တော်လှန်ရေးအမည်တပ် ရမ်းကားနေမှုများ

၂၀၂၅ ဖေဖော်ဝါရီ ၂၂

ပညာရေးနှင့် အတွေးများ
    လက်ပံများလည်း အပြိုင်းအရိုင်း ပွင့်နေကြပြီ ဖြစ်သည်။ တမာများလည်း နုကြလေပြီ။
    "ရှစ်ခွင်တိုင်
    မှုန်မှိုင်းတဲ့ ပတ်လည်။
    သဇင်ကြွင်းငယ်နှင့် 
    အင်ကြင်းသန္တာညွန့်ငယ်တို့
    ဖူးပွင့်ကိုက်စည်။
    ဘမရာ ရွှေပိတုန်းငယ်တို့ 
    ချွေသုံးကြ ဝတ်ရည်
    ဆွတ်ကြည်ဘွဲ့ဖော်ကွဲ။
    ယင်းသည့်နေဆိုင်
    ရသေ့သူတော်တိုင်မှ
    ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊
    ရာသီတွင် ခါညီပြောပေပ 
    ကြော၍သာမြဲ။"

    နွေကြိုရာသီများရောက်ချိန်၊ ကြေးငှက်သာရကာများ၏ ကြီကြီတျာတျာ အသံများကို ကြားရပြီဆိုလျှင် ဦးကြင်ဥ၏ အထက်ပါကဗျာလေးကို စိတ်ထဲက အလိုလို ရေရွတ်နေမိတတ်သည်။ သည်ကဗျာလေးက သည်လို ရာသီရောက်တိုင်း စိတ်တွင် အဘယ့်ကြောင့် အလိုလို ရောက်ဖြစ်နေ သနည်းဟု စေ့ငုကြည့်မိ၏။ ထိုသို့ စေ့ငုကြည့်မှ သည်ကဗျာလေးသည် ကျွန်တော်တို့ အဋ္ဌမတန်းတွင် သင်ကြားခဲ့ရသည်။ သင်ကြားရသည့် အချိန်ကလည်း ယခုကဲ့သို့ တပို့တွဲအကုန် တပေါင်းအကူးကာလ ကောင်းကင်တစ်ခွင် မြူမှုန်များ ရစ်ဆိုင်းနေချိန်နှင့် တိုက်လည်း တိုက်ဆိုင်နေရာ သတိရနေခြင်း ဖြစ်နိုင်ပါ၏။ ထို့အတူ ပညာသင်နှစ် တစ်နှစ်တာ ကုန်ဆုံးခါနီးလည်းဖြစ်ရာ သူငယ်ချင်းများနှင့် ခွဲခွာချိန်နီးလည်း နီးပြီကို အလိုလို သိနေသောကြောင့် ဖြစ်ဟန်တူ၏။ အလွမ်းပိုသော အချိန်ဟု ဆိုနိုင်ပါသည်။ နောက်နှစ် ပညာသင်နှစ်စလျှင် ကိုယ့်ရပ်ကိုယ့်ရွာမှ အရပ်တစ် ပါးသို့သွား၍ ပညာသွား သင်ရမည်ဖြစ်ရာ တစ်ယောက် တစ်နေရာစီ ဝေးကြမည်ကို ကြိုတင်သိနေသော အချိန်လည်းဖြစ်၏။ ထိုကဲ့သို့ အကြောင်းပေါင်းစုံချိန် သင်ကြားခဲ့ရသော ကဗျာလေး ဖြစ်သောကြောင့် ပို၍သတိရနေ ဟန်တူပါ၏။
