၂၀၂၅ ဖေဖော်ဝါရီ ၂၂
အရှေ့တိုင်းသားတွေရဲ့ လူနေမှုဘဝထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ဘဝအမြင်နဲ့ လူမှုဒဿနတွေကို စိတ်ဝင်တစား လေ့လာကြည့်သင့်တယ် ထင်ပါတယ်။ လူမျိုးတစ်မျိုးရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ အမျိုးသားရေး အမှတ်လက္ခဏာတွေကို ဖန်တီးတည်ဆောက် ပေးလိုက်တဲ့ အတွေးအမြင်၊ အဆိုအမိန့်တွေဆိုတာ အလွန်တန်ဖိုးကြီးလှတယ်။ ကျွန်တော်တို့ မြန်မာလူမျိုး၊ မြန်မာ့ယဉ်ကျေးမှုဆိုတာ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမသြဝါဒတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ၊ ကျွန်တော်တို့ အိမ်နီးချင်း တရုတ်ပြည်ကြီးဟာ ကွန်မြူနစ်ဝါဒနဲ့ နိုင်ငံတည်ထောင်ခဲ့တယ်ဆိုပေမယ့် တရုတ်လူ့အဖွဲ့အစည်း တစ်ခုလုံးကို လွှမ်းမိုးထားတာက ကွန်ဖြူးရှပ်ဝါဒ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်း ဆောင်ကြီး များကိုယ်တိုင် ကွန်ဖြူးရှပ်ဝါဒ ရှင်သန်အောင် အစဉ်အမြဲ ပြုစုပျိုးထောင်ပေးလျက်ရှိတာ တွေ့ရပါတယ်။
ကွန်ဖြူးရှပ်ဝါဒမှာ ထင်သာမြင်သာရှိတာက ကျင့်ဝတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေပဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာရဲ့ သိင်္ဂါလောဝါဒ သုတ်တော်လာ မိဘဝတ်၊ သားသမီးဝတ်၊ ဆရာ့ဝတ်၊ တပည့်ဝတ် စတဲ့ ကျင့်ဝတ်တွေဟာ အရေးကြီးသလိုပဲ ကွန်ဖြူးရှပ်ဝါဒကျင့်ဝတ်တွေဟာ နိုင်ငံအုပ်ချုပ်ရေးအထိ အလေးအနက် ညွှန်ကြားချက်တွေဖြစ်လို့ တရုတ်လူ့အဖွဲ့အစည်းမှာ အလွန်အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။ ပြည်ပရောက် တရုတ်မျိုးနွယ်တွေတောင် ကွန်ဖြူးရှပ် အယူဝါဒကို လိုက်နာကျင့်သုံးကြလို့ ကွန်ဖြူးရှပ်ဝါဒဟာ အလွန်သြဇာကြီးတယ် ဆိုရမယ်။ ကွန်ဖြူးရှပ်ဝါဒက လောကီပိုင်းဆိုင်ရာတွေကို အားပြုထားပြီး လောကုတ္တရာပိုင်း ဆိုင်ရာမှာတော့ ကွန်ဖြူးရှပ်ကိုယ်တိုင် ဆရာရှာနေသူ ဖြစ်ပါတယ်။
