ပြည်တွင်းထုတ်ကုန်တွေ ဈေးတက်တာက ဒေါ်လာဈေးတစ်ခုတည်းကြောင့်မဟုတ်၊ သယ်ယူစရိတ် မြင့်တက်ခြင်းကြောင့် ဈေးတက်ခြင်းသာဖြစ် . . .  'အချေမိုး'စားသောက်ကုန်ထုတ်လုပ်သည့် ပိုင်ရှင် ဒေါ်အေးအေးမိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ ဖေဖော်ဝါရီ ၁၃

    ပြည်တွင်းတွင် ထုတ်လုပ်သည့် MSME လုပ်ငန်းများ အောင်မြင်အောင် ထုပ်ပိုးနိုင်ရန် နိုင်ငံတော်မှ ဘက်ပေါင်းစုံ ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဈေးကွက် ပိုမိုရရှိရန်အတွက် ပြပွဲများတွင်လည်း ပါဝင်ပြသနိုင်အောင် အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် ပြသပေးလျက်ရှိသည်။ ထို့ကြောင့် MSME လုပ်ငန်းများအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲ၊ လိုအပ်ချက်များနှင့် ဈေးကွက်ရရှိနေမှု အခြေအနေများကို MSME လုပ်ငန်းတစ်ခုဖြစ်သည့် အချေမိုး စားသောက်ကုန်ပိုင်ရှင် ဒေါ်အေးအေးမိုးနှင့် တွေ့ဆုံ မေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND    ။    ။ အချေမိုး စားသောက်ကုန်ကို MSME လုပ်ငန်းအနေနဲ့ စတင်ထုတ်လုပ်ဖြစ်တဲ့ အကြောင်းလေး မိတ်ဆက်ပြောကြားပေးပါဦး။
DAAM    ။    ။
အစ်မတို့က အရင်က ငါးလုပ်ငန်းကို လုပ်တာပါ။ ငါးလုပ်ငန်း လုပ်တဲ့အတွက် ထိန်းသိမ်းတဲ့နည်းကို သိပ်ပြီးတော့ မတတ်ဘူး။ အစ်မတို့ လူမျိုးတွေက ထိန်းသိမ်းတဲ့နည်းကို မတတ်ကြဘူး။ မတတ်ကြတော့ ကိုယ်လိုချင်တဲ့ဈေးကို မရဘူး။ အရှုံးတွေ ပေါ်တယ်။ အဲဒါကြောင့် အစ်မက ဒီပစ္စည်းကို ကြာရှည်ခံအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းနဲ့ ဆက်လုပ်တာပါ။ အစ်မက အရင်ဆုံး သိပ္ပံနဲ့နည်းပညာမှာ အခြောက်ခံတဲ့သင်တန်းကို အရင်တက်ခဲ့ပါတယ်။ အဲဒီလိုကနေပြီးတော့ ဒီအလုပ်ကို ဆက်လုပ်ဖြစ်တာပါ။ အစ်မရဲ့ မူလထုတ်ကုန်က ၁၄ မျိုးရှိတယ်။ အဓိကထုတ်ကုန်က 'အချေမိုး' ရခိုင်မုန့်တီ၊ ငါးပိရည်ချိုအမှုန့်၊ အာဗြဲအချို အကြွပ်နဲ့ ငါးနီတူမှုန့်။ ငါးနီတူမှုန့်က ပုစွန်ခြောက် အစားထိုး အသုံးပြုလို့ရတဲ့ အရာပါ။ နောက် ငါးမုန့်၊ အချိုမှုန့်အစားထိုး ငါးဟင်းချက်မှုန့်ကိုလည်း ထုတ်လုပ်ပါတယ်။ အခု အမယ်သစ်ဖြစ်တဲ့ ငါးဆန်ပြုတ်ကိုလည်း ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။


