မြန်မာ့သမိုင်းနှင့် တပ်မတော်၏ အရေးပါမှု

၂၀၂၅ ဖေဖော်ဝါရီ ၂၀

    မြန်မာပြည်ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဘယ်တော့ပြီးမြောက် ကျော်လွှားသွားနိုင်မလဲဆိုတာ အတော်ပြောရခက်ပါတယ်။ ပြည်သူတွေ သိချင်နေကြတာလဲ ဒီအခြေအနေ ဆိုးကြီးကနေဘယ်တော့ လွတ်မြောက်မလဲ ဆိုတာပါပဲ။ တိုက်ပွဲတွေက နေရာအနှံ့မှာ ဖြစ်နေသလို တည်ငြိမ်အေးချမ်းနေတဲ့ နေရာတွေကိုလည်း စစ်မီးမွှေးဖို့အတွက် အစပျိုးနေတာတွေလည်း တွေ့နေရပါတယ်။ ဒီလို အစပျိုးပေးနေတာ၊ လူသူ စုဆောင်းတိုက်ကွက်ဖော်ဆောင်ဖို့ လုပ်နေတာတွေဟာ တဖြည်းဖြည်းနဲ့ ပိုများလာနေတဲ့အတွက် တိုက်ပွဲတွေဟာ လျော့သွားမယ့်အစား ပိုဆိုးလာနိုင်မလားဆိုတာ သတိထားစောင့်ကြည့်ရတော့မယ့် အခြေအနေပါ။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အနာဂတ် မြန်မာနိုင်ငံအတွက် တကယ်ပဲ ကောင်းမွန်လာမှာလား၊ ပိုဆိုးသွား မလားဆိုတာ အတော် ပြောရခက်ပါလိမ့်မယ်။ ကောင်းဖို့ကတော့ ရာခိုင်နှုန်း အတော်နည်းမယ်လို့ မြင်ပါတယ်။ အနာဂတ်ကောင်းမွန်ဖို့ အတော်ကြိုးစားဖို့ လိုပါလိမ့်မယ်။ 
    တည်ငြိမ်အေးချမ်းပြီး ခိုင်မာဖွံ့ဖြိုးတဲ့ တိုင်းပြည်ဖြစ်စေဖို့ အစိုးရနဲ့ တပ်မတော်မှာသာ တာဝန်ရှိတာမဟုတ်ပါဘူး၊ ပြည်သူနဲ့ အဖွဲ့အစည်းအသီးသီးမှာလည်း တာဝန်ရှိပါတယ်။ ဒီနိုင်ငံ၊ ဒီအဝန်းအဝိုင်းအတွင်းမှာ နေထိုင်သူတွေအနေနဲ့ ဒီနိုင်ငံ၊ ဒီပြည်ထောင်စုအကျိုးကို ရှေးရှုပြီးဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို မှန်မှန်ကန်ကန်မြင်ပြီး မှန်မှန်ကန်ကန် ဖြေရှင်းရာမှာ ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့ လိုပါလိမ့်မယ်။ အစိုးရနဲ့ တပ်မတော်ကို မဏ္ဍိုင်ထားပြောရတဲ့ သဘောက လွတ်လပ်ရေးတိုက်ပွဲကာ လကစပြီး မြန်မာ့သမိုင်း ကြောင်းမှာ ဖြစ်ပွားခဲ့တဲ့ပြဿနာတွေကို ဖြေရှင်းခဲ့ကြရာမှာ တပ်မတော်က မပါမဖြစ်ပါခဲ့ရလို့ပဲ ဖြစ်ပါတယ်။ အစိုးရတွေသာ ပြောင်းသွားတယ်။ တပ်မတော်က ပါမြဲပါခဲ့ရတဲ့ အခြေအနေပါ။  တပ်မတော်အနေနဲ့ ပါချင်လွန်းလို့ ပါခဲ့ရတာ မဟုတ်ဘဲ အားကောင်းတဲ့ အမျိုးသားရေး အဖွဲ့အစည်း တစ်ခုဖြစ် တဲ့အတွက် အစိုးရအဆက်ဆက်ရဲ့ မူဝါဒအရ နိုင်ငံရေးပြဿနာတွေကို ဝိုင်းဝန်းဖြေရှင်း ပေးခဲ့ရတဲ့အတွက်ပဲ ဖြစ်ပါတယ်။ 
    လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ လတ်တလောဖြစ်ပွားတဲ့ ပြဿနာတွေအပေါ် အခြေခံရုံသက်သက်မဟုတ်ဘဲ  ခေတ်အဆက်ဆက်က ဖြစ်ခဲ့တဲ့ မှားယွင်းမှုလေးတွေကို ပြင်ရကောင်း မှန်းမသိကြဘဲ ကောင်းလာနိုး ကောင်းလာနိုးနဲ့ မှိန်းနေရာကနေ တဖြည်းဖြည်း အစိုင်အခဲ ကြီးမားလာခဲ့ တာက အဓိကအချက်လို့ဆိုရမှာ ဖြစ်ပါတယ်။ ပြင်သင့်တဲ့အချိန် မပြင်ခဲ့ကြတာရယ်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်းအတာထက် ပိုလိုချင်နေကြတာတွေရယ်ကြောင့် တဖြည်းဖြည်းချင်း နီးစပ်ကြရမယ့်အစား ပိုပိုဝေးသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ System Failure Effect လို့ဆိုမယ်ဆို ဆိုလို့ရနိုင် ပါလိမ့်မယ်။ ဘာကြောင့် System  Failure လို့ သုံးနှုန်းရသလဲဆိုရင် ၁၉၄၇ ခုနှစ်က ပင်လုံညီလာခံနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်ကောက်ရမှာပဲ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသလား လို့မေးရင် ကိုယ်စားမပြုနိုင်ဘူးဆိုတာ တွေ့ ရမှာ ဖြစ်ပါတယ်။ သို့သော် နိုင်ငံသား အခွင့်အရေးနဲ့ကြည့်ရင် အားလုံးတန်းတူ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဆိုဆို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွတ်လပ်ရေးရရချင်းမှာ  မကျေနပ်နိုင်တဲ့ အုပ်စုနှစ်စု ရှိခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ 
    ပထမအုပ်စုက ကွန်မြူနစ်တွေပဲဖြစ်ပါတယ်။ ဒုတိယက တိုင်းရင်းသား အုပ်စုပဲဖြစ်ပါတယ်။ ဘာကို မကျေနပ်ကြတာလဲဆိုတော့ ကွန်မြူနစ်အုပ်စုက နိုင်ငံကို ကွန်မြူနစ်နိုင်ငံအဖြစ် ဖန်တီးချင်ကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသားအုပ်စုက နောက်မှ ကူးစက်လာခဲ့တာမှန်ပေမယ့် စတာက ကရင်ပါ။ တိုင်းရင်းသားအဖြစ်၊ ကရင်အဖြစ်သုံးရတာက လူမျိုးရေး ခွဲခြားချင်လို့ မဟုတ်ပါ။ ရှင်းရှင်းလင်းလင်း မြင်စေချင်လို့ပါ။ တိုင်းရင်းသားထဲမှာ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိပြီး နိုင်ငံသားအဖြစ် ကျေနပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံနှစ်ခြိုက်ကြသူတွေ အများကြီး ရှိကြပါတယ်။ ကရင်လိုချင်တာက မြန်မာပြည် အောက်ခြမ်းတစ်ခုလုံး နီးပါးပါ။  ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကရင်ကို ကော်သူးလေပြည်နယ်အဖြစ် ပေးမယ်လို့ ဆိုထားပေမယ့် တည်နေရာ အတိအကျနဲ့ သတ်မှတ်ခဲ့တာ မရှိခဲ့ဘူး။ အဲဒီအတွက် လက်နက်ကိုင်လမ်းစဉ် စခဲ့ခြင်းပဲဖြစ်ပါတယ်။ လက်နက်နဲ့ နယ်မြေသိမ်းယူခြင်းဟာ System   ကိုတိုက်ခိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူအများ လက်ခံထားတဲ့ System ကို ပျက်စီးအောင် ဆောင်ရွက်သူနဲ့  System ကို တည်မြဲအောင် ကာကွယ်ခဲ့ရတဲ့ ပြဿနာလို့ ဆိုရပါလိမ့်မယ်။ လက်နက်ကိုင် တော်လှန်နေတဲ့သူတွေရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါ။ System ပျက်သွားမှသာ သူတို့လိုချင်တဲ့ နယ်မြေနဲ့ အာဏာရရှိဖို့သာ ဖြစ်ပါတယ်။  တည်ဆဲ System ပျက်သွားမှ ကွန်မြူနစ်ဆိုရင် သူဖြစ်ချင်တဲ့ System ကို အစားထိုးနိုင်မှာ ဖြစ်သလို KNDO တွေအနေနဲ့ဆိုရင် သူလိုချင်တဲ့နယ်မြေနဲ့ System အသစ် အစားထိုးနိုင်မှာ မဟုတ်ပါလား။ အဲဒါသည်သာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးသမားတွေ ပြောပြောနေတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ဖြစ်ပါတယ်။ System တစ်ခုကို အတူတကွ ပူးပေါင်းပြင်ဆင်လိုစိတ် မရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ လက်နက်ကိုင်လမ်းစဉ် ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ 
    ဖြစ်သင့်ခဲ့တာက အဲဒီ လက်နက်ကိုင်လမ်းစဉ်တွေကို ရပ်တန့်သွားအောင် ဆောင်ရွက်ခဲ့ရမှာ ဖြစ်ပေမယ့် ဖဆပလ အစိုးရအနေနဲ့ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါ။ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသလို ရထားပြီးသား System ကို ခိုင်မာစွာ အသက်သွင်းနိုင်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။ System ကို ခိုင်မာစွာ အသက်မသွင်းနိုင်ခဲ့တဲ့အတွက် System Failure ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘာကြောင့် System ကို ခိုင်မာအောင် မလုပ်နိုင်တာလဲဆိုရင် ကိုယ်အာဏာရဖို့အတွက် လူပုဂ္ဂိုလ်အချင်းချင်း၊ အဖွဲ့အစည်း အချင်းချင်း အားပြိုင်နေကြတာ၊ အပြန်အလှန် တိုက်ခိုက်နေကြတာတွေနဲ့ပဲ အချိန်ကုန်နေကြလို့ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ၊ စည်းရုံးမှုတွေ ဘာမှမလုပ်ခဲ့သလို လက်နက်ကိုင်လမ်းစဉ် အမြစ်ပြတ်စေရေး ဆောင်ရွက်မှုလည်း ထိထိရောက်ရောက် ဘာတစ်ခုမှ ဆောင်ရွက်ခဲ့ တာမတွေ့ရပါဘူး။  နိုင်ငံရေးနည်းအရရော၊ စစ်ရေးနည်း အရပါ နိုင်ငံရေးအရတက်လာတဲ့ အစိုးရက ထဲထဲဝင်ဝင် ဘာမှမလုပ်ခဲ့တဲ့အတွက်  တဖြည်းဖြည်းချင်း လက်နက်ကိုင်လမ်းစဉ်ကူး စက်မှုက ပိုလာခဲ့တာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အားလုံးရဲ့ Target က System  Failure ဖြစ်ရေးပါပဲ။ အဲဒီလို အဘက်ဘက်က ယိုယွင်း လာနေလို့လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်စီးသွား ခဲ့ရတာပါ။ System တစ်ခု Failure ဖြစ်သွားတဲ့သဘောပါပဲ။ 