အဲဒီမှာ ဆရာကြီး 'လောင်ဇူး'ထံ ရောက်ခဲ့ပါတော့တယ်။ လောင်ဇူးရဲ့ သင်ကြားချက်အနှစ်သာ ရတွေကို ဆရာကက်စပါဇော်က 'တာအိုတိချင်း' အမည်နဲ့ မြန်မာပြန်ကာ ၂၀၂၅ ဇန်နဝါရီလမှာ Country Roads က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ Tao Te Ching ကို ဆရာသက်လုံက တောက်တယ်ကျင်း၊ ဆရာကြီး ဒေါက်တာ သန်းထွန်းက တောက်တေချင်လို့ အသံထွက်ပါတယ်။ 'လောင်ဇူး' အကြောင်းကို များများစားစား သိခွင့်မရပါ။ ၂၀၁၀ မတ်လ ဒု-အကြိမ်ထုတ် ဆရာကြီးဒေါက်တာသန်းထွန်း ဘာသာပြန်တဲ့ 'ကျော်စွာ-၁၀၀'မှာ လောင်ဇူးကို ကွန်ဖြူးရှပ်(ဘီစီ ၅၅၁-၄၇၉)နဲ့ ခေတ်ပြိုင်ဖြစ်တယ်လို့ ဖော်ပြထား ပြီး...' လောင်ဇူးဟာ တရုတ်မြောက်ပိုင်းသား၊ သမိုင်းဆရာ၊ ကျိုမင်းဆက် (Chou Dynesty) မြို့တော် လောယန်ဂ်မှာ ရှိခဲ့ဖူးတယ်ထင်ရတဲ့ မင်းစဉ်မော်ကွန်းတိုက်စိုး ဖြစ်နိုင်စရာရှိတယ်။ လောင်ဇူးဟာ နာမည်ရင်း မဟုတ်၊ ရိုသေလေးစားလို့ လူတကာက 'ဆရာတော်ကြီး' ခေါ်ကြလွန်းလို့ အမည် ပျောက်နေတာ ဖြစ်တယ်'လို့ ဆိုပါတယ်။
ကက်စပါဇော်ရဲ့ တာအိုတိချင်းစာအုပ် နိဒါန်းမှာ 'တာအိုတိချင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ တုန်းက လောင်ဇူး (Lao Tzu) လို့ခေါ်တဲ့ လူတစ်ယောက်က ရေးသားခဲ့တယ်လို့ မှတ်ယူရပါတယ်။ သူဟာ ကွန်ဖြူးရှပ်နဲ့ ခေတ်ပြိုင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ တရုတ်နိုင်ငံက ဖြစ်တယ်။ အင်မတန် အိုမင်းနေတဲ့ အဘိုးကြီးတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အချက်ကလွဲလို့ သူ့အကြောင်း ရေရေရာရာ သိရတာ ဘာမှမရှိပါဘူး'လို့ ဖော်ပြထားပါတယ်။
'လောင်ဇူးဆိုတာကလည်း အဘိုးကြီးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒါ သူ့နာမည်မဟုတ်ပါဘူး။ သူ့နာမည်ကို ဘယ်သူမှ မသိကြပါဘူး။ သူဘယ်အချိန်မှာ မွေးဖွားခဲ့သလဲ၊ သူ့ဖခင်က ဘယ်သူလဲ၊ သူ့မိခင်က ဘယ်သူလဲ စတာတွေကို ဘယ်သူမှ မသိကြပါဘူး။ သူဟာနှစ်ပေါင်း ၉၀ လောက် နေထိုင်ခဲ့ပေမယ့် အင်မတန်ရှားပါး ထူးခြားတဲ့ သူတွေလောက်ပဲ သူ့ဆီလာခဲ့ကြပါတယ်။ သူ့ကို နားလည်ဖို့အတွက် ထူးခြားတဲ့အမြင်၊ ထူးခြားတဲ့ ရှုထောင့်တွေရှိတဲ့ အင်မတန် ရှားပါး ထူးခြားတဲ့ သူတွေလောက်ပဲ သူ့ဆီကို ရောက်လာကြပါတယ်။ ပုံမှန်လူတွေ သူ့ဆီ မလာကြပါဘူး၊ ထူးခြားရှားပါးတဲ့ သိမှုရှိတဲ့သူတွေသာ သူ့ဆီကို လာလေ့ရှိပါတယ်' (စာ-၁၁)