    ပညာသင်ကြားသည့် နှစ်တစ်နှစ် ကုန်ဆုံးတော့မည်ဆိုမှ ပညာသင်ကြားခွင့်ရသည့် ကလေးငယ်များဘဝနှင့် ပညာသင်ကြားခွင့်မရသည့် ကလေးငယ်များ၏ ဘဝခြားနားချက်များ အကြောင်းကိုလည်း အတွေးပေါ်လာမိ၏။ အချို့သော ပညာသင်ကြားခွင့် ရသူများ၏ သားသမီးများ၊ ကလေးသူငယ်များက နွေကျောင်းပိတ်ရက်အတွက် ဘာလုပ်ကြမည်ဟု အစီအစဉ်များ ရေးဆွဲနေကြပြီ ဖြစ်သည်။ အေးချမ်းသည့်နေရာတွင် စာသင်ကြားခဲ့ရသူများသည် စာသင်နှစ်တစ်နှစ် ကုန်ဆုံးသည့်အခါ အဘိုးအဘွားများ နေရပ်အေးချမ်းလျှင် သွားရောက်လည်ပတ်ကြမည့်သူများ၊ နွေတွင် အလှူလုပ်မည့်သူများ၊ အလှူအတွက် အဝတ်အစားများပြင် ဆင်နေကြသည်များကို ကြည့်ပြီး မငြိမ်းချမ်းသည့်နေရာ အကြောင်း ကောင်းကောင်းသိသူတို့သာ ငြိမ်းချမ်းခြင်းဆိုသည်ကို ကောင်းကောင်း နားလည်နိုင်ကြသည်။ မငြိမ်းချမ်းသည့် နေရာဒေသက သူများအတွက် ပညာရေးဆိုသည်မှာဝေး၍ ပညာရေး၊ ကျန်းမာရေးထက် စားမှုနေမှုအပြင် အသက်ရှင်သန်ရေးသည်သာ ဦးစားပေးဖြစ်နေလေသည်။ ထိုအကြောင်း များကြောင့် စစ်ကို တွင်တွင်ခေါ်နေသည့် နိုင်ငံရပ်ခြား ရောက်နေသူတို့က မည်သည့်နှလုံးသားနှင့် ကိုယ်ချင်းစာတရား ဆိုသည်မှာ ရှိနိုင်ပါမည်နည်း။ ကိုယ်ချင်းစာတရားဆိုသည်မှာ ကိုယ်တိုင်ခံစားဖူးမှ ခံစားနားလည်နိုင်ရဲ့ မဟုတ်လား။ ငြိမ်းချမ်းရေးအတွက် တံခါးများစွာဖွင့်ပြီး အကြိမ်ကြိမ်အထပ် ထပ်ဖိတ်ခေါ်သည်ကို အဆုံးစွန်ထိ တိုက်ပွဲဝင်ရန် မြှောက်ပေးသူများက ကီးဘုတ်ဖိုက်တာများ မဟုတ်လား။ အငြိုးကြီးသည်မဟုတ်။ မြန်မာပြည် ငြိမ်းချမ်းသည့်တစ်နေ့ ထိုသူများကို စာရင်းတို့ကာ မှတ်သားထား သည်။ ထိုသူများသည် မြန်မာနိုင်ငံတွင်းက သူများနှင့် ကောင်းတူဆိုးဖက် ရုန်း ကန်ကြသူများ မဟုတ်ဘဲ မြန်မာပြည်ကို ဖျက်ဆီးနေ သူများဖြစ်ကြောင်း ခွင့်မလွှတ်နိုင်သူများစာရင်းကို မြို့တိုင်းရွာတိုင်းတွင် ကြေညာထားရန် အားထုတ်ပါဦးမည်။