    ၁၉၆၂ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်း လိုက်တဲ့အတွက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်သွားခဲ့ရတယ်ဆိုတာ သာမန်အားဖြင့်ကြည့်ရင် မှန်ပါတယ်။ ကျင့်သုံးနေကြတဲ့ Stakeholders တွေ (အစိုးရ၊ နိုင်ငံရေးသမားများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများ) ကိုယ်တိုင်ကပင် ကြုံတွေ့လာရတဲ့ အခြေခံဥပဒေရဲ့ အားနည်းချက်တွေကို ညီညီညွတ်ညွတ် ပြင်ဆင်ခဲ့ကြခြင်းမရှိဘဲ အားနည်း ချက်အပေါ် အခွင့်ကောင်းယူ အမြတ်ထုတ်ခဲ့တာတွေကြောင့် ဖြစ်ခဲ့ရတယ်ဆိုတာကို သမိုင်းသင်ခန်းစာအဖြစ် ရှုမြင်သင့်ပါတယ်။ ကွဲတော့မယ့်အကွဲကို မကွဲအောင် ရသင့်ရ ထိုက်တာပေး၊ မရသင့်တာမရကြောင်း ပြတ်ပြတ်သား သားငြင်းဆို၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီအချက်၊ ဒီအချက်တွေက ပြင်သင့်တယ်၊ ဒီအချက်ဒီအချက်တွေက ခေတ်နဲ့မလျော်ညီတော့တဲ့အတွက် ပြင်သင့်တယ်ဆိုတာမျိုးတွေ မလုပ်ခဲ့ကြဘဲ ပြည်နယ်ခွဲထွက်ခွင့်ကို အလေးပေးလာတဲ့ အတွက် System Failure ဖြစ်သွား ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ 
    ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပျက်စီးသွားတာ ဘယ်နိုင်ငံရေးသမား၊ ဘယ်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေက မကြိုက်ကြောင်း၊ လက်မခံကြောင်း ပြောကြပါသလဲ။ အထူးသဖြင့် ပျက်စီးလိုတဲ့သူတွေ အနေနဲ့ကတော့ အေးဆေးပါပဲ။ တက်လာတဲ့ တော်လှန်ရေးကောင်စီ ဘာလုပ်မလဲသာ စောင့်ကြည့်ခဲ့ကြတာပါ။ တက်လာတဲ့ တော်လှန်ရေးကောင်စီက လက်နက်ကိုင်လမ်းစဉ် ပပျောက်စေရေးအတွက် လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ ငြိမ်းချမ်းရေး၊ လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ် ရေးဆွေးနွေးပွဲတွေကို တစ်ဖွဲ့ချင်းဆီ အလိုက် ကျင်းပခဲ့ပါတယ်။ စနစ်တစ်ခုပြောင်းလဲရာမှာ အတူပြောင်းလဲဖို့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးနဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေး ဖြစ်မလာခဲ့သလို နိုင်ငံရေးသမား တွေဆီကလည်း ဆိုရှယ်လစ်စနစ် အတူဖွဲ့စည်းရေး သဘောတူညီချက် မရခဲ့ပါ။ အဲဒီနောက်ပိုင်းမှာ တော်လှန်ရေး ကောင်စီက ပြည်သူလူထုအားကိုယူပြီး ဆိုရှယ်လစ်စနစ်နဲ့ ထိုစနစ်ကိုအခြေခံတဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပါတယ်။ ထိုအခြေခံဥပဒေကို ပြည်သူအများ ထောက်ခံခဲ့ကြ တဲ့အတွက် စနစ်ကို အသက်သွင်းပြီး ဆက်လက်ချီ တက်ခဲ့ကြပြန်ပါတယ်။ ပြည်သူတွေထောက်ခံလို့ စနစ်ပြောင်းခဲ့တယ်ဆိုပေမယ့် တကယ်တမ်း ပြန်ကြည့်ရင် နိုင်ငံရေး၊ စစ်ရေးမှာ အငြင်းပွားနေတဲ့ System နဲ့ အစိုးရကို တိုက်နေတဲ့ အဖွဲ့တွေ တစ်ဖွဲ့မှပါမလာတဲ့အတွက် စစ်ရေး၊ နိုင်ငံရေး ထိုးနှက်မှုတွေသာ ဆက်တိုက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေးလည်း မအောင်မြင်ခဲ့သလို သောင်းကျန်းမှု ချေမှုန်းရေးလည်း ထင်သလောက် ခရီးမရောက်ခဲ့ရဘဲ System  Failure  သာ ထပ်မံ ဖြစ်ပွားခဲ့ရပြန်တာကို တွေ့ရမှာဖြစ်ပါတယ်။ 
