ရွေးကောက်ပွဲအခင်းအကျင်းနဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေရဲ့ သဘောထားအမြင်

၂၀၂၅ ၊ ဒီဇင်ဘာ ၁၂

နန်းကြည်ဖြူသန်း (ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်လောင်း 


    ရွေးကောက်ပွဲဝင်ရတာက ကရင်ပြည်နယ်အတွက် ကရင်ပြည်နယ်မှာရှိတဲ့ ဒေသခံပြည်သူလူထုတွေအတွက် အလုပ်လုပ်ပေးလိုတဲ့ ဆန္ဒနဲ့ပါ။ ဖာပွန်ကိုယ်စားလှယ်လောင်းဖြစ်တဲ့အတွက် အနိုင်ရခဲ့မယ်ဆိုရင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးဖို့ မျှော်မှန်းထားပါတယ်။ ဖာပွန်ဒေသခံတွေရဲ့ လိုအပ်ချက်တွေ၊ ဖာပွန်ဒေသရဲ့ ကွက် လပ်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့လည်း အသင့်ရှိနေမှာပါ။ ဒါတွေကတော့‌ ဒေသအကျိုး၊ ပြည်နယ်အကျိုးကို စိတ် ရင်းစေတနာအမှန်နဲ့ ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒအပြည့် ရှိပါတယ်။ ပါတီရဲ့မူဝါဒထဲမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ကျွန်မတို့က အဓိကကတော့ ဖက်ဒရယ်လိုလားပါတယ်။ ကရင်ပြည်နယ်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရအောင် လွှတ်တော်ကနေ အကောင်းဆုံး ဆောင်ရွက်ပေးချင်ပါတယ်။ အခုကျင်းပမယ့် ရွေးကောက်ပွဲက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်တာရယ်၊ နိုင်ငံ့အပြောင်း အလဲအတွက် ဆောင်ရွက်တာဖြစ်တဲ့အတွက် အခုလက်ရှိ အခြေအနေတွေထက် ပိုပြီး ကောင်းမွန်လာ ပြီးတော့ အရွေ့တစ်ခု ဖြစ်မယ်၊ အပြောင်းအလဲ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
    ပြီးတော့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတစ်ဦးတစ်ယောက်ချင်းကနေပြီးတော့ မိမိတို့ရွေးချယ်မဲပေးလိုက်တဲ့ ကိုယ်စားလှယ်တွေကနေတစ် ဆင့်ပေါ့။ ဥပမာ ကျွန်မကို ရွေးချယ်ခဲ့မယ်၊ ကျွန်မ အနိုင်ရခဲ့မယ်ဆိုရင် ပြည်ထောင်စုအဆင့်အထိ တင်ပြလို့ရမယ့် အခွင့်အရေးတွေ ရရှိသွားမယ်။ ၂၀၂၅ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးတဲ့ သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးကလည်း ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမယ်လို့ ယုံကြည်တယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲကြီး အောင်မြင်သွားရင် ယခုလက်ရှိအခြေ အနေထက် ပိုမိုကောင်းမွန်လာမယ်။ တိုင်းပြည် ကောင်းဖို့အတွက် ရွေးကောက်ပွဲ ကျင်းပပေးနေတာဖြစ်တဲ့အတွက် နိုင်ငံသားတိုင်းက တစ်ဦးတစ် ယောက်မကျန် မဖြစ်မနေ မဲပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီအချိန်ဟာ မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒကို ဖော်ထုတ်ရမယ့်အချိန် ဖြစ်ပါတယ်။
    ဒါကြောင့် ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ ပြည်သူတွေအနေနဲ့ မဲပေးသင့်တယ်။ ကိုယ်ကြိုက်တဲ့ပါတီ၊ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးတဲ့အခါ အဲဒီကိုယ်စား လှယ်လောင်းက အနိုင်ရသွားမယ်။ လွှတ်တော်ထဲရောက်သွားမယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေရဲ့ အခက် အခဲ၊ လိုလားချက်တွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးသွားနိုင်မယ်။ ဒေသခံပြည်သူတွေရဲ့ အကျိုးကို  အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှာပဲ ဖြစ်တယ်။ အမှန်တော့ ပြည်သူပြည်သား မဲဆန္ဒရှင်‌တွေရဲ့ လိုအပ်ချက်တွေဆိုတာ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ လိုလားချက်ပါပဲ။ ကျွန်မတို့က မိဘဆိုရင် မဲဆန္ဒရှင်တွေက သားသမီးသဘောမျိုးပါ။ အခုဆိုလို့ရှိရင် နိုင်ငံအစိုးရ၊ သမ္မတ၊ နိုင်ငံတော်အကြီး အကဲတွေဆိုတာလည်း ကျွန်မတို့ရဲ့ မိဘတွေပဲလေ။ မိဘတိုင်းက သားသမီးကိုချစ်တယ်။ သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အနာဂတ်လှပကောင်းစားရေးကို လိုလားကြပါတယ်။ တကယ်လို့ ကျွန်မတို့သာ မိဘအရာ ရောက်မယ်ဆိုရင် ကိုယ့်ရဲ့သားသမီးတွေကို အပြည့်အ၀ ချစ်မယ်။ သားသမီးတွေအကျိုးကို အပြည့်အ၀ ဆောင် ရွက်ပေးသွားမှာပါ။ အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးသွားမှာပါ။