လောင်ဇူးဆီ ရှားရှားပါးပါး ရောက်လာသူတွေထဲမှာ ကွန်ဖြူးရှပ်လည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ဆိုတာ တရုတ်ပြည်ရဲ့ ဂုဏ်ထူးဆောင် လူသိများ ထင်ရှားကျော်ကြားတဲ့ ပညာရှိ ကဝိတစ်ဆူ ဖြစ်ပါတယ်။ ဘုရင်တွေ၊ ဧကရာဇ်တွေရဲ့ အတိုင်ပင်ခံ၊ အခြားသော ပညာရှိများပင် ကွန်ဖြူးရှပ်ဆီက အကြံဉာဏ် တောင်းခံရလေ့ ရှိတယ်။ ဒါပေမဲ့ ကွန်ဖြူးရှပ်ဟာ လောကီပညာရှိမျှ သာဖြစ်ပြီး လောကုတ္တရာကို သိနိုင်တဲ့ ဉာဏ်အလင်း မရသေးဘူး။ ဒါကြောင့် လောင်ဇူးထံချဉ်း ကပ်ပြီး 'ကိုယ်ကျင့်တရား ကောင်းအောင် ဘယ်လိုလုပ်ရ မလဲဆိုတာကို ဘယ်လို သွန်သင်သလဲ'လို့ မေးလိုက်တယ်။ လောင်ဇူးက တဟားဟား ရယ်လိုက်ပြီး (ကောင်းတဲ့ ကိုယ်ကျင့်တရားမရှိတော့မှသာ ကိုယ်ကျင့် တရားကိစ္စမျိုးကို မင်းတွေးမိမှာပဲ၊ ကျင့်ဝတ်ပြည့်စုံနေတဲ့ လူတစ်ယောက်ဟာ ကျင့်ဝတ်ဆိုတာရဲ့ အဓိပ္ပာယ်ကဘာလဲဆို တာတောင်သိမှာ မဟုတ်ပါဘူး၊ ဆိုတော့ ...မရူးစမ်း ပါနဲ့ကွာ၊ ပြီးတော့ ဘာကျင့်ဝတ်၊ ဘာကိုယ်ကျင့်တရားကိုမှ ပျိုးထောင်ဖို့ ကြိုးစားမနေစမ်းပါနဲ့၊ သဘာဝကျကျ နေစမ်း ပါကွ'လို့ လောင်ဇူးက ပြောလိုက်တယ်။ (စာ-၁၂-ရှု)
လောင်ဇူးရဲ့ အဖြေစကားကြားရတဲ့ ကွန်ဖြူးရှပ်ဟာ ထိတ်လန့် တုန်လှုပ်သွားတယ်။ လောင်ဇူးနဲ့ မျက်နှာချင်း မဆိုင်ရဲတော့တာနဲ့ ပြန်ပြေးလာတယ်။ ဘုရင်ဧကရာဇ်တွေရှေ့မှာတောင် မကြောက်မရွံ့ မထိတ်မလန့်ခဲ့တဲ့ ကွန်ဖြူးရှပ်ဟာ လောင်ဇူးရှေ့မှာတော့ အတော်တုန်လှုပ်ခဲ့တယ်။ လောင်ဇူးမှာ စွမ်း အားတွေ အများကြီးရှိနေတာ သေချာတယ်။
လောင်ဇူးရဲ့ တပည့်တွေက 'တာအိုဝါဒ'အကြောင်း ကျမ်းစာရေးပေးဖို့ တောင်းဆိုတဲ့အခါ 'ပြောပြလို့ရတဲ့ တာအိုဝါဒဆိုတာ စစ်မှန်တဲ့ တာအိုမဟုတ်ဘူး။ ပြောပြလို့ရတဲ့ အမှန်တရားဆိုတာက ပြောပြလိုက်တဲ့ ခဏမှာပဲ မှားယွင်းမှု ဖြစ်သွားပြီ'လို့ လောင်ဇူးက ပြန်ပြောတယ်။ လောင်ဇူးဟာ လော ကကြီးထဲကနေ သူ့နည်းသူ့ဟန်နဲ့ လွတ်မြောက်သွားခဲ့ပုံရပါတယ်။ လောင်ဇူးရခဲ့တဲ့ ဉာဏ်အလင်းဟာ လောကုတ္တရာသဘောဆောင် နေပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင်တွေအားလုံး နိဗ္ဗာန်ဆိုတဲ့စကား ကြားဖူးကြတယ်။ ဒါပေမဲ့ နိဗ္ဗာန်ဆိုတာ ဘာလဲလို့ ဖွင့်ဆိုရှင်းပြဖို့ အတော်ခက်ခဲသလိုပဲ တာအိုဝါဒဆိုတာရှင်းပြလို့ မရဘူးလို့ ဆိုတယ်။ ဒါပေမဲ့ လောင်ဇူးဟာ အသက် (၉၀) အရွယ် ထွက်ခါနီးမှာမှ တာ အိုတိချင်း ကျမ်းကိုရေးခဲ့တယ်။ ရေးဖြစ်ခဲ့ပုံက ဒီလို ...