    ၁၉၇၄ ခုနှစ် အခြေခံဥပဒေမှာ တိုင်းရင်းသား အခွင့်အရေးအတွက် ပြည်နယ်ခုနစ်ခုအထိ တိုးမြှင့်သတ် မှတ်ပေးခဲ့ပါတယ်။ တိုင်းရင်းသားဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတွေကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုထားပါတယ်။ ထိုအခြေခံဥပဒေကစပြီး ကျွန်စနစ်၊ သခင်စနစ် မရှိစေရေး ပပျောက် အောင် ဆောင်ရွက်ခဲ့ပါတယ်။ တိုင်းရင်းသားအားလုံး တန်းတူအဆင့်အတန်း ပေးထားပါတယ်။ စော်ဘွားတွေလက်ထက်က ကျွန်သဖွယ်နေခဲ့ရတဲ့ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရလာခဲ့ပြီ ဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်း သား ဖွံ့ဖြိုးရေးသိပ္ပံ စတင်ဖွင့်လှစ် ပညာသင်ကြားစေခဲ့ပါတယ်။ စတဲ့ အခွင့်အရေးတွေကို ၁၉၄၇ ခုနှစ် အခြေခံဥပဒေထက် သာလွန်စွာ ပိုမိုဆောင် ရွက်ပေးခဲ့ပေမယ့် နိုင်ငံရေးအာဏာနဲ့ပတ်သက်ရင် ဗဟိုချုပ်ကိုင်မှု များပါတယ်။ တစ်ပါတီစနစ်ဖြစ်တဲ့အတွက် ပါတီဝင်မဟုတ်ရင် နိုင်ငံရေးအာဏာရရှိဖို့၊ ဒေသအုပ်ချုပ်ရေး အာဏာ ရရှိဖို့ အခွင့်အရေးအလွန် နည်းပါးပါတယ်။ အခုချိန်မှာ စွပ်စွဲပြောဆိုနေကြတဲ့ တိုင်းရင်းသားတွေကို နှိပ်စက်တာ၊ သားပျိုသမီးပျိုလေးတွေကို စော်ကားတာ မရှိခဲ့ပါဘူး။ ဘာသာရေးအရရော၊ ပါတီစည်းရုံးရေး၊ စည်းကမ်းထိန်းသိမ်းရေးအရပါ ခွင့်ပြုထားတာ မရှိပါဘူး။ ကျူးလွန်ရင် ဥပဒေအရ ပြင်းထန်စွာ အရေးယူပါတယ်။ ဒီအခြေအနေတွေဟာ သာမန်တိုင်းရင်းသား ပြည်သူ လူထုအတွက် အေးချမ်းစွာ နေထိုင်နိုင်တဲ့ အနေအထားဖြစ်ပေမယ့် အဓိကတိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးအတွက် လက်မခံနိုင်စရာ အခြေအနေလို့ ဆိုရပါလိမ့်မယ်။ ဒါကြောင့်လည်း မြေပေါ်မြေအောက် နည်းလမ်း နှစ်သွယ်နဲ့ လမ်းစဉ်ပါတီနဲ့ အစိုးရကို တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်က စတင်ခဲ့တဲ့ လက်နက်ကိုင်လမ်းစဉ်လို System  ကို တိုက်ခိုက်ခဲ့ကြ တာပဲဖြစ်ပါတယ်။ တပ်မတော်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရရော၊ အစိုးရရဲ့ မူဝါဒအရပါ သောင်းကျန်းမှု ချေမှုန်းရေး တာဝန်ယူထားရတဲ့အတွက် ထိုလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးရဲ့ ပင်မရန်သူ ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ 
