အပြောင်းအလဲလိုချင်တဲ့ ပုဂ္ဂိုလ်မှန်သမျှ မဲပေးကြပါ . . . . ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဗိုလ်တထောင်မြို့နယ် အမျိုးသားလွှတ်တော် (PR) စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဇမ်ကျင်ပေါ် (ခ) ဇိုဇမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ ၊ ဒီဇင်ဘာ ၁၂

    ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဇမ်ကျင်ပေါ် (ခ) ဇိုဇမ်းသည် ယခင်က ချင်းအမျိုးသားပါတီဥက္ကဋ္ဌဟောင်းလည်း ဖြစ်သည်။ ဦးဇိုဇမ်သည် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော် (PR) မဲဆန္ဒနယ် အမှတ်(၃) ဗိုလ်တထောင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


TREND    ။    ။ မကြာမီ ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ဘယ်ပါတီကနေ ဝင်ရောက်အရွေးချယ်ခံ သွားမယ်ဆိုတာလေး ပြောပြပေးပါဦး။
UZKP  ။    ။
ကျွန်တော်က ၂၀၂၅ အထွေထွေ ရွေးကောက်ပွဲမှာ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဒဂုံ၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒေါပုံ၊ ပုဇွန်တောင်မြို့နယ် ကိုယ်စားပြုအမျိုးသားလွတ်တော်(PR) ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်အရွေးချယ်ခံမှာ ဖြစ်ပါတယ်။

TREND    ။    ။ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက နာမည်ပြောင်းထားပြီ၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်နိုင်အောင် ဆောင်ရွက်လာတယ်။ ဆရာ လည်း ပါဝင်လာဖြစ်ပုံလေးကို ပြောပေးပါဦး။
UZKP    ။    ။
ကျွန်တော်တို့ ကျားဖြူပါတီကတော့ ရှမ်းပါတီတစ်ခုတည်းအနေနဲ့ ကျားဖြူလိုဂိုကို ယူထားပါတယ်။ အဲဒီကာလတုန်းက ကျွန်တော်တို့ ချင်းအမျိုးသားပါတီက အောက်ချင်းငှက် လိုဂိုကို ယူထားပါတယ်။ ကျားဖြူနဲ့ အောက်ချင်းငှက်က ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းကို ထူထောင်ခဲ့တဲ့ အဖွဲ့ငါးဖွဲ့ထဲမှာ ကျွန်တော်တို့က နှစ်ဖွဲ့ပါတယ်။ အဲဒီကတည်းက ကျွန်တော်တို့က ကိုယ့်ပါတီနဲ့ကိုယ် ရွေး ကောက်ပွဲ ဝင်ရောက် အရွေးချယ်ခံကြပါတယ်။ ဒီတစ်ခါမှာတော့ ပြည်ထောင်စုအဆင့်နဲ့ ရွေးကောက်ပွဲဝင်စရာ ကြုံတဲ့အခါမှာ ကျားဖြူနဲ့ ကျွန်တော်နဲ့ ပူးပေါင်းပြီးတော့ ညီနောင်တိုင်းရင်းသားများပါတီများ ဖက်ဒရေးရှင်း ကိုယ်စား ၂၃ ပါတီကိုယ်စား ပူးပေါင်းပြီး တိုင်းရင်းသားတွေအ တွက် နိုင်ငံသားတွေအတွက် အခွင့်အရေးတွေ ကာကွယ်ပေးဖို့၊ ငြိမ်းချမ်းရေးတွေ ဆောင်ရွက်နိုင်မယ်ထင်လို့ ဒီတစ်ခါကျင်းပမယ့် ရွေးကောက်ပွဲမှာ ကျွန်တော် ဝင်ရောက်အရွေးချယ်ခံတာ ဖြစ်ပါတယ်။


 