အရှက်ရော ရှိသေးရဲ့လား
    NUG နှင့် နောက်လိုက်တစ်သိုက်ကို အရှက်ရောရှိရဲ့လားဟု မေးရလျှင်ပင် မေးသည့်သူက ပြန်ရှက်ရမလို ဖြစ်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် မည် သည့်အခါကမျှ အရှက်ဆိုသည်မှာ တစိုးတစေ့မျှ မရှိခဲ့သောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ သည်ရက်ပိုင်း အွန်လိုင်းက စာလေးတစ်ပိုင်းတစ်စ ဖတ်မိသည့် အကြောင်းအရာကို တွေ့မိချိန် ထိုမေးခွန်းက ခေါင်းထဲပေါ် လာသောကြောင့် ဖြစ်သည်။ စာအရှည်ကြီးရေး၍ ဆဲနေသူ၊ စာတိုများကိုရေးပြီး အလှူခံနေသူတစ်ယောက် ရေးသော အကြောင်းအရာတစ်ခုအကြောင်း ပြောချင်ပါသည်။
    သူဆိုလိုသည်က အမေရိကန်၏ လူသားချင်း စာနာမှုအကူအညီများ မရတော့သောကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး မျက်လုံးနှစ်လုံး ဆုံးရှုံးရမည့်အကြောင်းကို စာအရှည်ကြီးရေးပြီး အလှူခံ နေလေသည်။ ယခင်က USAID ၏ ထောက်ပံ့မှုနှင့် တော်လှန်ရေးလုပ် သူများ ဒဏ်ရာရလျှင် အခမဲ့ ကုသခွင့်ရှိပြီး ယခုအထောက်အပံ့ ရပ်ဆိုင်းချိန် ကုသခွင့်မရသောကြောင့် ရဲ ဘော်တစ်ယောက်အတွက် အလှူခံနေခြင်းဖြစ်သည်ဟု ရေးထားလေသည်။ ပုံမှန် အလှူခံနေခြင်းထက် စကားမစပ် ကြားဖြတ် အလှူခံခြင်းဆိုပါက ပို၍ မှန်ပါလိမ့်မည်။ခေါင်းစဉ်ရော၊ အကြောင်းအရာရောက မရိုးရဟု ဆိုနိုင် သော်လည်း နောက်ဆုံးတွင် အလှူခံခြင်းဖြင့်သာ အဆုံးသတ်သည်ဟု မကြာခဏ ဆိုဖြစ်ခဲ့ပါသည်။ ထို အလှူခံသည့်စာကို မြင်ချိန်တွင် နှလုံးသားမရှိ၍ မဟုတ်၊ ကိုယ်ချင်းစာတရား မရှိ၍ မဟုတ်၊ မစာနာ၍ ပြောခြင်းမဟုတ်ဘဲ မေးခွန်းတစ်ခု မေးလိုက်ချင်၏။ ထိုရဲဘော်ဆိုသူက မည်သူ့အတွက် အလုပ်လုပ်ခဲ့ တာလဲဆိုသည့် မေးခွန်း ဖြစ်သည်။
    သို့သော်လည်း အကုသိုလ် အပူကြီးသူများနှင့် တုပြိုင်ပြောလိုစိတ် မရှိသောကြောင့် ထိုမေးခွန်းမျိုးကို ဂရုတစိုက်မမေးဖြစ်ခဲ့ပေ။ မေးလျှင်လည်း သူတို့ထုံးစံအရ ငါနှင့်မတူ ငါ့ရန်သူ အချက်အလက်နှင့် ဖြေရှင်းမည် မဟုတ်ဘဲ အဆဲသာ လာမည်ကို သူတို့၏စာသားများ၏ အောက်က မှတ်ချက်များကိုကြည့်လျှင် သိသောကြောင့် ဖြစ်သည်။ သို့မို့ကြောင့် အထက်တွင် ဆိုခဲ့သည့်အတိုင်း NUG နှင့် နောက်လိုက်အပေါင်းအပါများ အရှက်ရော ရှိကြရဲ့လားဟု ကြိုတင်၍ ဆိုခဲ့ခြင်းဖြစ်သည်။ ရှင်းရှင်း ပြောရလျှင် သူတို့၏ ရဲဘော်တစ်ယောက်အတွက် ထမင်းဝအောင် မကျွေးနိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ဘဲ လူငယ်ထုကို သတ်ကွင်းအတွင်း  အတင်းကာရော ဘာကြောင့် ပို့ခဲ့သလဲဆိုသည့် မေးခွန်းက လိုရင်းပင် ဖြစ်ပါသည်။ သို့မို့ကြောင့် အရှက်ရှိကြပါဟုသာ ဆိုပါရစေခင်ဗျ။