'အခု ငါတောင်တန်းတွေဆီကို ထွက်ခွာသွားတော့မယ်။ ဟိမဝန္တာကို ငါသွားမယ်။ ငါသေဆုံးဖို့အတွက် ပြင်ဆင်တော့မယ်။ လူတွေနဲ့နေရတာ ကောင်းပါတယ်။ လူတွေရှိတဲ့ လောကထဲမှာ နေရတာ ကောင်းပါတယ်။ ဒါပေမဲ့ သေခြင်းတရားနဲ့ နီးကပ်လာတဲ့အချိန်မှာတော့ တစ်ဦးတည်း လုံးဝအထီး တည်းနေတာက ကောင်းတယ်။ ဒါမှသာ မူလ အရင်းအမြစ်ဆီကို လုံး၀သန့်သန့်စင်စင် လွတ်လွတ်ကင်းကင်း ပြန်သွားနိုင်မှာ ဖြစ်တယ်။ လောကရဲ့ ညစ်ထေးမှုတွေမပါဘဲ မူလအရင်းအမြစ်ဆီ ပြန်သွားနိုင်မှာဖြစ်တယ် ...' (စာ-၁၆)
တပည့်သာဝကတွေ အလွန်အင်မတန် ဝမ်းနည်းသွားကြတယ်။ သူတို့ဟာ လောင်ဇူးနောက် မိုင်တစ်ရာလောက်အထိ လိုက်လာကြသေးတယ်။ လောင်ဇူးက နှစ်သိမ့်ပြီး ပြန်လွှတ်ရတယ်။ လောင်ဇူး နယ်စပ်ဂိတ်ကို ဖြတ်ကျော်တော့မယ့် အချိန်မှာ ဂိတ်စောင့်တပ်သားက သူ့ကိုဖမ်းပြီး အကျဉ်းချထား လိုက်ပါတယ်။ အဲဒီ ဂိတ်စောင့်စစ်သားကလည်း သူ့တပည့် သာဝကတစ်ယောက်ပါပဲ။ ဂိတ်စောင့်က လောင်ဇူးကို 'ဆရာ ကျမ်းတစ်စောင် ရေးမပေးရင် ဆရာ့ကို ဒီဂိတ်ကနေ ကျော်ဖြတ်ခွင့်မပေးနိုင်ဘူး။ လူသားထုအတွက် ဆရာလုပ်ပေးရမယ်။ ဒါက ဆရာပေးဆပ်သင့်တဲ့ အကြွေးပဲ။'
အဲဒီလို အတင်းအကျပ် ဖိအားပေးခံလိုက်ရ တာကြောင့် တာအိုတိချင်းဆိုတဲ့ ကျမ်းငယ်လေးကို လောင်ဇူး ရေးပေးခဲ့ပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်း ဘာသာပြန်တဲ့ ကျော်စွာ-၁၀၀ မှာ တောက် တေချင်ကျမ်းဟာ တရုတ်စာလုံး ခြောက်ထောင်ထက်နည်းလို့ နေ့စဉ်သတင်းစာတစ်မျက်နှာနဲ့ ကျမ်းအကုန်ပါအောင် ထည့်ပေးနိုင်တဲ့အတွက် အလွန်သေးငယ်တဲ့ ကျမ်းတစ်ကျမ်းလို့ ဆိုပါတယ်။ ဒါပေမဲ့ ဆက်လက်တွေးခေါ် စဉ်းစားစရာအချက်တွေ အများကြီးပါတယ်။ တောက်ဝါဒီ ဒဿနဆရာ တွေဟာ ဒီကျမ်းကို အခြေခံပြီးမှ မိမိလိုရာ ဖြည့်စွက်ရှင်းလင်းပြောဆိုကြမြဲဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။
'ဒီကျမ်းကလေးဟာ မကျယ်ပေမယ့် လျှို့ဝှက်နက်နဲပြီး အဓိပ္ပာယ်အမျိုးမျိုး ယူစရာတွေ များတယ်။ တောက်ဆိုရင်လမ်း (The Road) နည်း (The Way) လို့ အနက်ပေးတယ်။ သဘောအယူအဆကတော့ အသင့်အတင့် တိမ်မြှုပ်တဲ့ သဘောရှိတယ်။ ကျမ်းဦးစကားက လမ်းတောက် (Tao) ဆိုတိုင်း အမြဲမသွားနဲ့၊ နာမည်ဆိုတိုင်း အမြဲမခေါ်နဲ့တဲ့၊ ဘာပဲပြောပြော တောက် (Tao) က ယေဘုယျပြောရင် သဘာ၀ ဖြစ်မြဲပျက်မြဲကို ရည်ညွှန်းပါတယ်။ (ကျော်စွာ-၁၀၀၊ စာ-၄၂၅)