TREND    ။    ။ ကျားဖြူပါတီရဲ့ မူဝါဒကလည်း ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက်တယ်။ ဆရာ့အနေနဲ့လည်း ငြိမ်းချမ်းရေးကိစ္စတွေ များစွာပါဝင်ဆောင်ရွက်ခဲ့တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆရာ့အမြင်လေး ပြောကြားပေးပါဦး။
UZKP   ။    ။
ကျွန်တော်တို့ မြန်မာနိုင်ငံ အခြေအနေကတော့ အားလုံးသိတဲ့အတိုင်းပဲ။ အလိုအပ်ဆုံး အရာကတော့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေး မရဘဲနဲ့ လုပ်ရင် ဘာတစ်ခုမှ လုပ်လို့ အဆင်ပြေမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးက ထဲထဲဝင်ဝင်လုပ်ရမယ့် ကာလဖြစ်တဲ့ အတွက် ကျွန်တော်က ငြိမ်းချမ်းရေး စတင်ဖော်ဆောင်ကတည်းက ပါဝင်ခဲ့တယ်။ နောက်တိုင်းရင်းသားတစ် ယောက်အနေနဲ့ လွှတ်တော်ထဲရောက်ရင် ငြိမ်းချမ်းရေး ကိစ္စကို ဖော်ဆောင်ပေးနိုင်မယ်လို့ ယူဆလို့ ကျားဖြူပါတီမှာ တိုင်းရင်းသားတွေကိုယ်စား ဝင်ရောက်လာတာဖြစ်တယ်။ ငြိမ်းချမ်းရေးက မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်။ ငြိမ်းချမ်းရေးသည်သာ ပထမ၊ ငြိမ်းချမ်းရေးသည်သာ ဒုတိယ၊ ငြိမ်းချမ်းရေးသည်သာ တတိယ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက ငြိမ်းချမ်းရေးမရှိဘဲနဲ့လည်း မဖြစ်နိုင်ပါဘူး။ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။

TREND    ။    ။ ဆရာ့အနေနဲ့ NCA မှာလည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့တဲ့ အကြောင်းလေး ပြောပြပေးပါဦး။
UZKP    ။    ။
NCA လက်မှတ်ရေးထိုးပွဲမှာလည်း ကျွန်တော်က အသိသက်သေတစ်ဦးအနေနဲ့ ပြည်ထောင်စုအဆင့်စာချုပ်မှာ ပထမဦးဆုံးလက်မှတ်ရေးထိုးပေးခဲ့တဲ့ အခြေအနေမျိုးရှိပါတယ်။ NCA နဲ့ပတ်သက်လို့ တိုင်းပြည်တည်ရှိနေသ၍ NCA က တည်ရှိနေမှာပါ။ NCA က ပျက်သုဉ်းတယ်ဆိုတာမရှိပါဘူး။ လိုအပ်တဲ့အခါမှာ ပြန်ပေါ်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း NCA က ရပ်သွားတာမျိုး မရှိပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲက အလီလီကျသွားတယ်။ အလီလီပြန်တက်လာတယ်။ အလီလီ ပြန်ထောင်မတ်လာပါတယ်။ ဒါကြောင့် ဃြဗ က ဇာတ်လမ်းမပြီးသေးပါဘူး။ ဆက်လုပ်ဖို့ပဲ ကျန်ပါသေးတယ်။ အခုလာမယ့် အစိုးရ၊ ရွေးကောက်ပွဲပြီး တက်လာမယ့် အစိုးရအနေနဲ့လည်း NCA ကို အဓိက လုပ်မှဖြစ်မှာ။ NCA အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအခြေအနေပါ။ NCA မှာကြတော့ ကျွန်တော်ရည်ရွယ်ထားတာက လက်နက်ကိုင်အားလုံး လက်နက်မကိုင်ဘဲနဲ့ စားပွဲဝိုင်းပေါ်မှာ အတူတကွ ထိုင်နိုင်မယ်၊ ဆွေးနွေးနိုင် မယ်။ တိုင်းပြည်ကိစ္စတွေကို  ဒီလိုရည်မှန်းထားပါတယ်။ ကန့်သတ်ချက်မရှိဘဲနဲ့ လက်နက်ကိုင်တဲ့သူ မှန်သမျှ လက်နက်ကို ထားခဲ့နိုင်ပြီး ကျွန်တော်တို့ နှုတ်ပါးစပ်နဲ့ပဲ တိုင်းပြည်ကို ထူ ထောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