တော်လှန်ရေးအမည်တပ် ရမ်းကားနေမှုများ
    သည်ရက်ပိုင်း အညာဘက်က အသံမျိုးစုံကြား နေရသည်။ သူတို့ပြောသည့် တော်လှန်ရေး ခေါင်းစဉ်အောက်က အသံများဟု ဆိုရမည်ဖြစ်သည်။
    သူတို့ပြောသည့် တော်လှန်ရေး ဆိုသည်မှာလည်း သုံးနှစ်ကျော်ထဲ ရောက်နေပြီ ဖြစ်သည်။ ယခုထိ ရမ်းကားမှုနှင့် တော်လှန်ရေးဆိုသည့်အရာ မသဲကွဲသေးဟု ဆိုရမည်ဖြစ်သည်။ ပွင့်ပွင့်လင်း လင်းပြောရလျှင် ထိုသို့ ဖြစ်ရခြင်းမှာ စာမတတ် အသိဉာဏ် နုန့်နဲ့သော ကြောင့်ဟု အမနာပ ပြောရမလို ဖြစ်နေသည်။ ဥပမာပြောရလျှင် ရွှေဘိုမြို့၌ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးကို  တော်လှန်ရေးသမားဆိုသူတွေက ဓားနှင့်အပိုင်း ပိုင်း ခုတ်ဖြတ် သတ်ဖြတ်ခဲ့သည်။ စည်းမရှိ၊ ဘောင်မရှိ ဥပဒေမရှိ အဖွဲ့အစည်းက စည်းမဲ့ကမ်းမဲ့ လုပ်ရပ်အတွက် အရေးယူမည် ဆိုသည့် ချွေးသိပ်သည့်စကားဖြင့် နှစ်သိမ့်သံတော့ ကြားရသည်။ လက်ရှိအချိန်အထိ သတ်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးသမား ဆိုသူတစ်ဦး တစ်ယောက်ကိုမျှ ထုတ်ပြသည်ကို မတွေ့မြင်ရသေးပေ။ ဆင်တစ်ကောင်လုံး တွေ့ပြီး ဆင်ခြေရာ ရှာမရဆိုသလိုများ ဖြစ်နေပြီလားမသိ။
    ထို့အတူ ပခုက္ကူက ဖြစ်စဉ်ကိုလည်း ကြည့်ပါဦး။ ဖြစ်စဉ်က ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၁ နာရီ ခန့်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင် ဦးစည်သူထွန်း နေအိမ်၌ ချက်ပြုတ် ရေးလုပ်ငန်းများ ဝိုင်းဝန်း လုပ်ဆောင်နေသူများကို အကြမ်းဖက် PDF အဖွဲ့က ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား အားပေးထောက်ခံခြင်း မရှိကြောင်း အကြောင်းပြကာ လက်နက်ငယ် ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ်ငါးစီးဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် မောင်ဖိုးခွား အသက် (၁၄) နှစ်မှာ သေဆုံးခဲ့ပြီး မောင်ကျော်မိုး အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ မည်မျှရမ်းကားသည့်လုပ်ရပ် ဖြစ်သနည်း။ သူများ ကောင်းမှုကုသိုလ် လုပ်နေသည့် အိမ်ကို သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သည်က တော် လှန်ရေးလားဗျာ။ အလှူရှင်များဘက်ကကြည့်လျှင် မည်မျှ ရင်နာစရာ ကောင်းမည်နည်း။ သာရေးမှ နာရေး ဖြစ်သွားရသည်။ ထို့အတူ ကျန်သည့် အလှူအတန်းလုပ်လိုသူများလည်း မလုပ်ရဲစေရန် တား ဆီးသည့်သဘောထင်ပါ၏။
    ချောင်းဦး ကင်မွန်းတော်ရွာ ဖြစ်စဉ်လည်း ကြည့်ပါဦး။ ပြည်သူ့စစ်ရွာဆိုသည့် ခေါင်းစဉ်ဖြင့် ကင်မွန်းတော်ရွာကို လူအင်အား ထောင်ဂဏန်းခန့်ဖြင့် လာရောက် တိုက်ခိုက်ကြသည်။ ထိုဖြစ်စဉ် မတိုင်မီ ကလည်း မုံရွာမြို့ပေါ်ကို ဖေဖော်ဝါရီ ၁၂ ရက်ညပိုင်းက ရှော့ခ်တိုက်ဒုံးများ ဗုံးပေါင်း အနည်းဆုံး ၃၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့သေးသည်။ ကင်မွန်းတော်ရွာကိုတိုက်စဉ် ချောင်းဦးမြို့ မုံရွာ-မန္တလေးလမ်းမကြီး ဘေးက သစ်ပင်ကြီးများကို ချိန်းဆောဖြင့် ဖြတ်တောက်ဖြိုလှဲ ထားကြသည်ဟု သူငယ်ချင်းက ဆိုလေသည်။ အကြောင်းက စစ်ကူမလာနိုင်စေရန်အတွက်ဟု ဆိုလေသည်။ မြေပြင်က မလာခင် ဝေဟင်က အရင် အထုခံလိုက်ရပြီး အထိနာ သွားသည်ဟုလည်း ကြားသိရသည်။ လည်တော့လည်သည်။ အူ လည်လည်ဟု ဆိုရမလို ဖြစ်နေသည်။ သူငယ်ချင်းကတော့ ပြောရှာပါသည်။ "ဒီကောင်တွေ ဒီမိုကရေ စီနဲ့ ဖက်ဒရယ်အရေး အော်ပြီး ပြည်သူ့စစ်ရွာလေးကို KIA နဲ့ ပေါင်းတိုက်တာတဲ့"ဟု ဆိုလေသည်။ မကြာခင် အော်ညည်းသံများက ကြားရဦးမည်။ နောက်ဆုံး မီးတာက်အရှိန်နှင့် တောက်နေခြင်းများ လားမသိ။ အော် ... ဉာဏ်ကြီးပါပေ့ဟုသာ။ (ရွှေထီး  )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 62

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

37172

© 2022 - 2025 News. All Rights Reserved.