    ၁၉၈၈ ခုနှစ် အရေးအခင်း ကာလမှာ System တစ်ခု Failure ဖြစ်ခဲ့ရပြန်ပါတယ်။   လိုလားချက်က ပါတီစုံဒီမိုကရေစီစနစ်ပဲ ဖြစ်ပါတယ်။ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး ပါတီစုံဒီမိုက ရေစီစနစ်ကို အသက်သွင်းပေးခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အသစ်တွေ ပေါ်လာခဲ့ပါတယ်။ အရင်ကသောင်း ကျန်းသူအဖွဲ့အစည်းအဖြစ် ခေတ်အ ဆက်ဆက် သတ်မှတ်ခေါ်ဝေါ်ခဲ့ရာကနေ ငြိမ်းချမ်းရေးရယူလာတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ တိုင်းရင်း သားစည်းလုံးညီညွတ် ရေးနဲ့စနစ် အောင်မြင် စေရေး အမြင်အရ တစ်ဆင့်လျှော့ပေးတဲ့သဘောပဲ ဖြစ်ပါလိမ့်မယ်။ နဝတ၊ နယက အစိုးရလက် ထက်မှာ လက်ဝဲလက်ယာ တိုင်းရင်းသားအဖွဲ့ အသီးသီးငြိမ်းချမ်းရေး ရယူခဲ့ကြပါတယ်။ အဲဒီအခြေအနေနဲ့ ဖြစ်ပေါ်တိုးတက်လာတဲ့ နိုင်ငံရေးအခြေအနေကို အခြေခံပြီး  စနစ်တစ်ခု အပြောင်းအလဲဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေရေး ဆွဲအတည်ပြုနေချိန်မှာပဲ ငြိမ်းချမ်းရေး အခြေအနေက ခပ်လှုပ်လှုပ် ဖြစ်လာခဲ့ပြန်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့  လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ရေးမူဝါဒနဲ့ ဆောင်ရွက်ချက်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က လက်မခံလိုခြင်းကြောင့် ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် တစ်ခုတည်း ရှိရမှာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကို လက်နက်ကိုင်ထားစေပြီး အခြေခံဥပဒေ နဲ့လည်း ကိုက်ညီအောင်၊ နိုင်ငံ့အားလည်း ဖြစ်အောင် တပ်မတော်က ပြည်သူ့စစ်နှင့် နယ်ခြားစောင့် တပ်များ ညွှန်ကြားရေးမှူးရုံးအသစ် ဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့တွေကို လက်နက်ကိုင်တပ်အဖြစ် တရား ဝင်ဖွဲ့စည်း ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါကို လက်မခံလိုတဲ့ တိုင်းရင်းသားအဖွဲ့တွေ တူရာစုရာကနေ ယခုကဲ့သို့ ပြဿနာကြီး ထွားလာခြင်းပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ တက်လာတဲ့ အစိုးရနဲ့ တပ်မတော်က လက်နက်ကိုင်လမ်းစဉ်ပြဿနာကို အပြီးသတ်စေဖို့ နိုင်ငံရေးနည်းအရ ဆွေးနွေးနိုင်စေရန် NCA လမ်းကြောင်းကို နည်းလမ်းသစ်အဖြစ် ဆောင်ရွက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။  ဒါကို လက်မခံလိုဘဲ တင်းခံနေတဲ့အဖွဲ့တွေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပြဿနာအရပေါ်ပေါက်လာတဲ့ အခြေအနေမှာ NCA ကို ချိုးဖောက်တဲ့ အဖွဲ့တွေက တပ်မတော်ကို ပြန်လည်တိုက်ခိုက်နေကြတာ ဘာ ကြောင့်လဲ။