TREND    ။    ။ အခုထုတ်တာက စားသောက် ကုန်လုပ်ငန်းဆိုတော့ အရသာပိုင်းကိုရော ဘယ်လိုမျိုး အဓိကထားထုတ်လုပ်လဲ။ ဈေးကွက် အခြေအနေကရော ဘယ်လိုမျိုး ထိုးဖောက်နေလဲဆိုတာ ပြောပေးပါဦး။
DAAM    ။    ။
အရသာပိုင်းကတော့ ကိုယ်တိုင်က အစားအသောက် ထုတ်ကုန်တွေကို ထုတ်တယ်။ အဲဒါက အစိုပိုင်းပေါ့။ အခုကြတော့ ကုန်ချော ထုတ်လုပ်တာဆိုတော့ ကြာရှည်ခံအောင် အဆင့်မြင့်နည်းပညာနဲ့ ထုတ်တယ်။ အစ်မတို့ ထုတ်ကုန်ကတော့ ကောင်းလည်း ကောင်းရမယ်၊ အာဟာရ လည်းဖြစ်ရမယ်၊ အစာလည်း ဆေး၊ ဆေးလည်း အစာပေါ့နော်။ ဒီအစားအသောက်ကို စားလိုက်တယ်။ ပိုက်ဆံသာ ကုန်သွားတယ် အာဟာရ မရတာမျိုးမဖြစ်အောင် ဓာတ်ခွဲခန်းမှာ အကြိမ်ကြိမ်အခါခါ စမ်းသပ်ရတယ်။ စမ်းသပ်ပြီးတော့မှ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ တောင်းယူပြီးတော့ ကိုယ်လို ချင်တဲ့အဖြေရတော့မှ ထုတ်လုပ်တာပါ။ ဈေးကွက်က စားသောက်ကုန် တော်တော်များများ မကြိုက်တာတော့ မရှိပါဘူး။ အကုန်ကြိုက်ကြတယ်။ လက်ခံပေးမယ်။ ဒါပေမဲ့ အုပ်စုချင်းတော့ မတူကြဘူးပေါ့။ အုပ်စု (၁)က အမယ်သုံးမျိုး ကြိုက်တယ်ဆိုရင် ဒီဘက်အုပ်စုက ကျန်တဲ့စားသောက် ကုန်ပစ္စည်းတွေကို ကြိုက်တယ်။ အဲဒီလိုနည်းနဲ့ သွားနေတာပါ။ ဈေးကွက်ကတော့ အခုအခြေအနေ အရ ကိုယ်မှန်းထားတာလောက်တော့ မရသေးဘူး။ ကိုယ်စထုတ်ပြီး နောက်နှစ်မှာ ကိုဗစ်ဖြစ်တယ်။ နည်းနည်း နည်းနည်းပဲ ထုတ်တယ်။ ကိုယ်တိုင်ပြန်ပြီး ဈေးကွက်ကို ထိုးဖောက်တာကတော့ နှစ်နှစ်ရှိ ပါပြီ။ အစကနေ ပြန်စကြတာဆိုတော့လေ။ ထပ်မံကြိုးစားရဦးမှာပါ။


TREND    ။    ။ ပြည်တွင်း ဈေးကွက်အပြင် ပြည်ပဈေးကွက်ကိုရော ထိုးဖောက်ဖို့ အစီအစဉ်ရှိလား။
DAAM ။    ။
ပြည်တွင်းအပြင် ပြည်ပဈေးကွက်ကိုလည်း ထိုးဖောက်ချင်တယ်။ အစ်မက ဒီစားသောက်ကုန်ကို လုပ်ကတည်းက အကျိုးအမြတ်ကို အများကြီး မျှော်မှန်းပြီးတော့ ထုတ်လုပ်တာ မဟုတ်ဘူး။ အစ်မက ကိုယ့်ပြည်တွင်းမှာရှိတဲ့ လုပ်သားတွေ အလုပ်အကိုင် အခွင့်အလမ်းတွေရမယ်။ နောက် ကိုယ့်ကုန်ကြမ်းက ငါးဆိုတော့ ဒါတွေ အလေအလွင့်မဖြစ်ဘဲ ကုန်ချောထုတ် လုပ်နိုင်မယ်။ နောက်တစ်ခါ အစ်မရည်ရွယ်တာက တောင်ပေါ်ဒေသက သူတွေက အာဟာရဓာတ်နည်းတယ်။ အဲဒီအထိကို ဈေးကွက်ထိုးဖောက်ချင်လို့ အစ်မက ထုတ်လုပ်ဖြစ်တာ။ ငါးကို အာဟာရ ပြည့်ပြည့်၀၀နဲ့ စားသုံးနိုင်မယ်။ ငါးအစိုဆိုရင် သယ်ရပို့ရတာက ခက်ခဲတယ်လေ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတယ်လေ။ အဲဒါကြောင့် ထုပ်ပိုးမှုအလွယ်ဆုံးနဲ့ အာဟာရအဖြစ်ဆုံး၊ သယ်ရပိုးရတာ လွယ်ကူစေရန် ရည်ရွယ်ပြီးတော့ ထုတ်လုပ်ခဲ့တာ။ အဲဒါကြောင့် တော်တော်များများ ကြိုက်ကြတယ်။