TREND    ။    ။ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဆရာ့အမြင်လေး ပြောပေးပါဦး။
UZKP    ။    ။
အခုတိုင်းပြည် အခြေအနေက ကျွန်တော် မပြောလည်း သိပါတယ်။ ကျွန်တော့်ထက်ပိုသိတဲ့ သူတွေလည်းရှိပါတယ်။ အဲဒီကိစ္စတော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ အခု အခြေအနေတစ်ခုကတော့ တကယ်ဖြစ်ချင်ရင် အဟုတ်ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေး တကယ်လိုချင်ရင် ငြိမ်းချမ်းရေးရအောင်လုပ်တဲ့ နည်းစနစ်တွေ အများကြီး ရှိပါတယ်။ အဲဒါမှလည်း အခုဖြစ်နေတဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတာ တွေကို ငြိမ်းချမ်းရေးရပြီးမှပဲ လုပ်လို့ရမယ်လို့ မြင်ပါတယ်။ လွှတ်တော်ထဲ ရောက်သွားရင် ကျွန်တော်အဆိုပြုချင်တဲ့ ဥပဒေတွေ ရှိတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ တော်တော်များများ ဒုက္ခရောက်နေတဲ့ ခြစားမှုကိစ္စတွေ၊ ပြည်သူလူထုထဲမှာ ခံစားနေရတဲ့အရာတွေပေါ့၊ အဓိက သက်ငယ်မုဒိမ်းမှုလိုမျိုး အမှုတွေကို သေသေချာချာအရေးယူနိုင်မယ့် အချက်တွေကို ဖန်တီးရမှာ ဖြစ်တယ်။ နောက်တစ်ချက်က လူငယ်တွေအားလုံး သေချာမသိဘဲနဲ့ ကြောက်လန့်စိုးရိမ်နေတာတွေ လူငယ်တော်တော်များ များကြုံရတယ်။ အဲဒီလူငယ်တွေ ကြောက်လန့်မှုကနေ ဖြေရှင်းပေးဖို့ ဖြေဆေးတစ်ခု ကျွန်တော်တွေ့ထားတာရှိတဲ့အတွက်ကြောင့် အဲဒီဖြေဆေးလေးကို လွှတ်တော်ထဲ ရောက်သွားရင် လူငယ်တွေအတွက် အထူးချပြပေးသွား မှာ ဖြစ်ပါတယ်။

TREND    ။    ။ ကျားဖြူပါတီက နာမည်ပြောင်းလိုက်တာ၊ အခု ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ် ပြိုင်တာလို့ သိပါတယ်။ ဒီပေါ်မှာ နည်းနည်းလေး ဆရာအမြင်လေး ပြောပေးပါဦး။
UZKP    ။    ။
ဒီကာလမှာတော့ အားလုံးကတော့ပြိုင်ဘက်တွေပေါ့ဗျာ၊ ကျားဖြူမှာက ကျားဖြူနဲ့လူမျိုးမရွေး၊ ဘာသာမရွေးဘူး။ တိုင်းရင်းသားထက်တောင်မှ မြင့်မားတဲ့အခြေအနေတစ်ခုကို ရပ်တည်နေပါတယ်။ တစ်ပါတီစနစ် ကြီးစိုးတာမျိုး မဟုတ်ဘူး။ လူမျိုးတစ်မျိုး ကြီးဆိုးတဲ့ အရာမျိုးမဟုတ်ဘူး။ ကျွန်တော်တို့က နိုင်ငံသားတိုင်း ခံစားရတဲ့အရာတွေကို ကာကွယ်ဖို့ဖြစ်တယ်။ကျွန်တော်ကတော့ ငြိမ်း ချမ်းရေးမှ ငြိမ်းချမ်းရေးပဲ။ အခု လက်နက်ကိုင်နေတဲ့လူတွေလည်း ကျွန်တော်ညီအစ်ကို သမျှရင်းနှီးတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ သူတို့နဲ့လည်း အင်မတန် ရင်းနှီးချစ်ခင်ပါတယ်။ လူပုဂ္ဂိုလ်အားဖြင့် ဘယ်သူမှ အမုန်း အာဃာတတွေ မထားပါဘူး။ ဒါပေမဲ့ ပေါ်လစီနဲ့ပတ်သက်ရင် ပေါ်လစီအရတော့ ညှိနှိုင်းရမှာပေါ့။ 