    တပ်မတော်က နိုင်ငံတော်အာဏာကို မတ ရားသိမ်းပိုက်လိုက်လို့ တော်လှန်ရေး လုပ်နေရတယ်ဆိုတာ အကြောင်းပြချက် သက်သက်သာ ဖြစ်ပါတယ်။ နဂိုကတည်းက လက်နက်ကိုင်တပ်ဖွဲ့စည်း ထားပြီး အဲဒီအင်အားအရ နယ်မြေရယူ အာဏာတည်ဆောက်လို ခြင်းကြောင့်သာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ဖြစ်ပွားခဲ့တဲ့ပြဿနာနဲ့ လိုလားချက်တွေကို တပ်မတော် အစိုးရလက်ထက်မှာ ဖုံးကွယ်ထားရာကနေ ယခုအခါမှာ ဘူးပေါ်သလိုပြန် ပေါ်လာခြင်းပဲဖြစ်ပါတယ်။ အမှန်တကယ် တိုင်းပြည်ကိုချစ်ရင်၊ ပြည်ထောင်စုကိုတန်ဖိုးထားရင် ပေါ်ပေါက်လာတဲ့ System အရ ကိုယ့်ဒေသကိုယ် ကာကွယ်ဖို့ BGF ဖွဲ့ဖွဲ့၊ ပြည်သူ့စစ်ဖွဲ့ဖွဲ့ ဘာအကျိုးယုတ် သွားမှာမို့လို့လဲ။ အဲ့ဒီလိုဖွဲ့လို့လည်း အဲဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေကို ဘာမှလည်း ဒုက္ခပေးမှာ မဟုတ်ဘူး။ ကချင်ပြည်နယ် အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း အဖွဲ့ကိုပဲကြည့်။ တပ်မတော်က ဘာပြဿနာမှ မပေးခဲ့ဘူး။ အလားတူ ကျန်ဒေသတွေမှာလည်း ရှိကြတာပါပဲ။ အခုလက်ရှိဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေ ဆောင်ရွက်နေတဲ့ တိုက်ပွဲတွေနဲ့ လတ်တလော ရယူထားတဲ့ နယ်မြေတွေကိုကြည့်ပါ။ ကိုယ့်ဒေသထက် ကျော်လွန်နေမနေ၊ ကျော်လွန်ထားတဲ့ နယ်မြေတွေကို သမိုင်းကြောင်း အရသော်လည်းကောင်း၊ အခြေခံဥပဒေအရသော် လည်းကောင်း ယူထားသင့်၊ မသင့် ချိန်ဆကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ လောဘကို တွေ့ရပါလိမ့်မယ်။ ဒါကိုကြည့်ရင် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အခြေ ခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ရည်မှန်းချက်သူတို့မှာ ရှိမရှိဆိုတာ ရှင်းပါတယ်။ သူတို့ဖြစ်ချင်တဲ့ အခြေအနေမျိုးပေးမှ စစ်မှန်တဲ့စနစ်ဖြစ်မယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရတဲ့ အခြေအနေ ဆိုတာ နားလည်ဖို့ လိုပါလိမ့်မယ်။
    မြန်မာတွေ တဖြည်းဖြည်းချင်းနဲ့ နောက်ကျကျန်နေခဲ့တာ လက်နက်ကိုင်လမ်းစဉ်က အဓိက လို့ဆိုရပါလိမ့်မယ်။ ဒါကို သင်ခန်းစာမယူဘဲ လက်နက်ကိုင် လမ်းစဉ်ကို ပိုမိုကြီးထွားအောင် မြှောက်ပေး နေကြတာ  အတော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် NUG ရဲ့ လုပ်ရပ်တွေဟာ တိုင်းပြည်ပျက် အောင်ဖန်တီးနေခြင်းပဲ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို တိုင်းရင်းသားပြည်သူအားလုံး ရှုမြင်နား လည်ပြီး လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ရေးလုပ်ငန်းစဉ်တွေမှာ ဝိုင်းဝန်းကူညီ ကြိုးပမ်းပေးကြဖို့ လိုပါလိမ့်မယ်။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 61

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

37172

© 2022 - 2025 News. All Rights Reserved.