 

ဒေါ်ဖြိုးဝေသိမ့် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)
တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း

    အခုရွေးကောက်ပွဲက  ပါတီစုံဒီမိုကရေစီဖြစ် တယ်။ ပါတီစုံကနေပြီး အမျိုးသားရော၊ အမျိုးသမီးရော အကုန်လုံး လွှတ်တော်ထဲကို ရောက်ဖို့လိုတယ်၊ ရောက်သင့်ပါတယ်။ ဒီအမျိုးသမီးတွေဟာ လွှတ်တော်ထဲရောက်ရင် ကိုယ်တတ်နိုင်တာတွေကို အစွမ်းကုန် လုပ်ကြမှာပါ။ အမျိုးသမီးဆိုတာအများစုက ရပ်ကွက်တွေထဲမှာ နေကြတာ။ အမှိုက်ကစ  ပြာသာဒ်မီးလောင်ဆိုတဲ့ စကားပုံတစ် ခုရှိပါတယ်။ ကျွန်မတို့က အမှိုက်တွေကို ရှင်းမှာ။ အောက်ခြေကနေ တက်မယ့်သဘောပေါ့။ ရပ်ကွက်ထဲမှာရှိတဲ့ အသေးအဖွဲလေးတွေကို ကျွန်မတို့က ဖြေရှင်းလိုက်မယ်။ အိမ်ထောင်တစ်ခုမှာ အမျိုးသားက ပိုက်ဆံရှာမယ်၊ အမျိုးသမီးကကျတော့ စားဖို့သောက်ဖို့၊ ပညာရေး၊ ကျန်းမာရေးတွေကို စီမံခန့်ခွဲရတာပဲ။ ကိုယ့်အိမ်မှာ စီမံခန့် ခွဲနိုင်ရင် ရပ်ကွက်မှာလည်း စီမံခန့်ခွဲနိုင်ရမယ်၊ ကူညီပေးနိုင်ရမယ်။ ရက်ကွပ်မှာ စီမံခန့်ခွဲနိုင်ရင် မြို့နယ်၊ မြို့နယ်မှာ စီမံခန့်ခွဲနိုင်ရင် တိုင်းအထိလုပ်မယ်။ အဲဒီကနေ အဆင့်ဆင့်ပေါ့ အောက်ခြေကနေ တိုင်းပြည် ကောင်းကျိုးအတွက် ဆောင်ရွက်သွားမယ်။ ပြောရရင် ယောကျ်ားလေး လွှတ်တော်ကိုယ်စားလှယ်‌တွေ ဂရုမစိုက်မိတဲ့ အသေးအဖွဲကစပြီး ကျွန်မတို့က ဆောင်ရွက်ပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ 
    ပြီးတော့ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကလည်း ရွေးကောက်ပွဲ အောင်မြင်အောင် စနစ်တကျ ပြင်ဆင်ဆောင် ရွက်နေတယ်။ ရွေးကောက်ပွဲအောင်မြင်ဖို့ကို အခက်အခဲအ ကျပ်အတည်းတွေကြားထဲက‌နေ အချိတ်အဆက်မိမိလေးနဲ့ စီမံဆောင်ရွက်သွားနေတယ်လို့ မြင်တယ်။ ပြီးရင် ရွေးကောက်ပွဲကို တစ်ကြိမ်တည်းမဟုတ်ဘူး။ First, Second အဲဒီလို အပိုင်းလေးတွေနဲ့ လုပ်ဖို့ ခင်းကျင်းထားတဲ့အတွက် အခုလာမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကြီးဟာ အောင် အောင်မြင်မြင်နဲ့ ပြီးသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒီကာလကြီးမှာ ဥပဒေအသစ်လေးတွေ ထုတ်တယ်။ စနစ်တကျ စီမံဆောင်ရွက်သွားနိုင်တယ်ဆိုတာက ကောင်းတဲ့ဘက်ကို ဦးတည်နေတာပဲလေ။ အမှန်တကယ်ဆိုရင် ဒီကာလကြီးမှာ စိန်ခေါ်မှုအခက်အခဲတွေ အများကြီးရှိပါတယ်။ ရှိတဲ့ ကြားထဲကနေ လုပ်လို့ရတဲ့နေရာလေးတွေမှာ အပိုင်းလိုက်လုပ်မယ်။ မဲစာရင်းကိုလည်း ပထမအကြိမ်၊ ဒုတိယအကြိမ်နဲ့ ရက် ထပ်ပြီး တိုးမြှင့်ကြေညာပေးပြီးတော့ ပြည်သူတွေ မဲပေးခွင့်မဆုံးရှုံးဖို့၊ မဲစာရင်းမှာ အမည်ပါမပါ၊ ပြင်ဆင်တာ၊ ဖြည့်စွက်တာတွေလုပ်နိုင်ဖို့ ဆောင်ရွက်ပေးခဲ့တယ်။ ဒါကြောင့်လည်း အောင်မြင်တဲ့ ရွေးကောက် ပွဲကြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
    အခုဆိုလိုရှိရင် ပိတ်ဆို့မှုတွေကလည်းများတယ်။ မြန်မာနိုင်ငံက ဒီလိုအခြေအနေတွေကြောင့် ဒီမိုကရေစီမရှိတဲ့ နိုင်ငံဆိုပြီး နိုင်ငံတချို့က ပြောကြဆိုကြတာ တွေရှိတယ်။ မြင်ကြတာပေါ့။ အဲဒီတော့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးဟာ အောင်မြင်သွားပြီဆိုရင် တိုင်းပြည်ရဲ့ အပြောင်းအလဲဟာ တကယ်ရှိလာ လိမ့်မယ်လို့ ကျွန်မအနေနဲ့ယုံကြည်ပါတယ်။ ပိတ်ဆို့ထား တာတွေလည်း လျော့ကျ သွားမယ်။ အပြောင်းအလဲဆို တဲ့နေရာမှာလည်း ပါတီစုံဖြစ်တဲ့အတွက် လွှတ်တော်မှာ ဒေသနယ်မြေ အသီးသီးက ပုဂ္ဂိုလ်တွေ အလွှာစုံပါလာမယ်။ အမျိုးသမီးတွေပါတယ်။ အဲဒီအမျိုးသမီးတွေဆိုတာလည်း နေရာအသီးသီး၊ မြို့နယ်အသီးသီးက အရွေးခံကြတာ။ တိုင်းနဲ့ပြည်နယ်အသီးသီးက ပါဝင်လာကြတာ ဖြစ်တယ်။
    အဲဒီအခါကျတော့ အဲဒီပါတီစုံဒီမိုကရေစီမှာမှ နေရာအသီးသီးကနေ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေ လွှတ်တော်အသီးသီးရခဲ့ပြီဆိုရင် ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ပြည်သူတွေရဲ့ အသံတွေကို လွှတ်တော်မှာ တင်ပြပေးနိုင်မယ်။ ပြည်သူတွေရဲ့အသံ လွှတ်တော်ထဲရောက်လာအောင် ကိုယ်စားလှယ်တွေက ဆောင်ရွက်ပေးနိုင်မယ်။ ဒီလို ပါတီစုံဒီမိုကရေစီစနစ် ဖြစ်လာတယ်ဆိုတာကလည်း ဒါတွေက ကောင်းဖို့ပဲဖြစ်လာတာ၊ အပြောင်းအလဲအတွက်ပဲ ဖြစ်လာမှာပါ။ မကောင်းစရာလည်း ဘာအကြောင်းမှမရှိဘူး။ စီးပွားရေးကောင်းမယ်၊ လူမှုရေးကောင်းမယ် ဒါမျိုးဖြစ်လာမှာမို့ မဲတစ်မဲဟာ တစ်မဲဆိုတစ်မဲ အရေးကြီးပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ကတော့ နိုင်ငံသားအခွင့် အရေး မဆုံးရှုံးဖို့ကတော့ မဲပေးသင့်ပါတယ်။ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသမှာ အရွေးချယ်ခံမယ့် ကိုယ်စား လှယ်လောင်းတွေကို ကိုယ်ကိုယ်တိုင် တိတိကျကျ ရွေးချယ်ပြီး‌တော့ မဲပေးသင့်ပါတယ်၊ မဲပေးကြပါ။