သဘာ၀ ဖြစ်မြဲပျက်မြဲဆိုတာ ဗုဒ္ဓဘာသာရဲ့ ဝိပဿနာသဘောနဲ့ အတော်နီးစပ်ပါတယ်။ ဆရာကက် စပါဇော်ဘာသာပြန်တဲ့ တာအိုတိချင်း အဖွင့်တာအိုကို ရှင်းပြရာမှာ (ပြောပြလို့ရတဲ့ တာအို ဟာ တကယ်စစ်မှန်တဲ့ တာအိုမဟုတ်ဘူး။ ခေါ်ဆိုလို့ရတဲ့ အမည်နာမဟာ တကယ်စစ်မှန်တဲ့ အမည်နာမ မဟုတ်ဘူး)လို့ဆိုတယ်။ (ကောင်းကင်နဲ့မြေကြီးဟာ အမည်မဲ့ခြင်းထဲကနေ စတင် ပေါ်ပေါက်လာတယ်။ အမည်နာမဆိုတာက တစ်သောင်း သောအရာတွေရဲ့ မိခင်ဖြစ်တယ်)လို့ ပြောထားတာက ဗုဒ္ဓဘာသာရဲ့ ပညတ်နဲ့ ပရမတ်သဘောနဲ့ ခပ်ဆင်ဆင်ပဲ။
တာအိုဆိုတာ ဗလာ
ဘာကိုမှ ထပ်လျှော့လို့မရ ထပ်တိုးလို့မရ
အဆုံးမရှိ နက်ရှိုင်းပြီး
အရာအားလုံး သူ့ဆီကနေ ဖြစ်တည်လာတယ်။ (စာ-၂၄)
ဗလာဆိုတာ ဗုဒ္ဓဘာသာရဲ့ အနတ္တသဘောလို့ ပြောနိုင်တယ်။ (မင်းစိတ်ထဲက အတွေးတွေကို ဗလာ ကျင်းနိုင်ရင် မင်းနှလုံးသားဟာ ငြိမ်းချမ်းမှုကို ထွေးပွေ့နိုင်ပြီ၊ စိတ်ရဲ့ ဖန်တီးမှုဖြစ်စဉ်ကို စောင့်ကြည့်ပါ။ အဲဒီစိတ်တွေ သူတို့ရဲ့ အရင်းအမြစ်ဆီ ပြန်သွားကြပုံကိုလည်း သုံးသပ်ပါ)လို့ ဆရာကြီးလောင်ဇူးက သွန်သင်ပါတယ်။ အတွေးတွေကို ဗလာကျင်းနိုင်ရင်ဆိုတာက အာရုံခံစားမှုက လွတ်မြောက်သွားတာ၊ ဝိတက် ဝိစာရ မရှိတော့ဘူး။ စိတ်ရဲ့ ဖန်တီးမှုဖြစ်စဉ်ဆိုတာ စိတ္တာနုပဿနာ ...။
ဟောဒီ စကြဝဠာကြီးထဲက ရှိသမျှအရာတွေ၊ သူတို့ အစပြုဆီကို အကုန်ပြန်သွားကြရမယ်၊ မူလ အခြေပြုရာဆီ ပြန်သွားခြင်းဟာ သမာဓိပါ၊ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့ဟာ ကောင်းကင်ရဲ့ စီရင်မှုကို နာခံကြရမှာ။ (စာ-၄၀)
အဲဒီမှာ 'ကောင်းကင်ရဲ့စီရင်မှု'ဆိုတာကတော့ ဗုဒ္ဓဘာသာနဲ့ ဖီလာဖြစ်သွားပြီ၊ ဗုဒ္ဓဘာသာက ဖန်ဆင်းရှင် လက်မခံဘူး၊ ကိုယ့်တရား ကိုယ်စီရင်ရတာ၊ အလွန် လွတ်လပ်ရဲရင့်တဲ့ သဘာဝတရား ဖြစ်တယ်။
လောင်ဇူးက လောကုတ္တရာ တစ်ခုတည်းကို ဖွင့်ဆိုနေတာ မဟုတ်ဘူး။ လောကအကြောင်းကိုလည်း သူကောင်းကောင်း နားလည်တယ်။