TREND    ။    ။ ပြပွဲတွေမှာ အမြဲတမ်း ပါဝင်ပြသဖြစ်တာတို့၊ ကိုယ်တိုင်မပြရင်တောင် ကိုယ့်ထုတ်ကုန် အချေမိုးဆိုတဲ့ ကုန်ပစ္စည်းကို အမြဲတမ်း ပြသပေးဖြစ်နေတာက ဘာကြောင့်လဲ။
DAAM    ။    ။
အသင်းအဖွဲ့တွေက ပြပွဲတွေမှာ ပြပေးပါဆိုလို့ ပြပေးတယ်။ နိုင်ငံတကာပြပွဲတွေ အထိ ပြပေးတယ်။ ရောင်းပေးတယ်။ နောက် သူတို့ရဲ့ ပြခန်းတွေမှာကအစ အစ်မရဲ့ ထုတ်ကုန်တွေကို ပြသပေးပြီး ရောင်းပေးတယ်။ မြန်မာပြည်က ထွက်တဲ့ ကုန်ကြမ်းကိုပဲ အသုံးပြုထားတော့ ဒါကို သဘောကျကြတယ်။ ဒါကိုပဲ ထုတ်လုပ်ပါဆိုပြီးတော့ အမြဲတမ်းအားပေးတယ်။ SME လုပ်ငန်းအသေးလေးတွေ အနေနဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ထုတ်တဲ့ပစ္စည်းတွေကို လူအများသိဖို့လိုတယ်။ အဲဒါမှ အားနည်းချက်၊ အားသာချက်တွေ သိလာရမယ်။ လိုအပ်ချက်တွေကိုလည်း တခြားသူတွေက ပြောပြလိမ့်မယ်။ အဲဒါကြောင့် အသင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ ဘာတွေပြန်ရမလဲဆိုရင် ဈေး ကွက်ရမယ်။ အဆင့်မြင့်မြင့်ထုတ်တဲ့ နည်းလမ်းတွေကိုလည်း သိလာလိမ့်မယ်။ 


TREND    ။    ။ ပြောမယ်ဆိုရင် ဒီလုပ်ငန်းတွေက MSME လုပ်ငန်းလည်း ဖြစ်တဲ့အတွက် ဒီလိုလုပ်တဲ့အခါမှာ အခက်အခဲတွေကရော ဘာတွေရှိလဲ။
DAAM    ။    ။
အခက်အခဲက လုပ်ငန်းတိုင်းမှာ အခက်အခဲရှိပါတယ်။ အခက်အခဲမရှိတဲ့ လုပ်ငန်းဆိုတာမရှိပါဘူး။ အစ်မကတော့ ငါးလုပ်ငန်းကို ရေချိုရော၊ ရေငန်ရော ငယ်ငယ်ကတည်းက လုပ်ခဲ့တဲ့သူဆိုတော့ ကုန်ကြမ်းအနေနဲ့ကတော့ အခက်အခဲ မရှိတော့ဘူး။ အစ်မလိုချင်တဲ့ ပထမတန်းစား ကွာလတီကိုရတယ်။ ဒါပေမဲ့ အခက်အခဲက မီးမလာတာပေါ့။ အစ်မမှာ ဆိုလာလည်း အသေးလေးရှိပေမယ့် တချို့ကိစ္စကမီးနဲ့ အခြောက်ခံရတာတွေရှိတယ်။ Packing ပိတ်ရတယ်။ အမှုန့်ကြိတ်ရတယ်။ အဲဒီအခါကြတော့ လှိုင်သာယာမှာ ထုပ်တာဆိုတော့ မီးက အချိန်တိုင်း မလာဘူး ဖြစ်နေတယ်။ နောက်တစ်ခုက အလုပ်သမားအင်အား နည်းလာတာ။ ပြောမယ်ဆိုရင် ကုန်ကြမ်းအနေနဲ့ မခက်ခဲပေမယ့် မီးနဲ့လုပ်သားအင်အား အခက်အခဲရှိတာပါ။ အစ်မအနေနဲ့က ကုန်ကြမ်းကို တောင်ဒဂုံက စက်ရုံလေးမှာ လုပ်တယ်။ ကုန်ချောကိုတော့ လှိုင်သာယာက စက်ရုံလေးမှာ လုပ်ဖြစ်တယ်။