ဒေါ်တင်မမမောင် (တစ်သီးပုဂ္ဂလ)
ရှမ်းပြည်နယ်လွှတ်တော် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း၊ တောင်ကြီးမဲဆန္ဒနယ် 


    နိုင်ငံတော်အစိုးရက ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့ စပြီး အသိပေးပြောကြားသံကြားလိုက်ကတည်းက မိတ်ဆွေတွေကလည်း ရွေး‌ကောက်ပွဲဝင်ဖို့ တိုက်တွန်းကြတယ်။ တခြား ပါတီတွေကလည်း ကမ်းလှမ်းလာတာရှိတယ်။ ကျွန်မက ရှေ့နေတစ်ဦးဖြစ်တယ်။ ရှေ့နေလုပ်ငန်းကို ဆောင်ရွက်နေတာဖြစ်တော့ ပြည်သူ့အကျိုးကို ကိုယ်တိုင်လုပ်ဆောင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ အဲဒီလို ယုံကြည်ချက်တွေနဲ့ ကျွန်မသာ အရွေးချယ်ခံခဲ့ရမယ်ဆိုရင် ပြည် သူ့အကျိုးကို ဥပဒေပညာနဲ့ရော၊ အတွေ့အကြုံအရ ကြုံတွေ့ခဲ့တဲ့ ပညာရပ်တွေနဲ့ရော ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီယုံကြည်ချက်တွေနဲ့ တစ်သီးပုဂ္ဂလ ဝင်ရောက်ခဲ့တာပါ။ လွှတ်‌တော်ထဲရောက်ခဲ့လို့ရှိရင် တခြား‌သော လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကိုလည်း မဆန့်ကျင်စေဘဲနဲ့ ပြည်သူတွေရဲ့ တကယ့်လိုအင်ဆန္ဒတွေကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။
    ရွေးကောက်ပွဲအခင်းအကျင်းကတော့ ကျွန်မတို့နိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲကိစ္စပြဿနာဖြစ်ပြီး တပ်မတော်က အာဏာအရပ်ရပ်ကို ထိန်းခဲ့ရတယ်။ တပ်မတော်ရဲ့ မူလရည်ရွယ်ချက်ကလည်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ပေါ့။ တပ်မတော်အနေနဲ့က ရွေး‌ကောက်ပွဲ ပြန်လည်ကျင်းပဖို့ ဆောင် ရွက်တဲ့နေရာမှာ တိုင်းပြည်အေးချမ်းသာယာမှုရှိအောင် တတ်နိုင်သလောက် ထိန်းသိမ်းပြီးတော့ လုပ်ဆောင်တယ်။ ငြိမ်းချမ်းရေးကို လုပ်ဆောင်ခဲ့တယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ဖို့အတွက် တင်ပေးတယ်။ အဲဒီတော့ အခု ရွေးကောက်ပွဲ အခင်းအကျင်းကြီးမှာ ဆိုလို့ရှိရင် ကျင်းပနိုင်တဲ့ ဒေသတွေ ရှိတယ်၊ မကျင်းပနိုင်တဲ့ ဒေသ‌တွေလည်း ရှိတယ်။ တစ်ဖက်မှာလည်း ရွေးကောက်ပွဲကို ဆန့်ကျင်နေတဲ့ သူတချို့ ရှိတယ်။ ပြောရရင် အခု ရွေးကောက်ပွဲ အခင်းအကျင်းကို ကိုယ်က ဆန့်ကျင်လေ၊ ကိုယ်လိုချင်တဲ့ ဒီမိုကရေစီကို ရောက်ဖို့ခက်ခဲလေပါပဲ။ အဲဒီတော့ ဒီအခင်းအကျင်းကို နိုင်ငံတော်အစိုးရက ပြည့်စုံအောင် လုပ်ပေးနေတာ တွေ့ရပါတယ်။ ဒေသခံ ပါတီကိုယ်စားလှယ်လောင်းတွေအတွက်ရော၊ ပါတီတွေ အတွက်ရော၊ ပါတီတွေ စိစစ်ရွေးချယ်တဲ့ နေရာတွေ မှာရောပေါ့။ အခုဆိုလို့ရှိရင် မဲန္ဒရှင်ပြည်သူတွေကို စနစ်တကျ မဲပေးနိုင်အောင် ကွင်းဆင်း ဆောင်ရွက် နေတာလည်း တွေ့ရပါတယ်။