(အကောင်းဆုံးခေါင်းဆောင်ဆိုတာ သူရှိမှန်း လူတွေမသိအောင် နေနိုင်တဲ့ ခေါင်းဆောင်မျိုး၊ ဒုတိယ အကောင်းဆုံးက မေတ္တာတရားနဲ့ ထွေးပွေ့တဲ့ ခေါင်းဆောင်မျိုး၊ ပြီးတော့ အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ ခေါင်းဆောင်၊ အဆိုးဆုံးကတော့ လူအများ စက်ဆုပ်ရွံရှာတဲ့ ခေါင်းဆောင်) (စာ-၄၂)
ဆရာကြီးလောင်ဇူးဟာ စစ်ပွဲကဲ့သို့သော လောကရဲ့ ပြင်းထန်တဲ့ အရာတွေကိုပါ ရှုမြင်သုံး သပ်ပြထားပါတယ်။
'အခြားရွေးစရာဘာမှ မရှိတော့မှသာ စစ်ပွဲဆိုတာ ဖြစ်လာသင့်တယ်'တဲ့။ 'စစ်ချီရာလမ်းတစ် လျှောက်မှာ ဆူးခက်တွေ ပွင့်ဖူးလိမ့်မယ်။ စစ်ပြီးသွားတဲ့အချိန်မှာ ရိတ်သိမ်းစရာမရှိ ဖြစ်လာလိမ့်မယ်'လို့ သတိပေးထားပါတယ်။ (ရန်သူကို လျှော့တွက်ခြင်းထက် ဆိုးရွားတဲ့ ဘေးဒုက္ခမရှိ၊ ရန်သူကို လျှော့တွက်တယ်ဆိုတာ ကိုယ့်အထက် မြက်ဆုံး လက်နက်ကို စွန့်ပစ်လိုက်တာနဲ့ အတူတူပဲ)တဲ့။ (စာ-၁၁၅)
(ငြိမ်းချမ်းမှုဟာ သူ့ရဲ့စစ်မှန်တဲ့ ရည်မှန်းချက်ဖြစ်ခဲ့ရင် သူဟာ စစ်ပွဲအောင်နိုင်မှုအပေါ် ဘယ်လို သာယာပျော်ရွှင်နိုင်ပ့ါမလဲ၊ စစ်အောင်နိုင်မှုမှာ သာယာတဲ့သူဟာ လူ့အသက်ပေါင်းများစွာ၊ သေကျေပျက်စီးမှုမှာ ကျေနပ်နှစ်သိမ့်တဲ့သူ ဖြစ်တယ်။ အကြမ်းဖက်မှုမှာ သာယာစိတ်ရှိသူဟာ လောကငြိမ်းချမ်းမှုကို ဆောင်ယူလာနိုင်မှာ မဟုတ်ပါ) လို့လည်း မှတ်ချက်ရေးခဲ့ပါတယ်။
(လောကက တာအိုကို လိုက်နာခဲ့ရင် မြင်းတွေကို မြင်းချေး မြေသြဇာအတွက်သာ အသုံးပြုကြရလိမ့်မယ်။ လောကက တာအိုကို မလိုက်နာခဲ့ရင် နေရာအနှံ့မှာ စစ်မြင်းတွေကို မွေးမြူရ လိမ့်မယ်။ အဆိုးဆုံးသော မကောင်းမှုဟာ ပိုများများလိုချင်မှု၊ အဆိုးဆုံးသော ကြမ္မာဟာ မရောင့်ရဲမှု၊ လောဘဆိုတာ ဘဝရဲ့ကျိန်စာ)လို့ လောင်ဇူးက ဓမ္မအမြင်နဲ့ သွန်သင်ခဲ့ပါတယ်။ တာအိုမှာ လေးနက်တဲ့ ဒဿနတွေကို လှလှပပ ရေးဖွဲ့သွားတာလည်း တွေ့ရပါတယ်။
(ရှေးသူတော်စင်တွေဟာ ပြည့်ဝကြတယ်။ ကောင်းကင်ဟာ ပြည့်ဝနေရင် သန့်စင်တယ်။ မြေကြီးဟာ ပြည့်ဝနေရင် ခိုင်ခံ့တယ်။ ဝိညာဉ်ဟာ ပြည့်ဝနေရင် စွမ်းအားပြင်းတယ်။ လျှိုမြောင်ဟာ ပြည့်ဝနေရင် နက်ရှိုင်းတယ်။ လူတွေဟာ ပြည့်ဝနေရင် သက်ဝင်ရှင် သန်တယ်။ အုပ်စိုးသူဟာ ပြည့်ဝနေ ရင် အာဏာပိုင်စိုးတယ်။ အဲဒီအရာတွေနဲ့ ပြည့်ဝမှုဟာ သူတို့ အရှိအတိုင်း သူတို့ကို ဖြစ်ထွန်း ပေါ်ပေါက်စေတယ်။) (စာ-၇၃)
