ရွေးကောက်ပွဲကြီး နီးလာပြီ ကိုယ်တိုင်ပါဝင် ပြောင်းလဲပါ

၂၀၂၅ ၊ ဒီဇင်ဘာ ၁၂

    ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အသံတွေကလည်းမျိုးစုံ ညံလို့လာနေပြီ ဖြစ်ပါတယ်။ ဖျက်လိုသူတွေ၊ မအောင်မြင်စေလိုသူတွေ အပိုင်းကလည်း အတော်လေးကို ထိုးနှက်တိုက်ခိုက်လာနေကြတာ တွေ့ရပါတယ်။ ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်ချက်အရ ဆောင်ရွက်ကြတာတွေက အကျိုးမရှိရင်တောင် အပြစ်တော့ မဖြစ်စေလိုပါ။ ရွေးကောက်ပွဲကို မထောက်ခံတာ၊ ပျက်စေချင်တာအတွက် လူ့အသက်ကို သတ်တဲ့အထိကတော့ မဖြစ်သင့်ဘူး။ ဘယ်အရာမှ အမြဲတည်တံ့နေတာ မဟုတ်တဲ့အတွက် အဟောင်း ဖြစ်လိုက်၊ အသစ်ပြန်ဖြစ်လိုက်နဲ့  အချိန်တန်ရင် အရာအားလုံး ပြီးဆုံးသွားရတာပါပဲ။ 
    အကြောင်းတရားကို အခြေခံပြီး အကျိုးတရား ဖြစ်ထွန်းတဲ့အတွက် အကြောင်းတရားကောင်းဖို့ လိုပါတယ်။ ပျက်စီးသွားမှာဖြစ်တဲ့ အကြောင်းတရားကို အခြေခံပြီး ဖြစ်တည်လာမယ့် အကျိုးတရားသာ အကောင်းချည်း ဖြစ်လာခဲ့မယ်ဆိုရင် မိမိတို့နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှနေမှာ အမှန်ပါ။ ဘာပဲလုပ်လုပ်၊ ဘာဆုံးဖြတ်ချက်ပဲချချ ကိုယ့်လုပ်ရပ်ဟာ အကြောင်းကောင်းဖြစ်ဖို့တော့ လိုပါလိမ့်မယ်။  အတိတ်က ကောင်းမွေ၊ ဆိုးမွေတွေကို မျက်မှောက်အချိန်မှာ ခံစားနေကြရသလို လက်ရှိအချိန်မှာ ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေဟာလည်း မိမိတို့ အနာဂတ်နဲ့ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေ ကျိန်းသေပေါက် ခံစားရမှာအမှန်ပါ။ အမုန်းတရားကို ဦးတည်ပြီး အပြုတ်တိုက်ရေးလမ်းစဉ်ကို လိုက်ကြ မယ်ဆိုရင် အကြောင်းမကောင်းတဲ့အတွက် အကျိုးကောင်းလာမယ် မထင်ပါ။ 
    ရွေးကောက်ပွဲကို မထောက်ခံအောင်၊ ရွေးကောက်ပွဲပျက်အောင် လူသတ်ပြတာ ဘာအကျိုးရှိမှာ မို့လို့လဲ။ ဒီလိုမေးရင် စစ်မှန်တဲ့ ရွေးကောက် ပွဲမဟုတ်ဘဲ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ၊ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် လုပ်နေတဲ့ ဟန်ပြရွေးကောက်ပွဲဖြစ်တဲ့အတွက် မပျက်ပျက် အောင်ဖျက်ရမှာ ဖြစ်တယ်ဆိုတာကလွဲလို့ ဘာမှပြောနိုင်မှာ မဟုတ်ဘူး။လူသတ်တာ မှားတယ်ဆိုတဲ့အမြင် သူတို့မှာ မရှိကြဘူး။  ဒီအပြောကို ဘယ်မှာတွေ့သလဲဆိုတော့ အနောက်မျှော် ဒေါ်လာစား မီဒီယာတွေမှာ ထုတ်လွှင့်တာ တွေ့ရမှာ ဖြစ်ပါတယ်။ အမြဲတမ်းလိုလို ဒီလိုအပြောမျိုးကိုသာ ပြောနေကြ တာပဲ ဖြစ်ပါတယ်။ 