    လက်ရှိမှာဆိုရင်လည်း ရပ်ကွက်တွေထဲမှာ ဌာနဆိုင်ရာတွေက ရွေးကောက်ပွဲကြီး စနစ်တကျနဲ့ အောင်မြင်စွာ ပြီးမြောက်ဖို့ လုပ်ဆောင်ပေးနေတာ၊ မဲစာရင်းမှာ ကျန်ခဲ့တဲ့ပြည်သူတွေရဲ့ အမည်စာရင်း တွေကိုလည်း စနစ်တကျ ပြန်လည်ဖြည့်သွင်းပေးနေတာ တွေ့ရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အခင်း အကျင်းကို အားရကျေနပ်မိပါတယ်။ ရွေးကောက်ပွဲအလွန် အလားအလာကတော့ ပြည်သူတွေရဲ့ ရွေးချယ်မှုပေါ့။ ဒီမိုကရေ စီနိုင်ငံတော်ကြီးကို လိုချင်တယ်ဆိုရင် ရွေးကောက်ပွဲမှာ ပါဝင်မဲပေးမှာဖြစ်မယ်။ ကျွန်မတို့တိုင်းပြည်မှာ မှီတင်း နေထိုင်နေကြတဲ့ တိုင်းရင်း သားအားလုံးက ရွေးကောက် ပွဲအလွန်ကာလမှာ အစိုးရကောင်းတစ်ရပ်ကို ရချင်တယ်ဆိုရင် ကိုယ်တိုင် မဲပေးရွေးချယ်ပေးဖို့လိုမယ်။ ပြည်သူလူ ထုရွေး ချယ်မှုမမှားဘူးဆိုရင် အစိုးရကောင်းရမှာ ကျိန်းသေပါပဲ။ အဲဒီအတွက် မဲပေးရွေးချယ်ရမယ်။ ပြည်သူလူထုက မှန်မှန်ကန်ကန်‌ ရွေးချယ်မယ်၊ ရွေးချယ်မှု မှန်ကန်တယ်ဆိုရင် ကောင်းမွန်တဲ့ အစိုးရတစ်ရပ် ထွက်ပေါ်လာမှာပါ။ အပြောင်းအလဲအနေနဲ့ကတော့ ပြည်သူလူထုအနေနဲ့ အများကြီး မမျှော်လင့်ဘူး ဆိုရင်တောင်မှ ၂၀၁၀ အချိန်ကာလကို ပြန်သွားကြည့်လိုက်ပါ။ 
    အဲဒီတုန်းက ၂၀၁၀ ရွေးကောက်ပွဲကနေရခဲ့တဲ့ရလဒ်၊ ဦးသိန်းစိန်အစိုးရ ပေါ်ပေါက်ခဲ့ပြီး အဲဒီကနေ ပြောင်းလဲလာတဲ့ အပြောင်းအလဲ၊ တိုးတက်မှုတွေပေါ့၊ ပြည်သူတွေအနေနဲ့ ဒါလေးတွေ မြင်မှာပါ။ ပြည်သူလူထုက ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ချင်တယ်။ ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်တယ်‌ဆိုရင် ရွေးကောက်ပွဲမှာ ပါဝင်ဖို့လိုပါတယ်။ မဲပေးတယ်ဆိုတာ နိုင်ငံသားအခွင့်အရေး၊ မဲပေးရွေးချယ်ပါမှ ကိုယ်က ဒီနိုင်ငံသားအခွင့် အရေးကိုရမှာ။ ဒီအချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေဟာ အစိုးရတစ်ရပ်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရနေတာ။ အထက်ကခန့်ပေးတဲ့ အစိုးရမဟုတ်ဘူး။ ငါတို့ကိုယ်တိုင် ရွေးချယ်ရတဲ့ အစိုးရ၊ ဒီအခွင့်အရေး သူတို့မှာရှိနေတာ။ ဒီအခွင့်အရေးကို လက်ဆုပ်လက်ကိုင် ထားသင့်ပါတယ်။ ကိုယ်က မဲမပေးရင် ကိုယ့်အခွင့်အရေး ဆုံးရှုံးမယ်။ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲကြီးမှာ ကိုယ့်ရဲ့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့အတွက် မဲပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 55

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58925

© 2022 - 2025 News. All Rights Reserved.