TREND    ။    ။ ရွေးကောက်ပွဲမှာ ပြည်သူရဲ့မဲတစ်ပြားက ဘယ်လောက်အရေးကြီးလဲ။
UZKP    ။    ။
၂၀၂၅ အထွေထွေရွေးကောက်ပွဲက ဒီဇင်ဘာ ၂၈ ရက်မှာ စတင် ကျင်းပမှာပါ။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ပြောချင်တာ အပြောင်းအလဲလိုချင်တဲ့ ပုဂ္ဂိုလ်မှန်သမျှ မဲမပေးလို့တော့ မရဘူး။ မဲမပေးရင်တော့ အပြောင်းအလဲက ရှိမှာမဟုတ်ဘူး။ ဒီပုံစံမျိုးပဲ လူမှုစီးပွားဘဝက တင်းကျပ်စွာနဲ့ နေထိုင် စားသောက်ရတဲ့ ပုံစံမျိုး ဖြစ်လိမ့်မယ်။ အဲဒီလိုမဖြစ်ချင်ရင်၊ အပြောင်းအလဲ တစ်ခုလိုချင်ရင် မဲပေးကြပါလို့ပဲ ပြောချင်ပါတယ်။ တကယ်လို့ မဲပေးစရာမရှိဘူးဆိုရင် ကျွန်တော်တို့ ကျားဖြူပါတီကိုသာ မဲပေးလိုက်ကြပါ။ ကျွန်တော်က PR အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် ကျွန်တော့်နာမည်တော့ ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျားဖြူကိုယ်စားလှယ်တိုင်း ကျားဖြူ လိုဂိုကို နှိပ်ပေးရင်ရပါပြီ။ ကျွန်တော့်ကို ချစ်တဲ့သူတိုင်း ကျားဖြူပါတီကို မဲပေးကြပါလို့ ပြောချင်ပါတယ်။ ညီအစ်ကို၊ မောင်နှမတို့ရဲ့ မဲတစ်ပြားက ရွှေပြားတစ်ပြားလိုပဲ ကျွန်တော့်အတွက် တန်ဖိုးရှိပါတယ်လို့ ပြောချင်ပါတယ်။

TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေး ရှိရင်ပြောပေးပါဦး။
UZKP    ။    ။
အစိုးရအသစ်ပေါ်လာရင် ပထမဦးဆုံးလုပ်ပေးဖို့က ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲကြောင့်၊ တိုက်ပွဲကြောင့် ပျက်စီးနေတဲ့ မြို့ရွာတွေကို ပြန်လည်ထူထောင်ရေး လုပ်ပေးဖို့ကလည်း အရေးကြီးဆုံး အလုပ်တစ်ခုဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းနှိုးဆော်သွားမှာ ဖြစ်ပါတယ်။ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းကို လုပ်ဆောင်မှာဖြစ်ပါတယ်လို့ပြော ကြားချင်ပါတယ်။
(သက်မှူး)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 19

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58923

© 2022 - 2025 News. All Rights Reserved.