    ဒီဇင်ဘာလ ၆ ရက်က Freelance Journalist သက်ထွေးနိုင်လုပ်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ကိုကိုကြီးနဲ့ ABSDF ဥက္ကဋ္ဌဟောင်း ထွန်းအောင်ကျော်တို့ရဲ့ 'ရွေးကောက်ပွဲဝင်ရေးလား၊ ရွေးကောက်ပွဲဆန့်ကျင် တိုက်ဖျက်ရေးလား' ဒီဘိတ်အစီအစဉ်မှာ ထွန်းအောင်ကျော်ပြော ဆိုသုံးနှုန်းတဲ့ လေသံကလည်း ဒီအတိုင်းပါပဲ။ ထွန်းအောင်ကျော်က 'တပ်မတော်က ဦးဆောင်တဲ့ ရွေးကောက်ပွဲကို အယုံအကြည်မရှိဘူး။ မယုံကြည်ရလောက်တဲ့ သက်သေအထောက်အထားလည်း ရှိတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်တဲ့သူ အစိုးရဖွဲ့၊ တပ်က စစ်တန်းလျား ပြန်မယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီးစောမောင်ကပြောတယ်။ နိုင်တဲ့ NLD ကို လွှဲမပေးဘူး။ NLD ပါတီဝင်တွေ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းပြီးထောင် ချပစ်တယ်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲက မဲမသမာမှု ဆိုတာကလည်း ကပ်နိုင်တာမျိုးမဟုတ်ဘဲ သောင်ပြိုကမ်း ပြိုနိုင်တာ ဖြစ်တဲ့အတွက် ကပ်နိုင်လို့ မဲပြန်စစ်ခိုင်းတာ ကတစ်မျိုး၊ အခုဟာက အပြတ်အသတ်နိုင်တာ၊ တပ်က မဲပြန်စစ်ပေးပါ ဆိုတာကလည်း အခြေခံဥပဒေကမပေးထားဘူး။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကအ တည်ဆိုတာ ပါထားပေမယ့်တပ်က မဲမသမာမှုအကြောင်းပြပြီး အာဏာယူလိုက် တယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက ဒီမိုကရေစီနည်းကျ အခြေခံဥပဒေ မဟုတ်ဘူး။ ဒီ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကိုင်စွဲပြီးလုပ်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်ကို ပေးမယ့်ရွေးကောက်ပွဲ မဟုတ်ဘဲ စစ်အုပ်စုအောက်မှာထားမယ့် ရွေးကောက်ပွဲသာ ဖြစ်တယ်"လို့ ပြောသွားတာ တွေ့ရပါတယ်။ 
    ဒါ့အပြင် ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်တို့ မဲနိုင်ပေမယ့် တစ်မတ်သားက ကန့်ကွက် နေတဲ့အတွက် ပြင်ချင်တာ ပြင်လို့မရခဲ့ဘူး။ ဒီမိုကရေစီအစိုးရ အဖြစ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုပ်ပြထားပေမယ့်  နောက်ကွယ်က ရှဲဒိုးအစိုးရအနေနဲ့ တပ်က ကိုင်ထားတာ။ အစိုးရနှစ်ရပ်ပုံစံ ဖြစ်နေတယ်။ အခုရွေးကောက်ပွဲကလည်း ဒီအတိုင်း စစ်ကျွန်အခြေခံဥပဒေအောက်က လုပ်မှာ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ဝေဖန်လို့ မရဘူး၊ နိုင်မယ့်သူတွေ အကုန်ဖမ်းထားတယ်။ အလားအလာရှိတဲ့ ပါတီတွေ၊ လူတွေကို ကြိုးတုပ်ထားပြီး ပြိုင်ခိုင်းတာဖြစ်တဲ့အတွက် ဘယ် လိုမှ တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။ ဘာလို့ သူ့အပြောတွေ ဖော်ပြနေရတာလဲဆိုတော့ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ပျက်အောင်လုပ်နေကြသူတွေရဲ့ Trend ဟာ သူ့အပြောနဲ့ မတိမ်းမယိမ်းပါပဲ။ ဖြစ်စဉ်နဲ့ အကြောင်းအချက်တွေအပေါ်မှာ ကိုယ်လိုရာဆွဲပြီး ကိုယ့်လုပ်ရပ်က မှန်တယ်လို့ ဆိုချင်တဲ့ သဘောပါ။ တိုင်းပြည်အကျိုးထက် မိမိဆန္ဒကို ရှေ့တန်းတင်ကြတာပဲ ဖြစ်ပါတယ်။ 
    ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပပေးပြီး အာဏာလွှဲမပေးဘူးဆိုတဲ့ အခြေအနေဟာ မှန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဘယ်လိုဖြစ်ရတယ်ဆိုတဲ့ အခြေအနေရယ်၊ ဘယ်လို သင်ခန်းစာယူသင့်သလဲ ဆိုတာရယ်ကို မှန်ကန်စွာ ရှုမြင်တတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုရာစွဲယူလို့ အကျိုးများစရာ မရှိပါဘူး။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲဟာ ဥပဒေမရှိဘဲ အချိန်မတိုင်မီ လုပ်လိုက်တဲ့ ရွေးကောက်ပွဲလို့ဆိုရမှာ ဖြစ်ပါတယ်။ အမှားက အဲ့ဒါပါ။ ဘာဥပဒေမှမရှိဘဲ လုပ်လိုက်ပြီးမှ ပြန်ဆယ်တင်ရတဲ့ သဘောပဲ ဖြစ်ပါတယ်။  ယူရမယ့် သင်ခန်းစာပါ။ ဒီအခြေ အနေနဲ့ အခုရွေးကောက်ပွဲ အခြေအနေက တခြားစီပါ။ အခုရွေးကောက်ပွဲက အခြေခံဥပဒေလည်း ရှိတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီလည်း ရှေ့မှာ ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်။ အခြေအနေ အချိန်အခါလည်း မတူဘူး။ တမင်သက်သက် အပုပ်ချလိုခြင်းသာ ဖြစ်ပါလိမ့်မယ်။ 
    ရွေးကောက်ပွဲအပြီး အာဏာလွှဲမပေးဘဲ NLD ပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချတယ်ဆိုတဲ့စကားက အဓိပ္ပာယ်အများကြီး ရှိပါတယ်။ အခြေအနေမှန်ကို မသိတဲ့သူတွေ ကြားရင် မတရားလုပ်ရာကျပါတယ်။ NLD ပါတီဝင်တွေကို ဖမ်းတယ်ဆိုတာ အလကားနေရင်း အသားလွတ်ဖမ်းတာ မဟုတ်ဘူး။ ရွေးကောက်ပွဲရလဒ်အရ  ဥပဒေမရှိဘဲနဲ့ စင်ပြိုင်အစိုးရဖွဲ့ဖို့ ကြိုးစားတဲ့အတွက် ပါဝင်ပတ်သက်တဲ့ သူတွေကိုသာ ဖမ်းခြင်းဖြစ်ပါတယ်။ အားလုံးမဖမ်းပါဘူး။  ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲပြီးမှ ဖမ်းတာမဟုတ်ပါဘူး။ သူ့ပြဿနာနဲ့ သူပါ။ ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက် (အာဇာနည်နေ့အပြီး နောက်တစ်ရက်)မှာ  ပုဒ်မ ၁၀(ခ)နဲ့ နေအိမ်မှာ တားမြစ်ထိန်းသိမ်း ထားတာပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကိစ္စနဲ့ ဘာမှမဆိုင်ဘူး။ 
    ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုကိစ္စက သောင်ပြိုကမ်းပြိုနိုင်တာနဲ့ ဆိုင်သလား၊ အခြေအနေမှန်နဲ့ဆိုင်သလား စဉ်းစားရမယ့်ကိစ္စပါ။ သောင်ပြိုကမ်းပြို ဆိုတာကလည်း မဲစာရင်းနဲ့ မဲလက်မှတ်တွေ သောင်ပြိုကမ်းပြို ရိုက်ထားတာ စီစဉ်ထားတာတွေအပေါ်မှာ အခြေခံတာကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။ ဒီမဲစာရင်းတွေ၊ များပြားစွာ ရိုက်နှိပ်ထားတဲ့ မဲလက်မှတ်တွေ၊ မဲလာပေးပြီးတဲ့စာရင်းမှာ လူထပ်နေတာတွေ၊ သေပြီးသားသူတွေ ပါနေတာတွေကို အဲဒီအစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က တာဝန်ခံရမှာ မဟုတ်ဘူးလား။ ဥပဒေအရ ရွေး/ကော်ရဲ့ဆုံးဖြတ် ချက်ဟာအတည်လို့ ဆိုထားပေမယ့် ရွေး/ကော်ဆိုတာ တရားမျှတမှုအတွက် ဥပဒေအရ ခန့်ထားတာ မဟုတ်ဘူးလား။ ရွေး/ကော်ကိုယ်တိုင်က ဥပဒေကို ချိုးဖောက်နေရင်၊ တရားမျှတမှုမရှိရင် ဘာလုပ်မလဲ။ ဥပဒေဆိုတာ မျှတဖို့ပါ။ ဥပဒေအားနည်းချက်ကို အားသာချက်အဖြစ်ရယူသွားတာကို ဘယ်သူက ပြန်လည်တည့်မတ်ပေးမှာလဲ။ ကိုယ့်လူ၊ ကိုယ့်အဖွဲ့အစည်း လုပ်တာချည်းပဲ အမှန်လို့ ယူလို့မရသလို သူတစ်ပါးကို အပြစ်ပုံချဖို့လည်း မသင့်ပါဘူး။ အခြေအနေကို ပြန်ကြည့်ရင် ရွေးကောက်ပွဲမတိုင်မီက စပြီး အာဏာထိန်းတဲ့အချိန်အထိ သတိ ပေးတာ၊ အကြောင်းကြားတာ၊ တားမြစ်တာတွေ တပ်မတော်က အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ ပေမယ့် ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့မထင်တဲ့ အချိုးနဲ့ ဂရုမစိုက်ခဲ့တာတွေဟာ အတူယှဉ်ပြိုင်ရတဲ့ ပြိုင်ဘက်ပါတီတွေနဲ့ မဲဆန္ဒရှင်တွေကို စော်ကားခြင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ အနိုင်ကျင့်မှုပါ။ 
    ၂၀၀၈ ခုနှစ် အခြေခံဥပဒေက ဒီမိုကရေစီနည်းကျ အခြေခံဥပဒေမဟုတ်ဘူးဆိုတာ ဘာကိုဆိုလို ချင်တာလဲ။ ဒီမိုကရေစီ နည်းလမ်းပေါင်းစုံနဲ့ သဘာ၀ကို ပြန်သင်ပေးရမလို ဖြစ်နေပြီ။ အကျိုးအပြစ်ကို လက်တွေ့မချင့်ချိန်ဘဲ အပြစ်ပြောချင်နေကြတာက များမယ်ထင်တယ်။ ဘယ် လောက်ပဲ လစ်ဘရယ်ဖြစ် တဲ့ ဒီမိုကရေစီဖြစ်ဖြစ် ကိုယ့်နိုင်ငံနဲ့ ကိုက်ညီဖို့သာလိုပါတယ်။ ဒီမိုကရေစီ နည်းကျကျ၊ မကျကျ အနိမ့်ဆုံး အဆင့်ပြောရရင် ဒီအခြေခံဥပဒေဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း ကိုအခြေခံပြီး ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံကျတဲ့ ပြောင်းလဲမှုတစ်ခုလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး ဆက်လက် ပြောင်းလဲသွားရမှာပါ။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုးစားခဲ့ကြတာ တစ်မတ်သားက ကန့်ကွက်နေလို့ ပြင်မရဘူးဆိုတာ မှန်ပါတယ်။ တစ်ဖက်က ပြန်ကြည့်ရင် တစ်မတ် သားက ပြင်ချင်တာကို သုံးမတ်သားက အဖက်တောင်မလုပ်တာလည်း မြင်အောင် ကြည့်ဖို့လိုပါတယ်။ တည်ဆဲဥပဒေအရ တိုင်းပြည်အကျိုးအတွက် အပြန်အလှန် ချစ်ကြည်နားလည်မှုကလည်း အရေးကြီးပါတယ်။ ဘယ်သူကဘာတွေ၊ ဘယ်လိုပြင်ချင်တယ်ဆိုတာတွေကို ပြန်ကြည့်ရင် ပြည်တွင်းလုံခြုံရေးနဲ့ ဖက်ဒရယ်အရေးကို ဘယ်သူက ပိုတန်ဖိုးထားတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အမှန်အတိုင်း ရှုမြင်တန်ဖိုးထားရင် ကိုယ်တိုင်အတွက်ရော၊ တိုင်း ပြည်အတွက်ပါ ကောင်းပါလိမ့်မယ်။ 