TREND    ။    ။ ဒီအခက်အခဲတွေကို ဘယ်လို ဖြေရှင်းပေးဖို့ တောင်းဆိုချင်လဲ။
DAAM    ။    ။
ကုန်ကြမ်းက စံပြငါးဈေးနဲ့ ရွှေပိတောက်ငါးဈေးက ရတယ်။ ငါးနီတူငါးကိုတော့ အစ်မက ပထမတန်းစား ရခိုင်က မှာယူတယ်။ အခုတော့ မယူဖြစ်တော့ဘူး။ ဘုရင့်နောင်ပွဲရုံကနေပြီးတော့ ယူလိုက်ပါတယ်။ MSME လုပ်ငန်း အများစုအနေနဲ့ ပြောရမယ်ဆိုရင် စက်ပစ္စည်းလည်း အခက်အခဲရှိတယ်။ Packing ထုပ်တဲ့ အခက်အခဲရှိတယ်။ ဒါတွေက အရမ်းဈေးကြီးတယ်။ လုပ်ငန်းရှင်တွေက အဆင့်မြင့်မြင့် ထုတ်ချင်တယ်။ သန့်ရှင်းသပ်ရပ်တဲ့ပုံစံမျိုး ထုတ်ချင်တယ်။ ဒါတွေကို ထောက်ပံ့ပေးမယ်။ ကူညီပေးမယ်ဆိုရင် ထုတ်လုပ်မှုတွေ တိုးတက်လာနိုင်ပါတယ်။ 
TREND    ။    ။ တခြားအခက်အခဲရော ဘာရှိမလဲ။
DAAM    ။    ။
အခုပြောနေတာ ထုတ်ကုန်တွေက ဒေါ်လာဈေးကျလည်း ပြည်တွင်းထုတ်ကုန်တွေ ဈေးမကျဘူးလို့ ပြောနေတာ ဆိုတော့လေ။ Packing ပိုင်းကတော့ အခက်ဆုံးပေါ့။ တကယ်တော့ ဒေါ်လာပေါက်ဈေး နဲ့ဝယ်ရတာပါ။ အပြင်ကဝယ်လည်း ဒေါ်လာတက်ဈေး၊ ကျဈေးပေါ်မှာပဲ ဝယ်ရတယ်။ ပြည်တွင်းမှာကြတော့ အရမ်းကြီး တက်ကြတာမရှိဘူး။ Packing မကောင်းပြန်ရင်လည်း ကြာရှည်မခံဘူး။ နိုင်ငံတကာ အဆင့်မမီဘူး။ Packing ကောင်းပြန်ရင်လည်း ဈေးနဲ့ကုန်ကျစရိတ်က SME လုပ်ငန်းမှာ တော်တော်များများရဲ့ အခက်အခဲပေါ့။ Packing ပိုင်းကို ဈေးသက်သက်သာသာနဲ့ နိုင်ငံတ ကာအဆင့်မီ ထုတ်ပိုးနိုင်တယ်ဆိုရင် ရောင်းတဲ့သူလည်း ဈေးသက်သက်သာသာနဲ့ ရောင်းချပေးနိုင် မယ်။ အခုက လမ်းပန်းဆက်သွယ်ရေးအခြေအနေရယ်၊ ငွေဈေးအတက်အကျရယ်။ အဲဒီပေါ်မှာပဲ ပြောင်းလဲတာပါ။ မြန်မာနိုင်ငံမှာ အဆင့်မြင့်တဲ့ Packing ထုတ်လုပ်နိုင်ပြီဆိုရင် ဈေးလည်းအသင့်အတင့် ထုတ်လုပ်နိုင်ပါတယ်။ ဈေးကွက်က အများပြောနေကြတာ ဒေါ်လာဈေးကျပြီး ကုန်ပစ္စည်းတွေက ဈေးမကျဘူးလို့ ပြောနေကြတာ။ အမှန်တော့ ဒေါ်လာဈေးတစ်ခုတည်းကြောင့် မဟုတ်ဘူး။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် ကုန်သယ်ယူခ က တစ်ဆင့်ပြီးတစ်ဆင့် သယ်ရတော့ အဲဒီမှာလည်း စရိတ်တွေတက်တယ်။ အဲ့ဒါတွေကြောင့် ကုန်သွယ်ခ အဆင့်ဆင့်ဖြတ်ရတော့ ဈေးတက်တာပါ။


TREND    ။    ။ မကြာခင်မှာလည်း သင်တန်းလေးတွေပို့ချဖို့ စီစဉ်ထားတယ်လို့ သိရတယ်။ ဘယ်လို သင်တန်းမျိုးတွေ ပို့ချသင်ကြားပေးမှာလဲဆိုတာ ပြောကြားပေးပါဦး။
DAAM    ။    ။
မနှစ်ကတည်းက အစ်မ သင်တန်းလေးတွေ လုပ်ပေးဖြစ်တယ်။ တစ်လတစ်ခါပေါ့ နော်။ ငါးဗယာကြော်၊ ငါးခေါက်ဆွဲပြုတ်၊ ငါးမုန့်ထုတ်လုပ်တဲ့ သင်တန်းတွေကို ငါးလသင်ပေးခဲ့တယ်။ နောက် Packing ထုတ်တဲ့နည်းတွေကိုရော သင်ပေးခဲ့တယ်။ ဒီနှစ်ကြတော့ အစ်မကို တောင်းဆိုတယ်။ လက်မှုပညာလေးတွေ သင်ကြားပေးဖို့တောင်းဆိုတော့ ဆပ်ပြာထုတ်တာ၊ ဖယောင်းတိုင်ထုတ်တာ၊ ပန်းထိုးနည်းပညာ သင်တန်းနဲ့ မှိုစိုက်တာကို သင်ပေးမယ်။ ဒီသင်တန်းက လုပ်တတ်ပြီဆိုတာနဲ့ ဝင်ငွေရ တယ်လေ။ ပွင့်ပွင့်လင်းလင်းပြောရင် ဒီလုပ်ငန်းလေးက ဝင်ငွေရလွယ်ကူတယ်။ သင်တန်းကို ခန့်မှန်းခြေ မတ်လမှာ စတင်ပြီးတော့ သင်ကြားပေးမယ်။ လူဦးရေက ၁၀ ဦးနဲ့ ၃၀ ကြားမှာ လတိုင်းသင်ကြားပေးနိုင်အောင် ဆောင်ရွက်မယ်။ မနှစ်ကတော့ အခမဲ့သင်ကြားပို့ချပေးခဲ့တယ်။ ဒီနှစ်မှာလည်း ထောက်ပံ့ပေးမယ့်သူရှိရင် အခမဲ့သင်ကြားပေးမှာပါ။ အခုတော့ စီစဉ်နေတုန်းပါ။


TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောပေးပါဦး။
DAAM    ။    ။
အစ်မအနေနဲ့က ထုတ်ကုန်အသစ် ငါးမုန့်ကြော်ကို မကြာခင်မှာ ထုတ်လုပ်မယ်။ အစ်မထုတ်တဲ့ ထုတ်ကုန်တွေထဲမှာ အာဟာရတန်ဖိုး ဘယ်လောက်ပါတယ်ဆိုတဲ့ စစ်ချက်ပါတယ်။ နောက် အစ်မတို့ Packing လုပ်ငန်းတွေကို တိုးတက်စေချင်တယ်။ ဘယ်နေရာကပဲ အထောက်အပံ့ အကူအညီပဲဖြစ်ဖြစ် ရစေချင်တယ်။ ပေးစေချင်တယ်။ အဲဒါမှ ရှေ့ဆက်ပြီးတော့ ရပ်တည်လို့ ရနိုင်မယ်လို့ ပြောချင်ပါတယ်။ (သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 68

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

37171

© 2022 - 2025 News. All Rights Reserved.