်။ ပြည်သူ လူထုက ကိုယ်လိုချင်တဲ့ အစိုးရကို ပြည်သူလူထုက တင်ပြပိုင်ခွင့်ရှိတယ်။ အဲဒီတော့ ပြည်သူလူထု မပါဘဲ ရွေးကောက်ပွဲက မဖြစ်ဘူး။ ရွေးကောက်ပွဲ အောင်မြင်ဖို့ဆိုတာ တကယ်တမ်း အနီးကပ် အောက်ခြေမှာ နိုင်ငံသူ နိုင်ငံသား ကျွန်တော်တို့ ပြည်သူလူထုတွေက အဓိက အခရာ ကျနေပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒက ရွေးကောက်ပွဲအပေါ် အာရုံမရှိဘူး၊ သူတို့ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင် ရွေးကောက်ပွဲဆိုတာ ကလည်း ဖြစ်မြောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရမယ့် သဘောမှာရှိတယ်။


TREND ။        ။ ရွေးကောက်ပွဲအောင်မြင်ဖို့ EAO တွေက ဘယ်လိုပူးပေါင်းပါဝင်ပေးသင့်လဲ။
USTM    ။    ။
စောစောက ပြောသလိုပါပဲ။ ရွေးကောက်ပွဲက ပြည်သူလူထုအပါအဝင် အားလုံးရဲ့ အပေါ်မှာ မူတည်ပါတယ်။ EAO တွေအနေနဲ့က တိုင်းရင်းသားနယ်မြေတွေမှာ ရွေးကောက်ပွဲလုပ်တဲ့အခါ သူတို့ကိုယ်တိုင်က ကိုယ်တိုင်ဆောင်ရွက်တာ မဟုတ်ပေမယ့်၊ ကိုယ်တိုင် ဆောင်ရွက်လို့မရပေမယ့် ရွေးကောက်ပွဲအပေါ်မှာ အောင်မြင်အောင် အထောက်အကူ ပြုနိုင်ပါတယ်။ သူတို့နယ်မြေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အဆင်ပြေချောမွေ့အောင် သူတို့အပိုင်းကနေ လုပ်ဆောင်ပေးနိုင်တာ‌တွေ ရှိတယ်။ တည်ငြိမ်အေးချမ်းမှုရှိအောင်၊ အနှောင့် အယှက် အဖျက်အဆီးတွေမဖြစ်အောင် လုံခြုံရေး ပိုင်းဆိုင်ရာတွေမှာ ပံ့ပိုးပေးလို့ ရပါတယ်။ အကောင်းဆုံးကတော့ EAO တွေ အားလုံးက တိုင်းပြည်ရဲ့ ကောင်းတဲ့ အလားအလာကို ဖြစ်စေချင်တယ်ဆိုရင် သူတို့ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲ အောင်မြင်အောင် အများကြီး ပံ့ပိုးပေးဖို့လိုပါတယ်။ တိုင်းရင်းသားနယ်မြေ အပိုင်းအခြား‌မှာ ရွေးကောက်ပွဲလုပ်ရင် EAO တွေက ပူးပေါင်းပါဝင်ပေးကြရမှာပါ။ ကျွန်တော်တို့ တိုင်းပြည်ကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်မယ်ဆိုရင် အဲဒီနည်းလမ်းဟာ ရွေးကောက်ပွဲ နည်းလမ်းတစ်မျိုးပဲရှိတယ် လို့ မြင်တယ်။ ရွေးကောက်ပွဲနည်းလမ်း မရှိဘူးဆိုရင် လက်ရှိအစိုးရက ဆက်သွားမှာပဲ။ ဥပဒေအရ ခြောက်လပြည့်တိုင်း သက်တမ်း ဆက်တိုးပြီး သွားမှာပဲ။ လက်ရှိ အခြေအနေကတော့ နိုင်ငံရေးဘောင် ကျဉ်းနေတယ်။ ဒါကိုလည်းပဲ လက်ရှိမှာ နိုင်ငံတော်အစိုးရအဖွဲ့အစည်း တွေနဲ့ နိုင်ငံရေးပါတီတွေရော၊ EAO တွေရော ဆွေး‌နွေးနေတယ်၊ ဆွေးနွေးနေဆဲလည်းပဲ ဖြစ်တယ်။ အားလုံး ညှိနှိုင်းနေတဲ့ အနေအထားမှာ ရှိပါတယ်။ ကျွန်တော်တို့ EAO တွေနဲ့ ဟိုတစ်ခေါက်က တွေ့ဆုံမှုအရက NCA ထိုးထား တဲ့ အဖွဲ့တွေနဲ့တွေ့‌ဆုံ ဆွေးနွေးမှုအရကတော့ တိုင်းရင်းသားနယ်မြေတွေမှာ ရွေးကောက်ပွဲကို တည် တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ အောင်မြင်အောင် ကျင်းပနိုင်ဖို့ EAO တွေကလည်း ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။ လက်ရှိ NCA ထိုးထားတဲ့ ထဲမှာပါတဲ့ အဖွဲ့တွေအားလုံးက သူတို့လည်း တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်မယ်လို့ သဘောတူ ထားပါတယ်။ အဖွဲ့အစည်း တွေဆိုတာကလည်း ပြည်သူပါဝင်မှ ရပ်တည်လို့ရတာ။ အဲဒီတော့ ပြည်သူအားလုံးရဲ့ ဆန္ဒနဲ့ ပြည်သူ့ မျက်နှာကို ကြည့်မယ်၊ တိုင်းပြည်ကောင်းကျိုးကို ရှေးရှုမယ်ဆိုရင် အားလုံးပူးပေါင်းပါဝင်ရမှာ ဖြစ်ပါတယ်။ အားလုံးဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

TREND ။        ။ တိုင်းပြည်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မယ့် ရွေးကောက်ပွဲနည်းလမ်း အောင်မြင်စေဖို့ ဘယ်လိုအကြံပြုချင်လဲ။
USTM    ။    ။
ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက်ကို ပိုပြီးအကျိုးဖြစ်ထွန်းစေမယ့် ရှေ့အလားအလာအတွက် အကောင်းဆုံးဖြစ်ပါတယ်။ တိုင်းပြည်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်းလို့လည်း ယုံကြည်ထားပါတယ်။ အားလုံး က တိုင်းပြည်အကျိုးအတွက်၊ ပြည်သူ့ကောင်းကျိုးအတွက် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်ဖို့က အတူ ပူးပေါင်းပါဝင်ရမှာ ဖြစ်ပါတယ်။ အားလုံးမှာလည်း တာဝန်ရှိပါတယ်။ ဒီနိုင်ငံထဲမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေရော နိုင်ငံပြင်ပက ကျွန်တော်တို့ နိုင်ငံသားတွေရော အားလုံးမှာလည်း တာဝန်ရှိပါတယ်။ ရွေးကောက်ပွဲ အောင်မြင်မှသာလျှင် ကျန်တဲ့နိုင်ငံရေးအခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားနိုင်မှာဖြစ်တယ်။ ဒါကြောင့် အစိုးရအပါအဝင် အဖွဲ့အစည်းအားလုံး ပြည်သူလူထု တစ်ရပ်လုံးက ရွေးကောက်ပွဲ အောင်မြင်ရေးကို တတ်အားသရွေ့ မိမိတို့ဘက်က ပူးပေါင်းပါဝင်ပံ့ပိုးပေးဖို့ လိုပါတယ်။ ပံ့ပိုးတယ်ဆိုတာက ပြည်သူလူထုက ရွေးကောက်ပွဲကို လိုလိုလားလား လက်ခံတာ၊ ရွေးကောက်ပွဲမှာ ကိုယ်တိုင်ပါဝင်မဲထည့်ပေးကြတာမျိုးနဲ့ ပူးပေါင်း ပါဝင်ပေးကြရမှာပါ။ ကိုယ်ကြိုက်တဲ့ အစိုးရတစ်ရပ်ကို တင်မြှောက်ဖို့ မိမိရဲ့မဲ‌ဆန္ဒဟာ အရေး ကြီးပါတယ်။ တိုင်းပြည်ရဲ့ ရှေ့အလားအလာကောင်းဖို့၊ ဆိုးဖို့ဟာ ပြည်သူတစ်ဦးချင်းစီရဲ့ စိတ်ဆန္ဒအပေါ်မှာ သူတို့ရဲ့ မဲဆန္ဒအပေါ်မှာ အဓိက မူတည်ပါတယ်။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။  

( ညီသစ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 62

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

37172

© 2022 - 2025 News. All Rights Reserved.