    လက်ရှိဖြစ်ပျက်အားပြိုင်နေတဲ့ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရေးနဲ့ ဆန့်ကျင်တိုက်ဖျက်ရေး ကိစ္စနှစ်ခုကို ယှဉ်ကြည့်ရင် ဘယ်ဟာက တိုင်းပြည်အကျိုးကို ပိုဖြစ်ထွန်းမယ်၊ ပြည်သူတွေဘ၀ သာယာအေးချမ်းမယ်၊ တည်ငြိမ်အေးချမ်းရေးကတစ်ဆင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ချဉ်းကပ်နိုင်မယ်ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားချိန်ထိုးကြဖို့ လိုပါတယ်။ ရွေးကောက် ပွဲပျက်အောင်ဖျက်တာက ပြဿနာမဟုတ်ဘူး။ ပျက်သွားပြီးရင် ဒီ့ထက်ကောင်းလာမှာလား၊ ဆိုးသွားမှာလား ဆိုတာက ပိုအရေးကြီး ပါတယ်။ ဖျက်နေကြတဲ့သူတွေရဲ့ လုပ်ဆောင် ချက်ကိုကြည့်ရင် တိုင်းပြည်အတွက် ခိုင်မာတဲ့ လောက်လောက်လားလား အစီအစဉ် ဘာမှမရှိဘူး။ ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်၊ တိကျရေရာတဲ့အချိန် သတ်မှတ်ချက်၊ ဖက်ဒရယ်အတွက် တိုင်းရင်းသား အဖွဲ့တွေရဲ့ သဘောတူညီချက် ဘာတစ်ခုမှ မရှိတဲ့အပေါ် ဘာကိုဘယ်လို ယုံကြည်လို့ရမှာလဲ၊ ဘယ်လို ထောက်ခံအားပေးရမှာလဲဆိုတာ စဉ်းစားကြဖို့လိုပါတယ်။ 
    ထွန်းအောင်ကျော်ရဲ့ အပြောမှာ ဘာတစ်ခု သတိထားမိသလဲဆိုတော့ ]တော်လှန်ရေးကို ဆက်လုပ်ရမယ်။ တော်လှန်ရေးကတစ်ဆင့် အင်အားတွေခိုင်မာလာတဲ့အခါ တပ်မတော်ကို ဖိအားပေးပြီး ညှိနှိုင်းဆွေးနွေးနိုင်မယ်' ဆိုတဲ့သဘောမျိုး ပြောသွားတာ တွေ့ရတယ်။ ဒီအပြောက ABSDF တစ်ခုတည်းရဲ့ ယူဆချက်မဟုတ်ဘဲ လက်ရှိနွေဦးတော်လှန်ရေးလုပ်နေကြတဲ့သူတွေရဲ့ ရှုမြင်ချက်လို့ မြင်တယ်။ ဒီအပြောကို ကြည့်ခြင်းအားဖြင့် တော်လှန်ရေး အောင်မြင်လာစရာမရှိဘူးဆိုတာ သူတို့ အမြင်မှာကိုက ရှိပြီးသား ဖြစ်တယ်ဆိုတာ ရှင်းတယ်။ ဒါဆို သူတို့ ဘာလုပ်နေကြတာလဲ။ တိုင်းပြည်အတွက်၊ ပြည်သူ့ အတွက် လုပ်နေတယ်ဆိုတာ ဟုတ်ပါ့မလား။ စစ်အာဏာရှင်စနစ်ဆိုတဲ့အမြင် သူတို့မှာ တကယ်ရှိပြီး စစ်အာဏာရှင်စနစ် ပပျောက်ရေး ဆောင်ရွက်နေတယ်ဆိုတာ ဟုတ်ပါ့မလား။ ခေတ်အဆက်ဆက်က အခြေအနေနဲ့ လက်ရှိ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကြည့်ရင် စစ်အာဏာရှင် စနစ်မဖြစ်ခဲ့တာ၊ မဟုတ်ခဲ့ တာ ရှင်းတယ်။ လစ်ဘရယ်ထက် အမျိုးသားရေးကို ပိုအားကောင်းစွာ ဆောင်ရွက်ခဲ့ကြတာပဲ ရှိတယ်။ ခေတ်စနစ်အခြေအနေအရ ပြည်တွင်းပြည်ပအရေးကို ချိန်ဆခဲ့ကြတာက ပိုပါလိမ့်မယ်။ အရေးကြီးတာက အကျိုးမရှိ လက်တွေ့မကျတဲ့ ထင်မြင်ယူဆချက်တွေ အပေါ်မှာ တွေဝေမနေကြဘဲ လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲရေးမှာကိုယ်တိုင် ပါဝင်ကြဖို့သာ လိုပါတယ်။ (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 23

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58925

© 2022 - 2025 News. All Rights Reserved.