(သန့်စင်အောင် လုပ်ပေးမယ့် ပြည့်ဝမှုမရှိရင် ကောင်းကင်ဟာ ညစ်ထေးနေလိမ့်မယ်။ ခိုင်ခံ့ အောင် လုပ်ပေးမယ့် ပြည့်ဝမှုမရှိရင် မြေကြီးဟာ ကွဲအက်နေလိမ့်မယ်။ စွမ်းအားပြင်းအောင် လုပ်ပေးမယ့် ပြည့်ဝမှုမရှိရင် ဝိညာဉ်ဟာ လွင့်ပါးသွားလိမ့်မယ်။ နက်ရှိုင်းအောင် လုပ်ပေးမယ့် ပြည့်ဝမှုမရှိရင် လျှိုမြောင်တွေဟာ သွေ့ခြောက် နေလိမ့်မယ်။ သက်ဝင်ရှင်သန်အောင်လုပ်ပေးမယ့် ပြည့်ဝမှုမရှိရင် လူသားမျိုးနွယ်ဟာ မျိုးသုဉ်းသွားလိမ့်မယ်။ အာဏာပိုင်စိုးအောင် လုပ်ပေးမယ့် ပြည့်ဝမှုမရှိရင် အုပ် စိုးသူတွေဟာ လဲပြိုကျသွားလိမ့်မယ်။) (စာ-၇၄)
မြင့်ခြင်းဟာ နိမ့်ခြင်းဆိုတဲ့ အခြေခံအုတ်မြစ်ပေါ်မှာ တည်နေတယ်လို့လည်း ညွှန်ပြထားပါတယ်။ တာအိုလမ်းစဉ်ဟာ ရေနဲ့တူတယ်။ ရေဟာ နူးညံ့သလောက် ခက်ထန်မာကျောတဲ့ ကျောက်ဆောင် ကျောက်သားတွေကို တိုက်စားပစ်နိုင်တယ်။ လောင်ဇူးက ကြင်နာမှုရယ်၊ မျှတမှုရယ်၊ နှိမ့်ချမှုရယ်ဟာ သူ့ရဲ့ ရတနာသုံးပါးပဲလို့ ဆိုတယ်။ တာအိုရဲ့လမ်းစဉ်က လေးကြိုးဆွဲသလိုပဲ။ အပေါ်လေးကိုင်းက အောက်ကို ညွှတ်လာပြီး အောက်လေးကိုင်းက အပေါ်ကို ညွှတ်လာတယ်။ တာအိုကလည်း ပိုတာကိုထုတ်ယူလို့ လိုရာကို ဖြည့်ပေးတယ်။ တာအိုရဲ့ လမ်းစဉ်က ပိုတာကိုယူပြီး လိုရာ ကိုဖြည့်နေချိန်မှာ လူသားလမ်းစဉ်က လိုတဲ့နေရာကနေ ထုတ်ယူပြီး ပိုတဲ့နေရာတွေမှာ သွားဖြည့်နေကြ တယ်လို့ ညွှန်ပြထားပါတယ်။
(အရာရာတိုင်းရဲ့ အစဟာ အရာရာတိုင်းရဲ့ မိခင်ပဲ။ မိခင်ကို အမှန်တကယ်သိလာရင် ငါတို့ဟာ သူ့ရဲ့ သားသမီးတွေ ဖြစ်တယ်ဆိုတာကို သိလာလိမ့်မယ်။ ငါတို့ဟာ သူ့ရဲ့သားသမီးတွေ ဖြစ်တယ်ဆိုတာကို သိလာဖို့အတွက် ငါတို့ဟာ မိခင်ရှိရာဆီကို ပြန်သွားရလိမ့်မယ်၊ ခန္ဓာကိုယ်ကြီးဟာ သူ့အဆုံးသတ်ကို ရောက်လာလိမ့်မယ်။ ဒါပေမဲ့ ဘာမှ ကြောက်စရာမလိုပါဘူး)လို့ လောင်ဇူးက အလင်းပြ သွန်သင်ခဲ့ပါတယ်။
(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )